Sunday, December 21, 2008

မကြောက်တရား သွင်းပေးရေးမှသည် လူထုတိုက်ပွဲဆီသို့ ...

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၅)
မကြောက်တရား သွင်းပေးရေးမှသည် လူထုတိုက်ပွဲဆီသို့ ...
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ ခုနှစ် ဇွန်လထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါး ဖြစ်ပါသည်)

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ ဒီ၂၀၀၇ခုနှစ်ထဲမှာ တိုက်ပွဲပုံသဏ္ဍာန်မျိုးစုံနဲ့ လှုပ်လှုပ်ရှားရှား ဖြစ်လာပါ တယ်။ တကိုယ်တော်တိုက်ပွဲဝင်မှု၊ စုဖွဲ့ဆန္ဒပြမှုတွေနဲ့ တော်တော်လေး အရှိန်မြင့်လာတာကို တွေ့ရပါတယ်။ အတိုက်အခံအင်အားစုတွေထဲကရော ပြည်သူလူထုထဲကပါ တိုက်ပွဲဝင်သူရဲကောင်းတွေ တယောက်ပြီး တ ယောက်၊ တဖွဲ့ပြီးတဖွဲ့ဆိုသလို ပေါ်ထွက်လာခဲ့ပါတယ်။ ဒါဟာ ဒီပဲယင်းအရေးအခင်း အပြီးနောက်ပိုင်း လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖစစ်အုပ်စုက အကျယ်ချုပ်နဲ့ ပြန်လည်ထိန်းသိမ်းခဲ့ချိန် ကတည်း က ငြိမ်သက်သလို ဖြစ်ခဲ့ရတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြန်လည်အသက်ဝင်လာခြင်းပဲ ဖြစ်ပါတယ်။

အခုလို နိုင်ငံရေးဒီရေ မြင့်တက်လာခြင်းရဲ့ အရင်းခံ အကြောင်းတရားတွေကို ဆန်းစစ်ကြည့်တဲ့အခါ အဓိက ကျတဲ့ အကြောင်းအချက်တချို့ကို တွေ့ရပါတယ်။ ပထမအချက်က ဒီမိုကရေစီတိုက်ပွဲဝင်သူတွေအနေနဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရချိန်မှာ သူမကိုယ်စား အားကိုးအားထားပြုရတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့နဲ့တကွ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များရဲ့ မှန်ကန်သိမ်မွေ့တဲ့ နိုင်ငံ ရေးဦးဆောင်မှုကို ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။

(၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ အကျဉ်းကျခံရာကနေ လွတ်မြောက်လာပြီးတဲ့ နောက်ပိုင်း ပြည်ပ အသံလွှင့်ဌာနတွေကတဆင့် ပြည်သူလူထုကို စနစ်တကျ ပြောဆိုစည်းရုံးနိုင်ခဲ့တယ်။ ထောင်သက် ကြာခဲ့ ကြပေမယ့် ပြောင်းလဲနေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ပြီး အစွန်းမထွက်ဘဲ ပြောဆိုစည်းရုံးနိုင်ခဲ့တဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကို တမဟုတ်ချင်း ရရှိခဲ့တယ်။ လက်တွေ့ လှုပ်ရှားမှုအပိုင်းမှာလည်း ပြည်သူလူထု အမှန်တကယ်လိုက်ပါနိုင်မယ့် နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ တဖြေးဖြေး ချင်း တိုးမြှင့်တိုက်ပွဲဝင်ခဲ့တာကို တွေ့ရပါတယ်။ Campaign တခုပြီးတခု ဆက်တိုက်လုပ်ဆောင်ပြီး ပြည်သူလူ ထုနဲ့ အတိုက်အခံအင်အားစုတွေအပေါ် ကာလအတန်ကြာ ဖိစီးနေခဲ့တဲ့ အကြောက်တရားတွေကို မသိမသာ ခွာချပေးခဲ့ပါတယ်။

အဖမ်းဆီးခံ ခေါင်းဆောင်များနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ပြည်သူ့ဆန္ဒပြုလွှာ လက်မှတ် ရေးထိုး လှုပ်ရှားမှု၊ အဖြူရောင်ဖော်ပြချက် လှုပ်ရှားမှု၊ ပြည်သူ့အကျပ်အတည်း ရင်ဖွင့်လွှာ လှုပ်ရှားမှုတွေကို ဆက်တိုက် ဖော်ဆောင်ခဲ့ပြီး ပြည်သူလူထုရဲ့ အသွေးထဲအသားထဲကို မကြောက်တရားတွေ တဖြေးဖြေးချင်း စိမ့်ဝင်အောင်သွင်းပေးနိုင်ခဲ့တယ်။ အခုဆိုရင် တနင်္ဂနွေနေ့တိုင်း အကျဉ်းကျနေဆဲ နိုင်ငံရေးအကျဉ်းသား တွေ ရဲ့ မိသားစုဝင်တွေနေထိုင်ရာ နေအိမ်တွေဆီကို သွားရောက်တွေ့ဆုံအားပေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေ တာ တွေ့ရပါတယ်။

သင်္ကြန်အပြီး ပြည်သူလူထုထံပေးပို့တဲ့ နှစ်သစ်ဦး သ၀ဏ်လွှာမှာလည်း (၈၈)မျိုးဆက်ကျောင်းသားများအဖွဲ့ ကနေ့စဉ်အခက်အခဲတွေကို ဖော်ထုတ်ဆွေးနွေးကြဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။ အဆိုပါ သ၀ဏ် လွှာနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်က ‘ဒါကြောင့် ကျနော်တို့ အလယ်အလတ်တန်းဖြစ်တဲ့ နိုးကြားတက်ကြွသူ တွေကနေပြီးတော့ တဖက်အစိုးရကိုလည်း တိုက်တွန်းရင်း ပြည်သူကိုလည်း တိုက်တွန်းရင်း အလယ်ကနေ အထက်အောက်ကို ရောက်အောင် စကားပြောခိုင်းခြင်း ဖြစ်ပါတယ်။ အလယ်ကနေပြီးတော့ နှစ်ဖက်လုံးကို စု စည်းပြီးတော့ အပြောင်းအလဲကို ကြိုးစားတဲ့သဘောပါ’လို့ နှစ်ဦးနှစ်ဖက် တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ရောက် အောင် စည်းရုံးရေးအသွင်နဲ့ လိမ္မာပါးနပ်စွာပြောကြားခဲ့ပါတယ်။ အခုဆိုရင် ပြည်သူလူထုထဲကနေ တယောက် ပြီးတယောက်၊ တဖွဲ့ပြီးတဖွဲ့ မိမိတို့ရဲ့ဆန္ဒတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောကြားလာကြတာကို တွေ့နေရပါပြီ။ ဒါ ဟာ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ မှန်ကန်သိမ်မွေ့စွာ ဦးဆောင်နိုင်မှုရဲ့ အကျိုးရလဒ် ကောင်းဖြစ်တယ်လို့ ပြောလို့ရပါတယ်။

ဒုတိယအချက်ကတော့ ပြည်ပမီဒီယာအသီးသီးရဲ့ ပံ့ပိုးကူညီမှုနဲ့ အိုင်တီနည်းပညာကို အသုံးချ ဆက်သွယ်နိုင် မှုဖြစ်ပါတယ်။ ဒါဟာ အတိုက်အခံအင်အားစုတွေအတွက် အားသာမှုလို့ ဆိုရမယ့် အချက်တခုပါ။ ဘာဖြစ်လို့ လဲ ဆိုတော့ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ အကျဉ်းထောင်က လွတ်မြောက်လာတဲ့အချိန်နဲ့ မြန်မာပြည်တွင်းမှာ အိုင်တီနည်းပညာတွေ ဖွံ့ဖြိုးသုံးစွဲလာတဲ့အချိန်ဟာ ပြိုင်တူနီးပါးလောက် ကျနေလို့ပါပဲ။ အင်တာနက်ကတဆင့် အပြန်အလှန်ဆက်သွယ်နိုင်မှုနဲ့ တပြိုင်နက်တည်းလိုလို ပြည်ပအတိုက်အခံတွေရဲ့ အင် တာနက်ဝက်ဆိုက်ဘ်တွေ အပြိုင်းအရိုင်း ပေါ်ပေါက်လာခြင်းဟာလည်း ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားသူ တွေကြား သတင်းချိတ်ဆက်မှုအပိုင်းမှာ အလွန်မြန်ဆန်ထိရောက်တဲ့ အကျိုးကျေးဇူးကို ခံစားခဲ့ရပါတယ်။

အထူးသဖြင့် ၂၀၀၅ခုနှစ်နောက်ပိုင်းမှာ အင်တာနက်အသုံးပြုမှု ပိုမိုတွင်ကျယ်လာတာနဲ့အမျှ ပြည်တွင်းပြည် ပ ချိတ်ဆက်မှုအပိုင်းမှာ ပိုမိုအားကောင်း မြန်ဆန်လာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် ပြည်ပအသံလွှင့်ဌာနတွေ အနေနဲ့ ပြည်တွင်းက အတိုက်အခံအင်အားစုတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုသတင်းတွေကို တယ်လီဖုန်းနဲ့ ဖြစ်စေ၊ အိုင်တီနည်းပညာ အကူအညီနဲ့ဖြစ်စေ အလျင်အမြန် ရယူနိုင်ခဲ့ကြသလို အချိန်နဲ့တပြေးညီ ပြန်လည်ထုတ် လွှင့်ပေးမှုကြောင့် ပြည်သူလူထုနဲ့ ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားသူတွေအကြား ချက်ချင်းလက်ငင်းဆို သလို ဆက်သွယ်ပေါင်းကူးခွင့်ရပြီး နအဖရဲ့ ဖိနှိပ်ရက်စက်မှု၊ မတရားလုပ်ဆောင်မှုတွေကို နိုင်ငံတကာအ သိုင်းအ၀ိုင်းက ကျယ်ကျယ်ပြန့်ပြန့် သိမြင်လာအောင် အချိန်မီတင်ပြနိုင်ခဲ့တယ်။ တနည်းအားဖြင့် ပြည်တွင်း က အတိုက်အခံအင်အားစုတွေအပေါ် နအဖစစ်အုပ်စုရဲ့ သတင်းအမှောင်ချ ပိတ်ဆို့အရေးယူမှုတွေ လျော့ နည်းလာစေရေးမှာ အိုင်တီနည်းပညာနဲ့ ပြည်ပမီဒီယာတွေရဲ့ ပံ့ပိုးမှုတွေဟာ များစွာအထောက်အကူဖြစ်စေခဲ့ ပါတယ်။

တတိယအချက်ကတော့ တကိုယ်တော်နဲ့ စုဖွဲ့ဆန္ဒပြ တောင်းဆိုတိုက်ပွဲဝင်သူတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်အနစ်နာ ခံမှုတွေကြောင့် နိုင်ငံရေးလှုပ်ရှားမှုဒီရေ မြင့်တက်လာခြင်းဖြစ်ပါတယ်။ အခုဆိုရင် အဓမ္မ လုပ်အားပေးခိုင်းစေ မှုအတွက် ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ ထန်းမနိုင်ရွာသူ မစုစုနွေး၊ ပဲခူးက ရှေ့နေဦးအေးမြင့်နဲ့ လမ်းပြကြယ် လူ့ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့၊ ကြည့်မြင်တိုင် ဦးမြင့်အေးနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ (HRDB) ၊ ကိုထင်ကျော်နဲ့ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (MDC)၊ တကိုယ်တော် ဆန္ဒထုတ်ဖော်သူ သ င်္ဃန်းကျွန်းမှ ဦးသိန်းဇံ၊ တကိုယ်တော်ဆန္ဒပြတိုက်ပွဲဝင်သူ ဦးအုန်းသန်း၊ ညောင်တုန်းမှ ကိုထွန်းထွန်း၊ အေ အိုင်ဒီအက်စ်ဝေဒနာရှင် ကိုတင်ကို၊ အန်အယ်လ်ဒီပါတီမှ နော်အုန်းလှ၊ မဖြူဖြူသင်း (အေ့ဒ်စ်ဝေဒနာရှင်များ ကို အကူအညီပေးနေသူ) စတဲ့ သတ္တိရှင်တွေဟာ နအဖစစ်အုပ်စုနဲ့ အပေါင်းအပါတွေကို ပြောင်ပြောင်တင်း တင်း အာခံတိုက်ပွဲဝင်လာကြတာကို တွေ့ရပါတယ်။ အရိုက်နှက်ခံ အဖမ်းဆီးခံရင်း ရဲရဲတောက် ရှေ့ဆက်နေ ကြတာကို တွေ့မြင်နေရပါတယ်။

ဒီဖြစ်ရပ်တွေဟာ ရေနွေးပွက်ပွက်မဆူခင် ပလုံစီကလေးတွေ နေရာအနှံ့က ပွက်ထလာတဲ့ သဘောပါပဲ။ အခု နောက်ဆုံးအနေနဲ့ အန်အယ်ဒီပါတီဝင်တွေဦးဆောင်ပြီး အကျယ်ချုပ်ကျခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲတွေကို တပြည်လုံးအတိုင်းအတာနဲ့ လုပ်ဆောင် လာကြတာကိုလည်း အားတက်စဖွယ် မြင်တွေ့နေရပါတယ်။ ဒါတွေဟာ လူထုတိုက်ပွဲကြီးအသွင်ကို ပေါင်း စည်းတော့မယ့် ရှေ့ပြေးဖြစ်စဉ်တွေလို့ ပြောလို့ရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ အဝေးရောက် နိုင်ငံရေး ပုရောဟိတ်တချို့ကတော့ ရွေးစရာ လမ်းမရှိတော့တဲ့အတွက် န အဖကလုပ်တဲ့ အတုအယောင် အမျိုးသားညီလာခံကပေါ်ထွက်လာမယ့် အခြေခံဥပဒေကိုပဲ ကျေနပ် လက်ခံ ကြဖို့ တိုက်တွန်းပြောဆိုနေတာကိုလည်း ကြားနေဖတ်နေရပါတယ်။ ဘာမှလည်းမလုပ် အနာလည်း မခံနိုင်သူ တွေအတွက်ကတော့ ရွေးစရာလမ်းမရှိဘူးလို့ပြောတာ သဘာဝကျပါတယ်။ အဲဒီလို လူမျိုးတွေချည်းပဲ ရှိနေရင် လည်း မြန်မာပြည်အနေနဲ့ စစ်ခေါင်းဆောင် လူလည်တစုရဲ့ ကျွန်ပြုခံရတဲ့ ဘ၀ကနေ အပြီးတိုင်လွတ်မြောက်ဖို့ လမ်းမြင်မှာ မဟုတ်တော့ပါဘူး။ (၈၈) မျိုးဆက်ကျောင်းသားတွေလို ခေါင်းဆောင်မျိုးတွေ အချိန်ကိုက် ပေါ် ထွက်လာလို့သာ တော်ပါသေးရဲ့လို့ သက်ပြင်းချနိုင်တဲ့ အနေအထားပါ။

အချုပ်အားဖြင့်ဆိုရရင်တော့ အခုလို တကိုယ်တော်တိုက်ပွဲတွေ၊ စုဖွဲ့ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခြင်းဟာ ပြည်သူ လူထုနဲ့ အတိုက်အခံအင်အားစုတွေဆီမှာ အရင်ကလောက် အကြောက်တရားတွေ မရှိကြတော့လို့ဘဲ ဖြစ်ပါ တယ်။ ဒီလိုအကြောက်တရားတွေ ဖယ်ခွာအောင် အထက်က အကြောင်းအချက်တွေက များစွာအထောက်အ ကူပြုခဲ့တယ်လို့ မြင်မိပါတယ်။ အဲဒီ မကြောက်တရားတွေကတဆင့် လူထုတိုက်ပွဲအသွင်ကို ပေါင်းစည်းမိလာ ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေး (သို့) နအဖကို လူထု အားနဲ့ အပြီးတိုင် ဖြုတ်ချရေးဆီဦးတည်ကာ ဒုတိယအကျော့တိုက်ပွဲနိုင်ငံရေးကာလကို အောင်အောင်မြင်မြင် အဆုံးသတ်စေလိမ့်မယ်လို့ ထင်မြင်မိကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ရပါတယ်။

(စစ်မှန်သည့် ဒီမိုကရေစီအောင်ပွဲသည် တိုက်ရဲသူတွေအတွက် ဖြစ်ရမည်။)

ဒေါက်တာလွဏ်းဆွေ

No comments: