Tuesday, December 16, 2008

အဇ္ဈတ္တ ပြောင်းလဲရေး

ခန်မောင်ခန့်

မိတ်ဆွေ …
လာမယ့် ဒီဇင်ဘာလ (၃၁) ရက်နေ့ ည (၁၂) နာရီမှာ ပြောင်းလဲရွေ့ ရှားခြင်းရဲ့ သမ္မဇဉ်အတိုင်း ၂၀၀၈ ခုနှစ် ကုန်ဆုံးလို့ ၂၀၀၉ ခုနှစ်ကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ရှစ်လေးလုံးက အနှစ် နှစ်ဆယ်၊ ရွှေဝါ ရောင်ကလည်း နှစ်ပတ်လည်ခဲ့ပြီဖြစ်ပါတယ်။

ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်းများစွာကို ပြန်ပြီးလှည့်ကြည့်လိုက်တဲ့အခါမှာ ကျေနပ်လောက်အောင် အကျိုးရှိစွာ နေ ခဲ့ရတဲ့ နှစ်တွေတော့ မဟုတ်ခဲ့ပါဘူး။ အောင်မြင်မှုထက် ဆုံးရှုံးမှုတွေကသာ ပိုခဲ့ပါတယ်။ ဘ၀အမောတွေကြား မှာ ခိုတစ်ကောင်လို ညည်းညူရင်း၊ ၀ံပုလွေတစ်ကောင်လို ရုန်းကန်ရင်း၊ ပုဇဉ်းရင်ကွဲတစ်ကောင်လို ဟစ်အော် ရင်းနဲ့ပဲ တန်ဘိုးရှိတဲ့ အချိန်တွေကို ပေးဆပ်ခဲ့ရပါတယ်။ တကယ်တော့ ဘာတစ်ခုမှ မရေရာမသေချာတဲ့ နှစ် ပေါင်းများစွာဟာ မနေ့တနေ့ကလိုပါပဲလေ။

သို့သော်လည်း အောင်မြင်တာတွေ ဆုံးရှုံးးရတာတွေထက် လူဆိုတာ မိမိနဲ့တကွ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ တိုးတက်ကြီးပွားရေးအတွက် အမြဲလှုပ်ရှားရုန်းကန်နေရမယ်လို့ ယုံကြည်ချက်ရှိတဲ့အတိုင်း အမှန်တရားအ တွက်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားရုန်းကန်လို့တော့နေခဲ့တာပါပဲ။

မကြာခင် ရောက်ရှိလာတော့မယ့် နှစ်သစ်ကူးကာလနဲ့အတူ ကမ္ဘာမှာ အင်အားအကြီးဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ အမေရိကန်မှာလည်း သမ္မတသစ် ဘားရက်အိုဘားမား ဦးဆောင်ပြီး အပြောင်းအလဲတွေလုပ်ဖို့ ပြင်ဆင်နေပါ တယ်။ မပြောင်းလည်းနိုင်သေးတဲ့ မြန်မာနိုင်ငံမှာတော့ စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှု တွေ၊ လှည့်စားချက်တွေ၊ ပြဌာန်းချက်တွေ တစ်ခုပြီးတစ်ခုအောက်မှာ မြန်မာတစ်မျိုးသားလုံး လူရုပ်ပျောက်ခဲ့ ကြရသလို အားလုံးကို ပျော်စေချင်တဲ့ဆန္ဒနဲ့ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားခဲ့ကြတဲ့သူတွေလည်း နှစ်ရှည် ထောင်ဒဏ်တွေနဲ့အတူ အဓိပ္ပါယ်မဲ့တဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြရပါတယ်။ ဒါတွေအပြင် နာဂစ်မုန် တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မလုပ်နိုင်သေးတာတွေ၊ အေ အိုင်ဒီအက်စ်ရောဂါသည်တွေကို ဆေးဝါးလုံလောက်အောင် မပေးနိုင်တဲ့အတွက် လာမယ့်နှစ်မှာ ဝေဒနာရှင် (၂၅၀၀၀) လောက် သေဆုံးရမယ့် ကိစ္စတွေ၊ ကျန်းမာရေးနဲ့ ပညာရေးနိမ့်ကျနေတာတွေ၊ ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့အတူ နက်ရှိုင်းလာတဲ့ ဆင်းရဲမွဲတေမှုတွေ စသဖြင့် အဆင်မပြေမှုတွေက ဒုနဲ့ဒေးပါ။

အမှန်တော့ ဒီလိုအဖြစ်ဆိုးတွေကို ဘယ်နိုင်ငံသားတွေကမှ မကြုံတွေ့ချင်ကြပါဘူး။ ဒါကြောင့်လည်း နိုင်ငံရေး နိုးကြားသူတွေက အုပ်ချုပ်သူအစိုးရတွေကို ပြောင်းလဲဖို့ ကြိုးစားလာကြတာပါ။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စံနစ် အမြစ်တွယ်ခဲ့တာ နှစ်ပေါင်း (၅၀) ခန့်ရှိပါပြီ။ ဒါကို ပြောင်းလဲဖို့ အတိုက်အခံအင်အားစုတွေ ကြိုးစားလာ ခဲ့တာ နှစ်အတော်ကြာခဲ့ပေမယ့် ခုထက်ထိ အဖြစ်ရှိအောင် မလုပ်နိုင်သေးပါဘူး။ အရေးပါတဲ့ နိုင်ငံရေးခေါင်း ဆောင်တွေကို မတရားဖမ်းဆီးထောင်ချတဲ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်ကွက်နေတဲ့ ကြားထဲကနေ တ ရားဥပဒေမဲ့ လုပ်ရပ်တွေကို ပြောင်ပြောင်တင်းတင်း လုပ်လာတဲ့အထိ စစ်ခေါင်းဆောင်တွေက အတင့်ရဲလာခဲ့ ပါတယ်။ ဒီမင်း ဒီစိုး ဒီအာဏာရှင်မျိုးနဲ့ ဒီမိုး ဒီလေ ဒီလိုအခြေခံဥပဒေနဲ့ကတော့ အနာဂတ်မှာ မတွေးရဲစရာ ပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေကို ရာသီဥတုကြမ်းတမ်းပြီး သွားလာရခက်ခဲတဲ့ အစွန်အဖျားဒေသမှာရှိတဲ့ အ ကျဉ်းထောင်တွေဆီကို ပြောင်းရွှေ့နေတာတွေ၊ တည်ဆဲဥပဒေများကို မလေးစားဘဲ ထင်ရာစိုင်းနေတဲ့ တရား ရုံးများရဲ့ တဖက်သတ် ဆုံးဖြတ်ချက်တွေ၊ တိုင်းပြည်ရဲ့ သယံဇာတတွေကို အထိမ်းအကွပ်မရှိ ထုတ်ရောင်းနေ တာတွေ စတဲ့ နအဖရဲ့ လုပ်ရပ်တွေဟာ အနာဂတ်ကို ထင်ဟပ်ပြနေတာပါ။

ဒီတော့ ကျွန်တော်တို့အနေနဲ့ အပြောင်းအလဲကိုလိုချင်ရင် အစဦးဆုံး လုပ်ရမယ့်အလုပ်က ပြဿနာရဲ့ အ၀န်း အ၀ိုင်းအတွင်းမှာ ရှိတဲ့သူတွေ ဆက်နွယ်ပတ်သက်နေတဲ့ သူတွေဟာ မိမိတို့ရဲ့ အတွင်းစိတ်နဲ့ အမူအကျင့် တွေကို အမှန်အတိုင်းမြင်အောင် ကြည့်ရပါမယ်။ ကိုယ့်မှာ ဘယ်လိုစိတ်ဆိုးစိတ်ဆာတွေ ရှိနေသလဲ၊ ဘာတွေ ကို ပြောင်းလဲဖို့လိုသလဲ၊ အပြောင်းအလဲကို လက်ခံတဲ့ စိတ်ရှိရဲ့လား စတာတွေကို မြင်အောင်ကြည့်ရပါလိမ့် မယ်။

အဓိကနဲ့ အခြေခံအကျဆုံး ပြောင်းလဲရမယ့် အရာတွေကတော့ တကိုယ်ကောင်းဆန်တဲ့စိတ်၊ အနာဂတ်ကို ကြိုတင်ပြင်ဆင်ရကောင်းမှန်း မသိတဲ့စိတ်၊ မသိလိုက်မသိဖာသာ အမိန့်တွေကို နာခံနေတတ်တဲ့စိတ်၊ အမှား အမှန်မခွဲခြားဘဲ လွယ်လွယ်နဲ့ လက်ခံတတ်တဲ့ ကျွန်စိတ်၊ မတရားမှုတွေကို ရင်ဆိုင်ရမှာ ငြင်းဆန်ရမှာ ကြောက်တဲ့စိတ် စတဲ့အရာတွေပါပဲ။ မတရားတဲ့ လူမဆန်တဲ့ အရာတွေကို ရင်ဆိုင်ရမှာ ကြောက်နေရင် နောက် ထပ်မတရားမှုတွေက ဆက်တိုက်ဆိုသလို ရောက်လာမှာပါ။ အသိညဏ်နဲ့ မယှဉ်တဲ့ လုပ်ရပ်တွေကို ကိုယ်နဲ့ မဆိုင်သလို ငုတ်တုတ်ထိုင်ပြီး ကြည့်နေရင် မကြာခင် ကိုယ့်အလှည့် ရောက်လာလိမ့်မယ်ဆိုတာကိုတော့ သတိ ပြုမိစေချင်ပါတယ်။

မိတ်ဆွေ … အကယ်၍ သင့်မှာ အပြောင်းအလဲဖြစ်ဖို့ ကြိုးစားအားထုတ်ချင်တဲ့စိတ်ရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံမှာ အပြောင်းအလဲတစ်ခုဖြစ်ဖို့ တကယ်ကို လိုအပ်နေပြီဆိုတာကို လက်ခံတဲ့စိတ်ရှိခဲ့ရင် … မကြာမီ ရောက်လာ တော့မယ့် နှစ်သစ်ကူးအခါသမယမှာ ကျွန်တော်တို့ရဲ့ အ၀တ်အစားဟောင်းတွေကို ပျော်ပျော်ပါးပါး ချွတ်ပစ်ကြ ရအောင် ဖိတ်ခေါ်လိုက်ပါတယ်။

အားလုံးကို လေးစားပါတယ်။

ခင်မောင်ခန့်

No comments: