Thursday, December 4, 2008

ရတနာပုံဈေးသူဈေးသားများ၏ အနူးအညွတ် ပန်ကြားလွှာ

အကြောင်းအရာ ။ ။ အသစ်ပြန်လည်တည်ဆောက်မည့် Yadanabon Super Center တွင် မြေညီထပ်ရှိ မူလဆိုင်ခန်းရှင်အချို့အား မြေအောက်ထပ် (Basement) တွင် နေရာချထားပေးရန် စီမံမှုအပေါ် မကျေနပ်သဖြင့် သတင်းထုတ်လွှင့်ပေးပါရန် တင်ပြခြင်း။

၁။ မန္တလေးမြို့ ၇၇ x ၇၈ လမ်းနှင့် ၃၃ x ၃၄ လမ်းကြားတွင်ရှိသည့် မန္တလေးမြို့၏ အသည်းနှလုံးဖြစ်သော အ ဆင့်မြင့်ရတနာပုံဈေးမှာ ၂၅-၂-၂၀၀၈ နေ့တွင် မီးလောင်ကျွမ်းခဲ့ပါသည်။ ထိုသို့ မီးလောင်ခဲ့မှုအပေါ် တောမီး လောင် တောကြောင်လက်ခမောင်းခတ်၊ ပွဲလန့်တုန်း ဖျာခင်း ဆိုသကဲ့သို့ အာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်တို့ ပူးပေါင်းပြီး မီးသင့်ခံ ဈေးသူဈေးသားများအပေါ် အခွင့်အရေးယူ အမြတ်ထုတ်ခဲ့ကြပါ သည်။

၂။ ပထမဦးစွာ မြေညီထပ်ရှိ ဈေးသည်များအား ယာယီဈေးတန်းဆောက်လုပ်ရာတွင် ၆ ပေ x ၆ ပေ တစ်ခန်း လျှင် ကျပ် ၅ သိန်းတောင်းခဲ့ပါသည်။ ဆိုင်ခန်းမှာ အုတ်ခင်း ၃ ပေခန့် အုတ်တက်ပြီး အပေါ်မှ ခြောက်ငါးမူးကာ သွပ်မိုးဖြစ်ပါသည်။ ယင်းဆိုင်ခန်းမှာ ၁ စတုရန်းပေလျှင် ၁၃၈၈၈.၈၈ ကျပ် ပေးခဲ့ရသည်။ ယင်းနှုန်းသည် တိုက်ဆောက်လုပ်ရသောနှုန်း ဖြစ်ပါသည်။ အမှန်တကယ်မှာ ၁ စတုရန်းပေးလျှင် ၇၀၀၀ နှုန်းသာ ကျသင့်ပါ သည်။ ယာယီဆိုင်ခန်း ၁၇၀၀ အား မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်၊ ဈေးနှင့် သားသတ်ဋ္ဌာနမှူး ဦးလှ မြင့်ဆွေတို့မှ "မင်းဆောက်လုပ်ရေး" မှ ဦးမင်းနိုင်၊ ဦးလှမြင့်ဆွေ၏ တပည့် ဦးရဲလင်းတို့နှင့်ပေါင်းပြီး ဆောက် လုပ်ခဲ့ခြင်း ဖြစ် ပါသည်။ ဆောက်လုပ်ချိန် တစ်လနီးပါးပင် မကြာပါ။ စုစုပေါင်း ကျပ်သိန်းပေါင်း ၈၅၀၀ ရသွား ပြီး ကျပ်သိန်း ၄၀၀၀ ခန့် အမြတ်ယူသွားပါသည်။ မြို့တော်ဝန်နှင့် ဈေးဋ္ဌာနမှူးမှ ယာယီဆိုင်ခန်းကို ၎င်းတို့အ စီအစဉ်ဖြင့် ဆောက်လုပ်ပြီး အကျိုးတော်ဆောင်မှ ဦးစီးလုပ်ကိုင်သကဲ့သို့ သတင်းလွှင့်ပါသည်။

