Monday, December 15, 2008

ဒုက္ခ … မြို့ကလေး (ကဗျာ)

ဒုက္ခ … မြို့ကလေး
ကမာပုလဲ

ဒုက္ခတဲ့
ငါတို့မြို့ကလေးပေါ်
ကပ်ရောဂါလို …
မညှာမတာ ကျရောက်နေပေါ့ …။

အဲဒီမြို့ကလေးမှာ
တချို့တွေက
လူအချင်းချင်း အမဲလိုက်ကစားလို့ …။

အဲဒီမြို့ကလေးမှာ
စစ်အတွင်းက ကျကျန်ရစ်တဲ့
ပိုင်ရှင်စွန့်ပစ် အရိုးစုတွေကလည်း
မိုးတိုးမတ်တတ်ပေါ်လို့ …။

အဲဒီမြို့ကလေးမှာ
ဒဏ်ရာတွေကလည်း
ထပ်ကာထပ်ကာ မွေးဖွားလို့ …။

အဲဒီမြို့ကလေးမှာ
မိရိုးဖလာယဉ်ကျေးမှုတွေကိုလည်း
လျှော့ဈေးနဲ့ မျက်နှာသေသေ ချရောင်းလို့ …။

အဲဒီမြို့ကလေးမှာ
ဘ၀တူချင်း ဇာတ်တူသားစားလိုက်ရတာကို
တခမ်းတနားအောင်ပွဲတွေအဖြစ် စီရင်ကျင်းပလို့ …။

အဲဒီမြို့ကလေးမှာ
တချို့သော လူတွေဟာ
တွားသွားသတ္တ၀ါတွေအဖြစ်နဲ့
ကမ္ဘာကို ရွာအဖြစ်တည်ဆောက်လို့ …။

အဲဒီမြို့ကလေးမှာ
အရူးစစ်စစ်တယောက်ရဲ့ စကားကို
ပုဂ္ဂလအကျိုးစီးပွားအတွက်
အတိတ်တဘောင်တွေ ကောက်လို့ …။

အဲဒီမြို့ကလေးမှာ
ဟစ်တလာလက်သစ်နဲ့ သူ၏နောက်လိုက်တွေက
မိုးဦးကျ ဖားတွေလို အဓမ္မမင်းမူလို့ …။

အဲဒီမြို့ကလေးမှာ
သွေးစစ်စစ်တွေအစား
ပျစ်ပျစ်နှစ်နှစ် အညစ်အကြေးတွေ လှည့်ပတ်စီးနေတဲ့
လူ့အန္ဓတွေက
အများပြည်သူတွေရဲ့ အနာဂတ်ကို
မျက်နှာပြောင်ပြောင်နဲ့
ခပ်တည်တည် ထုဆစ်လို့ …။

အဲဒီမြို့ကလေးမှာ
စက်ရုံ၊ အလုပ်ရုံနဲ့ လမ်းမတွေပေါ်မှာ
သနပ်ခါးရနံ့ကလေးတွေခမျာ
တရားမ၀င်မှုတွေနဲ့ သိမ်သိမ်ငယ်ငယ် သင်းပျံ့လို့ …။

အဲဒီမြို့ကလေးမှာ
လက်ဆိတ်ခံ ညှိုးလျော်ကျုံလှီနေတဲ့
အိမ်အလွမ်း ခရေပင်ကလေးတွေကလည်း
သူ့အချိန်ရောက်ရင်
သူ့အစွမ်းရှိသမျှ လှလှပပ ပွင့်လို့ …။

အဲဒီမြို့ကလေးမှာ
သစ္စာတရားကိုယ်တိုင်က
သစ္စာတရားကို ရှာဖွေလို့ …။

အဲဒီမြို့ကလေးဟာ
မနေ့ကတင်ပဲ
ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ
လင်ပစ်မယားတယောက်လို
နာနာကြည်းကြည်း ရယ်မောလို့ …။

အဲဒီမြို့ကလေးပေါ့
သူကိုယ်တိုင် မသေချာမရေရာမှုတွေနဲ့
တနေ့တခြား
သွေးလေချောက်ချားနေတော့တယ် ။ ။

ကမာပုလဲ

No comments: