Friday, December 19, 2008

လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု

တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၄)
လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှု
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ ခုနှစ် မေလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)

တိုက်ပွဲနိုင်ငံရေးကာလမှာ လူထုခေါင်းဆောင်ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုဟာ အောင်ပွဲကိုရောက်ရှိဖို့အတွက် အဓိက မောင်းနှင်အားဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပထမအကျော့ တိုက်ပွဲနိုင်ငံရေးကာလ (လွတ်လပ်ရေး တိုက်ပွဲကာလ)မှာ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးရဖို့ လက်တကမ်းအလိုမှာ လုပ်ကြံခံခဲ့ရပေမယ့် လွတ်လပ်ရေးရတဲ့အထိ ဦးဆောင်မှုပေးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ သူခင်းခဲ့တဲ့ လမ်းပေါ် ကျန်တဲ့ ခေါင်းဆောင်တွေက အသာတကြည်ဆက်လျှောက်ပြီး လွတ်လပ်ရေးကို အရယူခဲ့ကြတာဖြစ် ပါတယ်။ အဲဒီလို လွတ်လပ်ရေးပန်းတိုင်ကို ရောက်ရှိအောင် ဦးဆောင်ကြိုးပမ်းနိင်ခဲ့တဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အခုဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလ (ဒီမိုကရေစီရေးတိုက်ပွဲကာလ) ကို ဦး ဆောင်နေဆဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ နိုင်ငံရေးလမ်းကြောင်းနဲ့ ဦးဆောင်မှုတွေအ ပေါ် ယှဉ်ထိုးသုံးသပ်ကြည့်တဲ့အခါ မတူညီတဲ့ အဓိကအချက်တချို့ကို တွေ့ရပါတယ်။

(၁) နိုင်ငံရေးလောကထဲကို ၀င်ရောက်တဲ့နေရာမှာ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြည်လွတ်လပ်ရေးရဖို့ အ တွက် နိုင်ငံရေးလုပ်ကို လုပ်မှဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ စနစ်တကျ ကြိုတင်ပြင်ဆင်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကျတော့ နိုင်ငံရေးလောကထဲကို ၀င်မယ်လို့ ကြိုတင်ပြင်ဆင် ထားပုံမပေါ်ဘဲ မြန်မာ့နိုင်ငံရေးအခြေအနေ၊ အချိန်အခါနဲ့ ပြည်သူလူထုရဲ့ လိုလားတောင်းဆိုမှုအရ ရုတ်ချည်း ဆိုသလို ၀င်ရောက်ခဲ့ရတာကို တွေ့ရမှာဖြစ်ပါတယ်။

(၂) ဗိုလ်ချုပ်အောင်ဆန်းရဲ့ နိုင်ငံရေးကြိုးပမ်းမှု ကာလတလျှောက်မှာ အင်္ဂလိပ်၊ ဂျပန်အစိုးရတွေရဲ့ ဖမ်းဆီး ထိန်းသိမ်းမှုကို လုံးဝမခံခဲ့ရတဲ့အတွက် (လွတ်အောင်ရှောင်တိမ်းနိုင်ခဲ့တဲ့အတွက်) အပြင်မှာတောက်လျှောက် လှုပ်ရှားဦးဆောင်ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကြိုးပမ်းမှုကာလ တလျှောက်မှာတော့ အ ကျယ်ချုပ်နဲ့ အထိန်းသိမ်းခံရတဲ့အချိန်က အများစုဖြစ်နေတဲ့အတွက် အပြင်မှာ ဦးဆောင်လှုပ်ရှားနိုင်တဲ့ အချိန် နဲ့ အခွင့်အရေး မရှိသလောက် နည်းပါးခဲ့တာကို တွေ့ရပါတယ်။

(၃) ဗိုလ်ချုပ်အောင်ဆန်းက လက်နက်ကိုင်လမ်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ် နှစ်ခုစလုံးကို ကိုင်စွဲအသုံး ပြုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ မတရားတဲ့ အမိန့်အာဏာဟူသမျှ ကို တာဝန်အရဖီဆန်ရေး၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းကိုသာ တလျှောက်လုံးကိုင်စွဲခဲ့တာကို တွေ့ရပါ တယ်။

(၄) ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ရတဲ့ အုပ်စိုးသူ အင်္ဂလိပ်တွေက သူ့တို့မိခင်နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသူတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်တိုက်ပွဲဝင်နေရတဲ့ နအဖစစ် အုပ်စုက ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုကို ဖိနှိပ်အုပ်ချုပ်နေသူတွေ ဖြစ်ပါတယ်။

(၅) ဗိုလ်ချုပ်အောင်ဆန်းက ကျောင်းသားဘ၀ကတည်းက နိုင်ငံရေးကိုပဲ ဇောက်ချလုပ်ကိုင်ခဲ့လေတော့ တ လျှောက်လုံး ကြုံတွေ့ခဲ့ရတဲ့ (လက်တွဲလုပ်ကိုင်ခဲ့တဲ့၊ လက်တွဲလုပ်ကိုင်ချင်တဲ့) နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ အကြောင်းကို အူမချေးခါးမကျန် အကုန်အစင်သိခဲ့တယ်။ သိတဲ့အခါကျတော့ ဘယ်သူနဲ့ စိတ်တူကိုယ်တူ တွဲလုပ်ရမယ်၊ ဘယ်သူနဲ့ ကိုယ်ပေါင်းစိတ်ခွာ နေရမယ်၊ ဘယ်သူနဲ့တော့ လုံးဝဥဿုံ စည်းခြားထားရမယ် ဆို တာကို အချိန်ယူပြင်ဆင်နိုင်ခဲ့တယ်။ တဦးချင်းရဲ့ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်တွေကို သိထားတဲ့အတွက် စုဖွဲ့လုပ်တဲ့အခါမှာလည်း ဘယ်သူက ဘယ်နေရာနဲ့ သင့်တော်ပြီး ဘယ်သူ့ကို ဘာတာဝန်ပေးရမယ်ဆိုတဲ့ လူ မှန်နေရာမှန်ကို စနစ်တကျ ရွေးချယ်နိုင်တဲ့ အခွင့်အရေး ပိုရခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကျတော့ အာ ဏာရှင် ဗိုလ်နေ၀င်းရဲ့ ပညာသားပါပါ ပြည်နှင်တာကို ခံရမှုကြောင့် မြန်မာပြည်မှာ နေထိုင်ရတဲ့အချိန် အလွန် နည်းပါးခဲ့ပြီး ၁၉၈၈-အရေးအခင်း ဖြစ်တဲ့အခါကျမှ နိုင်ငံရေးလောကထဲကို ရုတ်ချည်းဝင်ရောက်ခဲ့ရတာ ဖြစ်တဲ့ အတွက် သူမအနားကို လာကပ်တဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြောင်းကို အချိန်ယူလေ့လာခွင့်မရ လိုက်ဘူး။ ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ရမယ့်သူတွေ၊ ဘယ်သူတွေဟာ လက်တွဲလုပ်ကိုင်ဖို့ မသင့်တဲ့သူ တွေဆိုတာကို သေသေချာချာ မလေ့လာရသေးခင်မှာဘဲ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ယူခဲ့ရတာဖြစ်ပါ တယ်။

ဒါပေမယ့် နအဖစစ်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်အနားကို ကပ်လာတဲ့ နိုင်ငံရေးအုပ်စုတွေကို အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းစဉ်ကတည်းက မျက်စိဒေါက်ထောက်ကြည့်ကာ ဘယ်သူတွေကို ဖြိုခွင်း ပြီး ဘယ်သူတွေကို ချန်ထားရမယ်ဆိုတဲ့ နှိပ်ကွပ်ရေးဗျူဟာကို စနစ်တကျ ရေးဆွဲလုပ်ဆောင်ခဲ့ပုံပေါ်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနားကို အစောဆုံးကပ်လာတဲ့ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးကတော့ စောစောစီး စီးပဲ ခွဲထွက်သွားပြီး ပါတီခွဲထောင်ခဲ့တယ်။

ဗိုလ်အောင်ကြီး ခွဲထွက်သွားတဲ့နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်အနားမှာကျန်တဲ့ နိုင်ငံရေးအုပ်စုနှစ်စုထဲက တတ်သိပညာရှင်များအုပ်စုကို နအဖစစ်အုပ်စုက အကြံအစည်ကြီးစွာ ဆက်လက်ဖြိုခွင်းခဲ့ပါတယ်။ စစ်အုပ်စု အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကြံကောင်းဥာဏ်ကောင်းတွေ ပေးနိုင်မယ့် တတ်သိပညာ ရှင်များအုပ်စုကို အထူးစိုးရိမ်ပုံပေါ်တယ်။ အဲဒါကြောင့် တတ်သိပညာရှင်အုပ်စုဝင်တွေကို အပြစ်မရှိအပြစ်ရှာ ပြီး ပုဒ်မအမျိုးမျိုးနဲ့ ဖမ်းဆီးထောင်ချခဲ့တယ်။ ထောင်ကလွတ်လာတဲ့ တတ်သိပညာရှင်တွေကိုလည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်နားကို ပြန်မကပ်ရဲလောက်အောင် ဖိအားတွေအမျိုးမျိုးပေးပြီး ပါတီနဲ့ကင်းကွာအောင် လုပ်ပစ်တယ်။

နအဖအာဘော်တွေရေးနေတဲ့ စိုးမြကျော်ရဲ့ ဆောင်းပါးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ထားတဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချမှတ် လုပ်ဆောင်ခဲ့တယ်လို့ ရေးသားထားတယ်။

အခုနောက်ပိုင်းမှာလည်း ဗဟိုကော်မတီဟာ နောက်ဆက်တွဲတိုက်ပွဲမပါတဲ့ တောင်းဆိုချက်တွေသာ အမျိုးမျိုး ထုတ်ပြီး ‘ရရင်ရ မရရင်လည်းနေ’ ဆိုတဲ့ လုပ်ရပ်မျိုးတွေ မကြာခဏ လုပ်လာတဲ့အတွက် ပြည်သူလူထုထဲက နေ ပါတီအပေါ် အယုံအကြည်ကင်းမဲ့တဲ့ အသံတွေ ပိုမိုထွက်ပေါ်လာတာကို ကြားနေရပါတယ်။

ဒီလောက်ဆိုရင် ဒီမိုကရေစီရေးတိုက်ပွဲ ကြန့်ကြာနေရတဲ့ အကြောင်းတရားတွေထဲက အဓိကဖြစ်တဲ့ အ ကြောင်းတရားကြီးတခုကို ရေးရေးမြင်လောက်ပြီလို့ ယူဆပါတယ်။ ကျနော်တို့လို ပြင်ပက သုံးသပ်သူတွေ တောင် ရေးရေးမြင်နေပြီဆိုရင် ပါတီတွင်းမှာရှိတဲ့ ထက်မြက်တဲ့ နိုင်ငံရေးသမားတွေဆို ပိုလို့တောင် ကွင်းကွင်း ကွက်ကွက် မြင်ကြမယ်လို့ထင်ပါတယ်။ အဲဒီတော့ လက်ရှိအခြေအနေမှာ အန်အယ်ဒီပါတီအနေနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့နဲ့ တိုက်ပွဲရှေ့ကိုဆက် ရွေ့ဖို့အတွက် ဗဟိုကော်မတီဝင် မျိုးချစ်ရဲဘော်ဟောင်းတွေရဲ့ ဦးဆောင်မှုကိုပဲ ဆက်လက်ခံယူမလား၊ ဒါမှမ ဟုတ် ပါတီညီလာခံခေါ်ပြီး သူတို့နေရာတွေကို တိုက်ပွဲခေါ်ရဲတဲ့ ခေါင်းဆောင်တွေနဲ့ အမြန်ဆုံး အစားထိုးနိုင် အောင် လုပ်ဆောင်မလားဆိုတဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိနေပြီလို့ ထင်မြင်မိကြောင်း သုံးသပ်တင်ပြလိုက်ရ ပါတယ်။

ဒေါက်တာလွဏ်းဆွေ

No comments: