Wednesday, December 24, 2008

အနာဂတ်ပါတီနိုင်ငံရေးအတွက် အတိတ်က အကွဲအပြဲသင်ခန်းစာ

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီနစ်ဆီသို့ (၇)
အနာဂတ်ပါတီနိုင်ငံရေးအတွက် အတိတ်က အကွဲအပြဲသင်ခန်းစာ
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ ခုနှစ် သြဂုတ်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

ကျနော်တို့နိုင်ငံအနေနဲ့ ဖြစ်ထွန်းစ ပါလီမန်ဒီမိုကရေစီစနစ် ပျက်သုဉ်းပြီး စစ်အာဏာရှင်စနစ်ဆိုးအောက်ကို (အခုအချိန် အထိဆိုရင် ၄၅ နှစ်ကျော်ပါပြီ) ရောက်ရှိခဲ့ရတဲ့ ဖြစ်စဉ်မှာ အကွဲအပြဲ ဇာတ်လမ်းတွေဟာ အဓိက ကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို အထင်းသားတွေ့ရမှာ ဖြစ်ပါတယ်။ ‘ကျနော်တို့နိုင်ငံသားတွေကိုက ကွဲရပြဲရမှ နေသာထိုင်သာ ရှိသလားတော့ မသိ’ လို့ ငေါ့ရမလောက်အောင်ကို အကွဲအပြဲ ဇာတ်လမ်းတွေက များပြားခဲ့ပါတယ်။ ကွဲတာပြဲတာမှ ဖက်ဆစ်ဂျပန်တော်လှန်ရေးတုန်းက ညီညီညွတ်ညွတ် တိုက်ခဲ့ကြသူတွေလို့ မထင်ရလောက်အောင်ကို ကြောက်ခမန်းလိလိ ကွဲခဲ့ပြဲခဲ့ကြတာပါ။ မြန်မာပြည်ကြီးကို ချစ်လှပါချည်ရဲ့၊ မြန်မာ ပြည်သူတွေကောင်းစားအောင် လုပ်ပေးချင်လှပါချည်ရဲ့ဆိုတဲ့ ခေါင်းဆောင်တွေအချင်းချင်း တယောက်မျက် နှာတယောက် မကြည့်ချင်လောက်အောင်ကို ကွဲခဲ့ပြဲခဲ့ကြတာပါ။

အဲသလို နိုင်ငံရေးအင်အားစုတွေရဲ့ အကွဲအပြဲတွေကို အခွင့်ကောင်းယူပြီး နိုင်ငံ့အာဏာကို ကြားကငထွားတွေ (လက်နက်အားကိုးနဲ့ အချောင်အာဏာလိုချင်တဲ့ စစ်ဗိုလ်တွေ) က လုယူသွားခဲ့တာပါ။ စစ်တပ်တတပ်လုံး လည်း အဲဒီငထွားမျိုးဆက်တွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာကို တလျှောက်လုံး ခံလိုက်ရပြီး ပြည် သူ့တပ်မတော်ကနေ ချဉ်ဖတ်တပ်မတော် ဖြစ်ခဲ့ရလေရဲ့။ ပြည်သူလူထုတရပ်လုံးလည်း နိုင်ငံရေးမြေဇာပင်အ ဖြစ် ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ရပြီး အခုအချိန်အထိ လူစဉ်မမီ အောက်ကျနောက်ကျ ဖြစ်ခဲ့ကြလေရဲ့။ ကြုံခဲ့ရ တဲ့ ဖြစ်စဉ်ကြီးဟာ အကြီးအကျယ် သံဝေဂရ၊ သင်ခန်းစာယူစရာကြီးပါ။

၁၉၇၆ ခုနှစ်ထုတ် သခင်ချစ်မောင်(မြန်အောင်)ရဲ့ ‘နိုင်ငံရေးသံသရာ’ စာအုပ်မှာပါတဲ့ စာအုပ်စီစဉ်သူ မြောင်း မြဘဆွေရဲ့ အစီရင်ခံစာကို ဖတ်ကြည့်ရင် ပါလီမန်ခေတ်က နိုင်ငံရေးပါတီတွေ ကွဲခဲ့ပြဲခဲ့ကြပုံကို ကြေကွဲဖွယ် တွေ့မြင်ရမှာဖြစ်ပါတယ်။ သခင်ချစ်မောင်(မြန်အောင်)နဲ့ မြောင်းမြဘဆွေတို့ နှစ်ဦးစလုံးဟာ တည်မြဲဖဆပလ (ဆိုရှယ်လစ်)တွေဖြစ်ပြီး နိုင်ငံရေးဆရာတပည့် ဖြစ်ခဲ့ကြသူတွေပါ။ မြောင်းမြဘဆွေက ဗိုလ်နေ၀င်းဦးဆောင် တဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဖဆပလဆိုရှယ်လစ်တွေ အမုန်းခံကြရတယ်လို့ ၀န်ခံရေးသားခဲ့ပြီး ပါတီ တွေ ကွဲခဲ့ပြဲခဲ့ကြတဲ့အပေါ် …

“သို့သော် အကုသိုလ်ဝင်သလားတော့ မပြောတတ်။ တာဝန်ရှိ နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အမြော်အမြင် အားနည်းမှုကြောင့် ကျနော်တို့တတွေ ကွဲကြသည်။ ဝေးကြသည်။ ဆွေးကြရပါသည်။ အတိတ်က ဆိုရှယ်လစ် နှင့် ကွန်မြူနစ် ကွဲခဲ့တာတွေ၊ ဖဆပလနှင့် ကွန်မြူနစ် ကွဲခဲ့တာတွေ၊ ဖဆပလနှင့် ပြည်သူ့ရဲဘော် ကွဲခဲ့တာတွေ၊ ဖဆပလနှင့် ဆိုရှယ်နီ ကွဲခဲ့တာတွေ … … ယင်းအကြောင်းတရား၏ အကျိုးဆက်တွေကို မြင်သိတွေ့ထိ နေကြ ရပါလျက် နောင်တမရကြဘဲ ထပ်လောင်း၍ လက်ကျန်ဖဆပလကြီး ထက်ခြမ်းကွဲကြရပြန်ပါသည်။ ကျနော် ရင့်နင်အောင် ငိုကြွေးခဲ့ရပါပြီကော …။ ဦးနုနှင့် သခင်တင်က တဖက်၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းက တဖက်။ အချင်းချင်းမှ ဖဆပလနှင့် ပထစဟူ၍ ဖြစ်သွားကြ။ တခုမှ နှစ်ခုဖြစ်လာရ” လို့ သူ့အမြင်ကို ကြေကြေကွဲကွဲ ရေးပြခဲ့ပါတယ်။

အဲဒီစာအုပ်ထဲမှာပဲ သခင်ချစ်မောင်(မြန်အောင်)ကလည်း ပါလီမန်ခေတ်က နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအချင်းချင်း အပြန်အလှန် ပုတ်ခတ်တိုက်ခိုက်ရင်း ကွဲခဲ့ပြဲခဲ့ကြပုံကို …

“နိုင်ငံထူထောင်ရေးတွင် အားကိုးအားထားပြုရမည့် နိုင်ငံရေးပါတီများကို ရှုလော့။ ဘယ်အချိန်ကမှ တပါတီနှင့် တပါတီ အပေးအယူမျှတမှုမရှိခဲ့။ တပါတီနှင့် တပါတီ ပုဂ္ဂိုလ်ရေးများကိုသာ အဓိကထား၍ ၀ါဒလမ်းစဉ် ရည် ရွယ်ချက်များကို ကလော်ကလန့်ကြသည်က များပေသည်။ တပါတီနှင့် တပါတီ ကလော်ကလန့်မှုများ မရှိလျှင် လည်း တပါတီတွင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ကလော်ကလန့် ဆန့်ကျင်ရေးတိုက်ပွဲ ဆက်ကြပြန်ပါသည်။ အစွန်းအ ငြိမရှိ နှစ်ပေါင်းနှစ်ဆယ်ကျော် ခံနိုင်ရည်ရှိသော နိုင်ငံရေးပါတီကို ရာဇ၀င်အရ ညွှန်ပြစရာ မရှိခဲ့ပါ။

အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ၊ ရွေးကောက်ပွဲတွင်အနိုင်ရရှိ၍ဖြစ်စေ ဖွဲ့ခဲ့ရသော အစိုးရအဖွဲ့ဝင်များသည် လည်း အတိုက်အခံတို့၏ တိုက်ပွဲကြောင့်၎င်း၊ အစိုးရအဖွဲ့ဝင်အချင်းချင်းတို့၏ တိုက်ပွဲကြောင့်၎င်း၊ အငေါ့အ ထစ်အဖုအပိန် အကန်အကျောက်အမျိုးမျိုးတို့ကို ခံရကာ တနည်းမဟုတ်တနည်း နာမည်ပျက် ကျဆုံးရသည် များသာ တွေ့ရှိခဲ့ရပေမည်”လို့ ပြန်ပြောင်း ရေးပြခဲ့ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းဖြစ်တဲ့ ဗိုလ်မှူးချုပ်ကျော်ဇောကလည်း သူ့ရဲ့ကိုယ်ရေးအ တ္ထုပ္ပတ္တိစာအုပ်မှာ ပါလီမန်ခေတ်က အမျိုးသားညီညွတ်ရေး ပြိုကွဲခဲ့ရပုံကို …

“ထိုစဉ်က ဗမာ့နိုင်ငံရေးဇာတ်ခုံပေါ်တွင် ရောက်ရှိနေသည့် ဗမာ့နိုင်ငံရေးခေါင်းဆောင် အားလုံးမှာလည်း အ သက်အရွယ် ငယ်ရွယ်နုနယ်ခဲ့ကြပြီး၊ စိတ်ဓာတ်မာန်မာနတွေကလည်း အပြိုင်အဆိုင် ကြီးမားနေခဲ့ကြပါသည်။ နယ်ချဲ့သမား၏ ပရိယာယ်ေ၀၀ုစ်ကိုလည်း မမြင်နိုင်ခဲ့ကြပါ။ ထို့ကြောင့်ပင် အမျိုးသားညီညွတ်ရေးမှာ ပြိုကွဲ သွားရခြင်းဖြစ်ပါသည်။ အမျိုးသားညီညွတ်ရေးပြိုကွဲလျှင် အမျိုးသားစီးပွားရေးကို လွတ်လွတ်လပ်လပ် တည် ဆောက်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်းသိပြီး အမျိုးသားညီညွတ်ရေးကိုလည်း မပြိုကွဲအောင် ထိန်း သိမ်းနိုင်သည့် အမျိုးသားခေါင်းဆောင်အများစုမှာလည်း ထိုအချိန်က လုပ်ကြံခံလိုက်ရပြီး ဖြစ်ပေသည်။ ထိုသို့ နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးကြီးပြိုကွဲပြီး ပြည်တွင်းစစ်ကြီး ဖြစ်ပေါ်လာသည့်အခါ ကျန်အကျပ်အ တည်းပေါင်းစုံလည်း ကျရောက်လာပြီး …” လို့ သုံးသပ်ရေးသားခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပရိယာယ်မကြွယ်မှု၊ စိတ်ကူးယဉ်ဆန်မှုနဲ့ မာန်မာနတွေကို ရှေ့တန်း တင်ခဲ့မှုတွေကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရတယ်လို့ ၀န်ကြီးချုပ် ဦးနုမိန့်ခွန်းကို ကိုးကားရေးသားပြီး စစ်ရပ်စဲဖို့ တိုက်တွန်းခဲ့ပုံကိုတော့ “ပြည်တွင်းစစ်ဖြစ်ရခြင်းအပေါ် နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ တာဝန်ရှိကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များအနေနဲ့ စစ်နဲ့ပတ်သက်၍ ထင်မြင်ယူဆပုံ ပေါ့ဆမှားယွင်းခြင်း အကြောင်းရင်းမှာ ဗမာပြည်လွတ်လပ်ရေးရကာစ အတွေ့အကြုံ၊ ဗဟုသုတနည်းပါးမှုကြောင့်လည်းကောင်း၊ စိတ်ကူးဆန္ဒတွေကို လည်းကောင်း၊ ဒေါသ-မောဟများကို ရှေ့ထားမိသောကြောင့်လည်းကောင်း မှားခဲ့ကြပုံ၊ ဘယ်သူကြောင့်၊ ဘယ်ဝါ့ကြောင့်ဟု ဆက်လက်အငြင်းမပွားသင့်တော့ဘဲ အမှားဝန်ခံရုံမကဘဲ၊ အမှားကို ရဲရဲဝံ့ဝံ့ ပြင်ကြရန်” လို့ ရေးသားခဲ့တာကို ဖတ်ရှုခဲ့ရပါတယ်။

အဲသလို သခင်ချစ်မောင်(မြန်အောင်)၊ မြောင်းမြဘဆွေနဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောတို့ရဲ့ ပြန်လှန်သုံးသပ် ချက်တွေကို ဖတ်ရှုရတဲ့အခါကျတော့ လာလတ္တံ့သော ပါတီနိုင်ငံရေးကာလအတွက် ဆင်ခြင်စရာတွေ တပုံတ ပင်ကြီး တွေ့လိုက်ရပါတယ်။ ဖတ်ရှုနေရင်း လွတ်မြောက်နယ်မြေကို ရောက်ကာစ ညတညကို သွားသတိရမိပါ တယ်။ အဲဒီညက ဒီမိုကရေစီတိုက်ပွဲဝင် ရဲဘော်တွေအချင်းချင်း ပြောကြဆိုကြ ငြင်းကြခုန်ကြရင်းနဲ့ ‘ငါက ထောင်ဘယ်နှစ်နှစ်ကျခဲ့တာ’၊ ‘ကျုပ်ကလည်း တောခိုခဲ့တာ ဘယ်နှစ်နှစ်ရှိပြီ’ ဆိုတဲ့ တဦးချင်း ပေးဆပ်ခဲ့မှုတွေ ကို ထုတ်ဖော်တိုင်းတာနေကြတာ ကြားရတော့ အနာဂတ်ပါတီနိုင်ငံရေးကာလအတွက် ကျနော်စိတ်ပူသွားမိပါ တယ်။ ကျနော်တို့တတွေလည်း အနာဂတ်ပါတီနိုင်ငံရေးကာလမှာ ရှေ့ကလူတွေ မှားခဲ့ကြသလို ထပ်မှားကြမှာ ကို စိုးရိမ်မိတာပါ။ ကိုယ့်လိုမပေးဆပ်ခဲ့တဲ့ လူတွေအပေါ် သဘောထားမကြီးနိုင်ဘဲ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ လုပ်လာမှာ၊ ပေးဆပ်ခဲ့တဲ့အပေါ် ပြန်လည်ရယူလိုမှုတွေ ရှေ့တန်းတင်လာကြပြီး နေရာလုကြရင်း ကွဲကြပြဲကြ ဦးမှာကို ပူပန်မိတာပါ။

ကျနော့်အနေနဲ့ကတော့ မြန်မာပြည်ဒီမိုကရေစီရရှိဖို့တွက် (စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့အတွက်) တ ဦးချင်းစီ ကိုယ်တတ်နိုင်တဲ့ထောင့်က တိုက်ပွဲဝင်ပြီး ပေးဆပ်ခဲ့၊ ပေးဆပ်နေကြတာဟာ လေးစားတန်းဖိုးထားစ ရာလို့ ရှုမြင်ပါတယ်။ ဒါပေမယ့် နအဖစစ်အုပ်စုကို ဖယ်ရှားပြီးလို့ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်တဲ့အခါ (တည်ဆောက်ရေးကာလကို ရောက်တဲ့အခါ) မှာတော့ တိုက်ပွဲကာလနဲ့ တည်ဆောက်ရေးကာလ မတူတော့ တာကို ခွဲခြားရှုမြင်ကြဖို့လိုမယ်လို့ မြင်မိပါတယ်။ တိုက်ပွဲကာလမှာ ပေးဆပ်ခဲ့ကြသူတွေ အနေနဲ့ တည်ဆောက် ရေးကာလမှာလည်း တက်တက်ကြွကြွနဲ့ ရှေ့ဆုံးကနေ ပါဝင်ဆောင်ရွက်ချင်တယ်ဆိုရင် ကိုယ်ပါဝင်တည် ဆောက်ချင်တဲ့ ကဏ္ဍအတွက် အခုကတည်းက အရည်အချင်းပြည့်မီအောင် ကြိုးစားထားကြဖို့ လိုမယ်လို့ မြင် မိပါတယ်။ တိုင်းပြည်ကိုကောင်းအောင် လုပ်ဆောင်ကြတဲ့နေရာမှာ တယောက်နဲ့တယောက် တိုက်ပွဲဝင်နိုင် စွမ်း၊ ပေးဆပ်နိုင်စွမ်း မတူညီကြသလို တည်ဆောက်နိုင်စွမ်းလည်း မတူကြဘူးဆိုတာကို ကျနော်တို့အားလုံး အထူးသတိချပ်ကြရမှာပါ။ အားလုံးတန်းတူအရေးပါတယ်လို့ သဘောထားကြီးကြီး ရှုမြင်ကြရမှာပါ။ အထူးသ ဖြင့် ပေးဆပ်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ခံယူသူတွေက ပိုပြီးသဘောထားကြီးကြရမှာပါ။

အဲဒီလိုမဟုတ်ဘဲ တည်ဆောက်ရေး ကာလမှာ အားသွန်ခွန်စိုက် ပါဝင်လာကြမယ့် သူတွေအပေါ် ‘ဟေ့ မင်း တို့က တော်လှန်ရေးတုန်းကတော့ ဘယ်ချောင်မှာ သွားအိပ်နေမှန်းမသိဘဲ အခုမှာ ဘာလာလုပ်တာလဲ’ ဆို တဲ့ အမြော်အမြင်နည်းတဲ့ အပြောမျိုးတွေနဲ့ တိုက်ကြခိုက်ကြ၊ ဘေးကန်ထုတ်ကြ၊ ကွဲကြပြဲကြဦးမယ်ဆိုရင် တော့ ကြားက ငထွားလက်သစ်တွေ (အာဏာရူးလက်သစ် စစ်ဗိုလ်တွေ) ထပ်ဝင်လာပြီး အာဏာလုယက်တာကို ခံ ရဦးမယ်လို့မြင်မိကြောင်း တိုင်းပြည်နဲ့ လူထုအကျိုးကိုရှေ့ထားပြီး သတိပေးပြောကြားလိုက်ရပါတယ်။

ဒေါက်တာလွဏ်းဆွေ

No comments: