တိုက်ပွဲနိုင်ငံရေး၊ ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီနစ်ဆီသို့ (၆)
လူထုအကျိုးကို အမှန်တကယ်ရှေးရှုတဲ့ ပူးပေါင်းဆောင်ရွက်မှု
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ် ဇူလိုင်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
လူထုအကျိုးကို အမှန်တကယ်ရှေးရှုတဲ့ ပူးပေါင်းဆောင်ရွက်မှု
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ် ဇူလိုင်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)
ကျနော်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်လက်အောက်ကို တနိုင်ငံလုံး ကျရောက်ပြီး ၆၂ နှစ်နဲ့ ၃ ရက်ကြာမှ လွတ် လပ်ရေးကို ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်တွေ အထက်မြန်မာနိုင်ငံကို သိမ်း ပိုက်ပြီး သီပေါဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ၁၈၈၅ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်နေ့ဖြစ်ပေမယ့် သီပေါ ဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးပြီးချင်း ထကြွပုန်ကန်တဲ့ မြန်မာတိုင်းရင်းသား မျိုးချစ်တော်လှန်ရေးသမား တွေကို လိုက်လံတိုက်ခိုက်နေရသေးတဲ့အတွက် ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁) ရက်နေ့ကျမှ မြန်မာတနိုင်ငံလုံး ကို သိမ်းပိုက်ပြီးစီးကြောင်း ကမ္ဘာကို ကြေညာနိုင်ခဲ့လို့ပါ။ လွတ်လပ်ရေးရတာက ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက် နံနက် ၄ နာရီ မိနစ် (၂၀) ဆိုတော့ ၆၂ နှစ်နဲ့ ၃ ရက်ကြာမှ မြန်မာပြည်သူတွေ လက်ဝယ်ကို အချုပ်အခြာ အာဏာ ပြန်ရောက်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒါပေမယ့် သက်တမ်းနုနယ်သေးတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကို ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက အာ ဏာသိမ်းပြီး ဖျက်ဆီးပစ်ခဲ့တဲ့အတွက် ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ကစပြီး ပြည်သူ့အာဏာ တစခန်းရပ် ခဲ့ရတာ ဒီကနေ့အထိပါပဲ။ အဲဒီတော့ ကျနော်တို့နိုင်ငံမှာ ကိုယ့်လူမျိုးအချင်းချင်း အုပ်ချုပ်တဲ့ ပါတီနိုင်ငံရေး ကာလကို ဖြတ်သန်းဖူးတာ ၁၄ နှစ်ကျော်ပဲ ကြာခဲ့တယ်လို့ ဆိုရမှာပါ။ ကျနော့် ဆောင်းပါးခေါင်းစီးမှာ ‘ပါတီ နိုင်ငံရေး’ ဆိုတဲ့အပိုင်းကို ထည့်သွင်းထားခြင်းဟာ ကျနော်ကိုယ်တိုင်ကိုယ်ကျ မဖြတ်သန်းခဲ့ရတဲ့ (၁၄) နှစ် တာ ပါတီနိုင်ငံရေးကာလကို အကျယ်တ၀င့် သုံးသပ်ပြဖို့ မဟုတ်ပါ။ သုံးသပ်ပြီး ဘယ်သူမှားတယ် ဘယ်သူမှန် တယ် လျှောက်ပြော (စကားနိုင်လု) နေတာထက် မှားခဲ့တယ်ထင်တာတွေကို ပယ်ပြီး လာလတ္တံ့သော ပါတီနိုင် ငံရေးကာလအတွက် ကောင်းခဲ့တယ်ထင်တာတွေကို သယ်ဆောင်ခြင်းက ကျနော်တို့အတွက် ပိုအကျိုးများ မယ်လို့ ယူဆပါတယ်။ အဲဒီလို အကျိုးများမယ့် အရာတချို့ကို အကြံပြုချင်တာလေးရှိလို့ ‘ပါတီနိုင်ငံရေး’ ဆိုတဲ့ အပိုင်းကို ကျနော်ထည့်သွင်းခဲ့ခြင်းဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီးကာစမှာ ပထမဆုံး အငြင်းပွားကြတဲ့ ပြဿနာကတော့ ရခဲ့တဲ့ လွတ်လပ်ရေးဟာ စစ်တယ်၊ မစစ်ဘူးဆိုတဲ့ ပြဿနာပါပဲ။ အင်္ဂလိပ်ဟာ နိုင်ငံရေးအရပဲ လွတ်လပ်ရေးပေးပြီး စီးပွားရေးအရ လွတ်လပ်ရေး မပေးဘူးဆိုတဲ့ သဘောထားပေါ်မှာ အခြေခံပြီး ဖဆပလအဖွဲ့ချုပ်ထဲမှာရှိတဲ့ ဆိုရှယ်လစ်တွေနဲ့ ကွန်မြူနစ်တွေ သဘောထားကွဲကြတယ်။ သဘောထားကွဲတာကို ဆွဲစေ့ပေးမယ့် ဗိုလ်ချုပ်အောင်ဆန်းလို နှစ်ဖက်စလုံးအပေါ် သြဇာကြီးတဲ့ ပုဂ္ဂိုလ်ကလည်း လုပ်ကြံခံရတယ်။ အဲဒီအချိန်မှာ အာဏာလက်ရှိ ဆိုရှယ်လစ်တွေက ကွန်မြူနစ် ပါတီကို ဖဆပလအဖွဲ့ချုပ်ကနေ ထုတ်ပစ်ပြီး ပါတီဝင်တွေကို လိုက်လံဖမ်းဆီးတယ်။ အဲဒီကနေ ကွန်မြူနစ်ပါ တီ တောထဲရောက်ပြီး ပြည်တွင်းစစ်မီး စတောက်တယ်။ တဖက်မှာလည်း ဆုတ်ခွာသွားတဲ့ အင်္ဂလိပ်တွေက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဖဆပလအစိုးရကြား စစ်မီးတွေတောက်အောင် နောက်ကွယ်ကနေ ကြိုးကိုင်ဖန် တီးတယ်။
ဖဆပလအစိုးရဟာ ပြည်တွင်းစစ်မီးကို တလျှောက်လုံး ငြှိမ်းသတ်နေခဲ့ရတယ်။ ပြည်တွင်းစစ်မီး ငြှိမ်းသတ်ရင်း စစ်တပ်ရဲ့ အခန်းကဏ္ဍက အရေးပါလာတယ်။ စစ်တပ်အင်အား တစတစ ကြီးထွားလာတယ်။ ဖဆပလက လည်း အာဏာအဝေမတည့်ဘဲ တည်မြဲနဲ့ သန့်ရှင်းဆိုပြီး ဖဆပလနှစ်ခြမ်းကွဲတယ်။ တည်မြဲဆိုရှယ်လစ်တွေ က စစ်တပ်ထဲက တည်မြဲထောက်ခံသူ စစ်ဗိုလ်တွေနဲ့ပေါင်းပြီး အာဏာမြဲဖို့ ကြိုးစားတယ်။ လူထုက စစ်တပ် ထောက်ခံတဲ့ တည်မြဲတွေကို မဲမပေးဘဲ သန့်ရှင်းဖဆပလကို ပုံအောမဲပေးတဲ့အတွက် သန့်ရှင်းအစိုးရ အာ ဏာရတယ်။ အာဏာလက်မဲ့ တည်မြဲတွေက ဗိုလ်နေ၀င်း၊ ဗိုလ်အောင်ကြီး၊ ဗိုလ်မောင်မောင်တို့ကို မြှောက် ပေးပြီး အာဏာသိမ်းဖို့ စီစဉ်ခိုင်းတယ်။ ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုက အာဏာသိမ်းတယ်။ အာဏာ သိမ်းပြီးနောက် သန့်ရှင်းကော တည်မြဲပါမကျန် နိုင်ငံရေးသမားအားလုံးကို ဗိုလ်နေ၀င်းက ဖမ်းဆီးထောင်ချ တယ်။ အဲဒီမှာတင် ပြည်သူ့အာဏာကို အခြေတည်တဲ့ ပါလီမန်ဒီမိုကရေစီစနစ်ကြီး တခန်းရပ်ခဲ့တယ်။
အဲဒီဖြစ်စဉ်ကြီးကိုကြည့်ရင် ကြေကွဲမဆုံးနိုင်တဲ့ ဖြစ်ရပ်တွေ များစွာတွေ့ရသလို အနာဂတ် ပါတီနိုင်ငံရေးကာ လအတွက်လည်း ဆင်ခြင်စရာတွေ တပုံတပင် တွေ့ရမှာဖြစ်ပါတယ်။ အကြီးအကျယ် ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ် (ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မဆိုလိုပါ) တွေကတော့ …
(၁) အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ်ခဲ့ရတဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးတလျှောက် စည်းစည်း လုံးလုံး တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးအင်အားစုတွေအကြား မကြုံစဖူးရရှိခဲ့တဲ့ ညီညွတ်ရေးကြီး တစတစ ပြိုကွဲခဲ့ရ ခြင်း
- ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီအချိန်မှာပင် သခင်စိုးဦးဆောင်တဲ့ အလံနီ ကွန်မြူနစ်ပါတီကို ဖဆပလ အဖွဲ့ချုပ်ကနေ ထုတ်ပစ်ခြင်း
- လွတ်လပ်ရေးရပြီးနောက် သခင်သန်းထွန်းဦးဆောင်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပစ်ခြင်း
- တည်မြဲဖဆပလနဲ့ သန့်ရှင်းဖဆပလ နှစ်ခြမ်းကွဲခြင်း
(၂) တိုင်းရင်းသားပြည်သူ အမြောက်အမြားကို သေကြေဒုက္ခရောက်စေတဲ့ ပြည်တွင်းစစ်မီးကြီး တောက် လောင်ခြင်း (တော်တော့်ကို ကြေကွဲစရာ ကောင်းပါသည်)
- ဖဆပလအစိုးရနဲ့ တောခိုနိုင်ငံရေးပါတီများအကြား စစ်ခင်းကြခြင်း
- ဖဆပလအစိုးရနဲ့ ကရင်တိုင်းရင်းသားများအကြား စစ်ခင်းကြခြင်း
(၃) စစ်တပ်က နိုင်ငံရေးမှာ ၀င်ရောက်စွက်ဖက်တဲ့အတွက် ဖွံ့ဖြိုးစ ပါလီမန်ဒီမိုကရေစီစနစ် ပျက်သုဉ်းရခြင်း (သို့) ပြည်သူ့အာဏာဆိတ်သုဉ်းရခြင်း … စတဲ့ ဖြစ်ရပ်များပဲ ဖြစ်ပါတယ်။
အဲဒီကြေကွဲစရာ ဖြစ်ရပ်တွေကို ဆင်ခြင်ကြည့်ရင် …
(က) အင်္ဂလိပ်တွေရဲ့ နိုင်ငံရေးပရိယာယ် (ညစ်လုံး) ကို သတိကြီးစွာ စုပေါင်းတိုက်ဖျက်ဖို့ (ဂျပန်တော်လှန်ရေး တုန်းကလို) မကြိုးစားကြတော့ဘဲ အချင်းချင်းကြား သူ့ကြောင့် ငါ့ကြောင့်နဲ့ အပြန်အလှန် စွပ်စွဲပုတ်ခတ်ရင်း ကွဲကြပြဲကြခြင်း (တနည်းအားဖြင့် ပေါင်းစည်းရင်း ကွဲလွဲ၊ ကွဲလွဲရင်း ပေါင်းစည်းဆိုတဲ့ နိုင်ငံရေးယဉ်ကျေးမှုမျိုး မတည်ဆောက်နိုင်ခြင်း)
(ခ) နိုင်ငံရေးသမားများအကြား မာန်မာနပြိုင်ကြခြင်း၊ သဘောထားမကြီးနိုင်ကြခြင်း (တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ အဖြေရှာနိုင်အောင် မကြိုးစားဘဲ တဖက်နဲ့တဖက် အပြုတ်တိုက်ကြခြင်း)
(ဂ) လူထုအကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ နိုင်ငံရေးအင်အားစုတွေအကြား ၀ါဒစွဲ ငါစွဲတွေ ပြင်းထန်ကြခြင်း
(ဃ) စစ်တပ်ကို နိုင်ငံရေးနဲ့ကင်းရှင်းအောင် မလုပ်ဆောင်တဲ့အပြင် နိုင်ငံရေးအကွဲအပြဲထဲ ဆွဲသွင်းဖို့ ကြိုးစား ခြင်း … စတဲ့ ဆင်ခြင်စရာအချက်တွေကို တွေ့ရပါတယ်။
လာလတ္တံ့သော ပါတီနိုင်ငံရေးကာလမှာတော့ အထက်ကလို ကြေကွဲစရာ ဖြစ်ရပ်မျိုးတွေ ထပ်မံမတိုးရအောင် ကျနော်တို့အားလုံး ဆင်ခြင်စရာရှိတာကို ဆင်ခြင်၊ ပြင်ဆင်စရာရှိတာကို ပြင်ဆင်ထားကြဖို့ လိုမှာဖြစ်ပါတယ်။ ‘စေတနာနဲ့ လုပ်ရပ်’ ကသာ အဓိကကျတယ် ဆိုတာကို ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကောင်းစေချင်တဲ့ စေတနာရှိသူ အချင်းချင်း အစွဲတွေ၊ မာနတွေ၊ ‘ငါ’ တွေကို ခ၀ါချပြီး လူထုအကျိုးကိုသာ အမှန်တကယ်ရှေးရှုတဲ့ (လက်တွေ့ကျတဲ့) ပူး ပေါင်းဆောင်ရွက်မှုမျိုးနဲ့ အနာဂတ်ဆီ ဦးတည်ချီတက်ကြဖို့ နိုင်ငံရေးအင်အားစုအားလုံးကို လူရုပ်မထွက်တော့ တဲ့ မြန်မာပြည်သူလူထုကိုယ်စား မေတ္တာရပ်ခံရင်း နိဂုံးချုပ်လိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
No comments:
Post a Comment