၃။ ရတနာပုံဈေးနေရာတွင် MGW ကုမ္ပဏီ Yandanabon Super Center ဆိုပြီး ၆ ထပ် အဆောက်အဦး ဆောက်လုပ်ရန် ၁၄-၈-၂၀၀၈ နေ့တွင် ပန္နက်ချပါသည်။ ကုမ္ပဏီနှင့် M -C -D –C တို့ ပူးပေါင်း၍ ယခင်ရ တနာပုံဈေး မြေညီထပ်ရှိ သား၊ ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ဈေးသည် ၂၀၀ ကျော်အား မြေအောက်ထပ် (Basement) သို့ နေရာချထားရန် စီမံနေပါသည်။ ဈေးကြီးမီးလောင်ပြီးစအချိန်က မြို့တော်ဝန်မှ ဈေးသူဈေး သားများအား တွေ့ဆုံစကားပြောရာ၌ မူလဈေးသည်များအား မြေညီထပ်တွင် မူလအကျယ်အ၀န်းအတိုင်း နေ ရာပြန်လည်ရရှိအောင် ဆောင်ရွက်ပေးမည်ဟု ကတိပြုခဲ့ပါသည်။ ယခုအခါ ဈေးသည်ပေါင်း ၂၀၀ ကျော်အား မြေအောက်ထပ်သို့ နေရာချထားရန် ဋ္ဌာနမှူး ဦးလှမြင့်ဆွေမှ စီမံနေခြင်းမှာ ပိုလျှံသော ဆိုင်ခန်းများအား MCDC နှင့် ကုမ္ပဏီမှ အမြတ်ငွေများစွာနှင့် ရောင်းချရန်အတွက် စီမံခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ ဈေးသူ ဈေးသားများမှာ မြေညီထပ်တွင်ပင် ယခင်မီးမလောင်ခင်က အကျယ်အ၀န်းအတိုင်း ပြန်လည်ရရှိချင်ပါသည်။ ယခု အသစ်ဆောက်လုပ်မည့် ဈေးရှိ မြေညီထပ်တွင် မူလဈေးသည်များအား နေရာချထားပေးရန် မြေနေရာ အလုံ အလောက်ရှိပါသည်။ မူလဈေးသည်များ အားလုံးကိုလည်း မြေညီထပ်တွင် နေရာချထားပေးရန် ပုံစံရေး ဆွဲ ဆောက်လုပ်သင့်ပါသည်။ ထိုသို့မလုပ်ဘဲ ဈေးသည်များကို မြေအောက်ထပ်တွင် နေရာချထားမည်ဆိုပါက MCDC အနေဖြင့် ဈေးသူဈေးသားများ၏ မျက်နှာကိုမထောက် ဆောက်လုပ်မည့် ကုမ္ပဏီနှင့် ပူးပေါင်းပြီး ဈေး သည်များ၏ လည်ပင်းကို တက်နင်းသကဲ့သို့ ဖြစ်နေပါသည်။ MGW ကုမ္ပဏီနှင့် မြို့တော်ဝန် ဗိုလ်မှူး ချုပ် ဖုန်း ဇော်ဟန်၏ ယောက်ဖ ကိုဖြိုးတို့ ပူးပေါင်းပြီး ဈေးအားတည်ဆောက်သည်ဟု ကြားရပါသည်။ ထို့ကြောင့် မြို့ တော်ဝန်နှင့် ဈေးဋ္ဌာနမှူးမှ ဈေးသူ၊ ဈေးသားများ၏ မျက်နှာကိုမကြည့်ဘဲ လုပ်ချင်သလိုလုပ်နေခြင်း ဖြစ်ပါ သည်။

၎။ ၎င်းအပြင် ဆိုင်ခန်းဈေးနှုန်းမှာ ၆ ပေ x ၆ ပေ တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ နှင့် ၁၅၀ ကြားဟု သိရပါ သည်။ ကျပ်သိန်း ၁၀၀ နှင့်တွက်လျှင်ပင် ၁ စတုရန်းပေ ၂.၀၈ သိန်း ကျနေပါသည်။ မန္တလေးမြို့ (Down Town) ဧရိယာရှိ မြေဈေးမှာပင် ၁ စတုရန်းပေ ကျပ်နှစ်သိန်းနှင့် သုံးသိန်းကြားသာ ရှိပါသည်။ RC တိုက်တစ် လုံးအတွက် အပြီးအစီး လူနေထိုင်ရန်အသင့် (Factilicties) အပြည့်အစုံ အပါအ၀င်မှ ဆောက်လုပ်ရေးစ ရိတ်မှာ ၁ စတုရန်းပေလျှင် ကျပ် ၃ သောင်းဝန်းကျင်သာ ရှိပါသည်။ ယခုဈေးဆိုင်ခန်းတစ်ခန်းအတွက် ၁ စတု ရန်းပေ ၂.၀၈ သိန်းဆိုလျှင်တော့ စဉ်းစားသာကြည့်ပါတော့။ ကုမ္ပဏီနှင့် စည်ပင်သာယာပူးပေါင်းပြီး အမြတ် ငွေ ဘယ်လောက်ယူနိုင်သလဲဆိုတာ သိနိုင်ပါသည်။ သို့ဖြစ်၍ ၁ စတုရန်းပေလျှင် ၂၀၀၀၀ ကျပ်ဖြင့်သာ ရောင်း ချသင့်ပါသည်။

၅။ ကျွန်တော်တို့ ဈေးသူဈေးသားများအနေဖြင့် တင်ပြလိုသည်မှာ …
(က) မီးလောင်စဉ် ရောင်းကုန်ပစ္စည်းများ ဆုံးရှုံးခြင်း၊ ရောင်းချရန် နေရာပျောက်ခြင်း။
(ခ) နေရာဆိုင်ခန်းအသစ်အတွက် ဈေးကြီးစွာဖြင့် ထပ်မံငှားရမ်းရခြင်း။
(ဂ) စည်ပင်သာယာသို့ ယာယီဆိုင်ခန်းအား မတန်တဆ ငွေ ၅ သိန်း ပေးသွင်းခဲ့ရသော်လည်း ဈေးရောင်းချ၍ မရခြင်း။
(ဃ) အသစ်ဆောက်မည့် (Yadanabon Super Center) တွင်းလည်း မြေအောက်ထပ်တွင် နေရာချထားရန် စီမံနေခြင်း။
(င) ဆိုင်ခန်းတစ်ခန်း၏ ပေးသွင်းရမည့် ဈေးနှုန်းမှာ လွန်စွာမြင့်မားနေခြင်း။

၆။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရတနာပုံဈေးသူဈေးသားများမှာ လွန်မင်းစွာနစ်နာနေပါသဖြင့် အသစ်ဆောက် လုပ်မည့် ဈေးတွင် မြေညီထပ်၌ မူလအကျယ်အ၀န်းအတိုင်း နေရာပြန်လည်ရရှိရေးနှင့် သင့်တင့်သော ဆိုင် ခန်းဈေးနှုန်းများသာ ဖြစ်စေရေး ဆောင်ရွက်ပေးစေချင်ပါသည်။ ကျွန်တော်တို့၏ ခံစားမှု၊ စည်ပင်သာယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ၏ မတရားခေါင်းပုံဖြတ်မှုများအား နိုင်ငံတော်အကြီးအကဲများ သိရှိစေရန်အ တွက် သတင်းထုတ်ပြန်ပေးပါရန် အနူးအညွတ် အသနားခံတင်ပြအပ်ပါသည်။

ရတနာပုံဈေး
ဈေးသူဈေးသားများ

No comments: