Tuesday, December 30, 2008

ပွဲတော်ဝေးဝေး (ကဗျာ)

ပွဲတော်ဝေးဝေး
ဇာလာ

မှန်ပြောင်းတခုကို
ပြောင်းပြန်ကြည့်မိသလိုမျိုး …။

မြင်တော့မြင်နေရ
ပျော်ရွှင်နေလိုက်ကြပုံများလေ
တူရိယာတွေကို တီးမှုတ်ကြ၊
ဝတ်ကောင်းစားလှတွေနဲ့
လှည့်လည်နေကြ၊
မျက်နှာပေါ်မှာ
ပျားရည်စက်တွေ တွေ့ရပေမယ့်
ငါ့အတွက်တော့
"မြင်ကွင်းကျယ်" ဆေးရောင်စုံ ရုပ်ရှင်ကားတကား
ထိုင်ကြည့်နေရသလိုပါပဲ။

ညကျရင် ပွဲတော်အထိမ်းအမှတ်
မီးစောင်းတန်းတွေ ပေါ်ထွက်ကြဦးမယ်
ငါ့အတွက်တော့
ခပ်ဝေးဝေးက မီးပွင့်ကလေးတွေသာ
ဖြစ်နေဦးမှာပါပဲ ။ ။

ဇာလာ
(မြားနတ်မောင်မင်္ဂလာမဂ္ဂဇင်း၊ အောက်တိုဘာ၊ ၁၉၉၇)

No comments: