Friday, November 14, 2008

NCGUB ဘာလဲ ဘယ်လဲ

NCGUB ဘာလဲ ဘယ်လဲ
ပြည်သူ့ဘက်တော်သားတဦး

၁၉၉၀ခုနှစ် ဇူလိုင်လက ကျင်းပခဲ့တဲ့ ဂန္ဒီခန်းမ ဗိုလ်အောင်ကျော်လမ်းမှာ ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များနဲ့ NLD ပါတီ အလုပ်အမှုဆောင်ကော်မတီများ၊ ခေါင်းဆောင်များအားလုံး စုံညီ ဂန္ဓီခန်းမအစည်း အဝေးကြီး ကျင်းပပြုလုပ်ပြီးနောက် အချို့ဟာ ယှဉ်ပြိုင်အစိုးရဖွဲ့ဖို့ မန္တလေးမှာ အစည်းအဝေးလုပ်ခဲ့ကြတယ်။ ဒီအစည်းအဝေးမှာ ၀န်ကြီးချူပ်ရွေးဖို့ စဉ်းစားကြတာဟာ ဒေါက်တာစိန်ဝင်း မဟုတ်ပါဘူး။ အခြား CEC အဖွဲ့ ၀င်တယောက်ပါ။ ပေါက်ခေါင်းအမတ် ၀န်ကြီးချူပ် ဖြစ်ရမယ်ဆိုတဲ့ ဒေသစွဲ၊ ဦးဘ၀င်းသား၊ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အကိုဝမ်းကွဲဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် သချာင်္ဒေါက်တာ ဦးစိန်ဝင်းကို ရွေးတဲ့လူက ရွေးခဲ့ကြတာပါ။

ဦးစိန်ဝင်းဟာ သူနဲ့အတူ ရာသက်ပန်ဝန်ကြီး ဖြစ်နေတဲ့ ဦးဘိုလှတင့်၊ ဦးစန်းအောင် စသည်တို့နှင့် KNU ရဲ့ မေတ္တာရိပ်ကို ခိုလှုံပြီး နိုင်ရွှေကျင်၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးကျော်လှတို့တတွေက ပြည်ပရောက်အစိုးရဖွဲ့ဖို့ အ ဆင်သင့် လုပ်ကိုင်ထားတဲ့ အစိုးရတံဆိပ်တော်တွေ အသုံးပြုပြီး ရွေးကောက်ပွဲအနိုင်ရ Mandate ကို အသုံး ပြုပြီး အမျိုးသားညွန့်ပေါင်းအစိုးရဆိုတဲ့ နာမည်ခံခဲ့တယ်။ ညွန့်ပေါင်းဆိုတဲ့အတိုင်း တိုင်းရင်းသားခေါင်းဆောင် တွေပါ ပါဝင်ဖွဲ့စည်းဖို့ သဘောတူခဲ့ကြတယ် ဆိုပေမယ့် နောင်မှာ ရွေးချယ်ခံတွေပဲ ပါပါရစေဆိုတဲ့ ငြင်းဆိုချက် ရှိတယ်လို့ ပြောစမှတ်ပြုခဲ့ကြပါတယ်။

အစိုးရဖွဲ့စမှာတော့ MPU တွေ မရှိပါဘူး။ ရောက်လာသမျှ (၈) ဦး၊ (၁၁) ဦး စတဲ့ ၀န်ကြီးတွေပါဘဲ။ နာမည်တွေ တောင် မှည့်ခဲ့ပါသေးတယ်။ ကျန်းမာရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီး စသည်ပေါ့။ ရာသက်ပန်ဝန်ကြီးချူပ် ဦး စိန်ဝင်းကတော့ နိုင်ငံခြားရေးတာဝန်ယူပြီး ရာသက်ပန် ဘဏ္ဍာရေးဝန်ကြီးက ဦးဘိုလှတင့်ပါ။
ဝန်ကြီးများ (၁၁) ဦးရှိရာက ၂၀၀၄-၂၀၀၅ မှာ (၅) ဦးပဲ ရှိပါတော့တယ်။ ၂၀၀၃ ခုနှစ်အကုန်အထိ (၇) ဦးရှိရာ ကနေ ၂၀၀၄ ခုနှစ် မတ်လညီလာခံမှာ တရားရေးဝန်ကြီး ဦးသိန်းဦးနဲ့ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အေး ကို ဖြုတ်ပစ်ပါတယ်။ ပိုက်ဆံမရှိလို့ဆိုတဲ့ အကြောင်းပြချက်ပါ။ အဖြုတ်ခံရမှာ မသိတဲ့ ဦးသိန်းဦးက ပိုက်ဆံဆို တာ သူတို့ပဲရှာကြ၊ ရနေကြတာပါလို့ပြောတယ်။ သူတို့ဆိုတာက (၅) ဦးကော်မတီဝန်ကြီး ( အရှေ့/ အနောက်/ နယ်စပ်ဝန်ကြီး ၊ ဘဏ္ဍာရေးဝန်ကြီးနဲ့ ၀န်ကြီးချူပ်)ပါ။

ဝန်ကြီးချူပ်နဲ့ ၀န်ကြီးတွေက တသွေး၊ တသံ၊ တသားတည်းပါ။ ၀န်ကြီးချူပ်က Credential Challenge မှာ ညီ လာခံခေါ်ပြီး အမတ်အများဆုံး အကုန်လုံးက လက်မှတ်ထိုးပြီး အရေးဆိုသည်ဖြစ်စေ၊ ဟိုလူ ဒီလူ လာပြော ပြော၊ ဗိုလ်ချူပ်တာမလာဘောပဲ ပြောပြော၊ လက်မှတ်ထိုးဖို့ မပြောကြနဲ့၊ ပြောရင်သာမောကြမယ် ကျနော်က တော့ မထိုးရေးချ မထိုးလို့ … …. ။

ဒီမိုကရေစီ ဆိုတာဘာလဲ။

"ဦးစိန်ဝင်းရဲ့ ဒီမိုကရေစီ" လို့ ၀ိတ္တာရပြုရမယ့် ဒီမိုကရေစီအရ တသွေး၊ တသံ၊ တမိန့်လို့ ပြောရမယ့် အစိုးရပါ ပဲ။ အစိုးရဖွဲ့စည်းစဉ်က "မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် အမြန်ဆုံး ချူပ်ငြိမ်းရေး၊ အားလုံးပါဝင်တဲ့ ညီလာခံ ပေါ်ထွန်းရေး၊ ပြည်ထောင်စုအစိုးရတရပ် ပေါ်ထွန်းရေး" ဆိုတဲ့ ကြွေးကြော်သံနဲ့ ၁၉၉၀ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်မှာ ဖွဲ့စည်းခဲ့တယ်။
၁၉၉၄ ခုနှစ် UNGA မှစပြီး သုံးပွင့်ဆိုင်၊ သုံးပွင့်ဆိုင်လို့ တကျော်ကျော် ဟစ်အော်ပြီး၊ UNGA မှာ ဆုံးဖြတ်ချက် သုံးပွင့်ဆိုင်ဆွေးနွေးဖို့ စစ်အာဏာရှင်အစိုးရအား တိုက်တွန်းလိုက်သည်ဆိုတဲ့ ယခုထိ ရာသက်ပန် ရှင်သန်နေ ဆဲဖြစ်တဲ့ (ဆုံးဖြတ်ချက်) (တိုက်တွန်းချက်)အရ "သုံးပွင့်ဆိုင်" ကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ထားခဲ့တယ်။

သုံးပွင့်ဆိုင် ပါတနာ၊ Dialogue Partner ဖြစ်တဲ့ ချစ်လှစွာသော နအဖ ငြိုငြင်မှာကို မလုပ်ခဲ့။ ဒီပဲယင်း တရားခံ လည်း မလုပ်ခဲ့။ ရွှေဝါရောင်စစ်ဆင်ရေးမှာလည်း R2P မလုပ်ခဲ့။ ထိုသို့ အမျိုးမျိုး အနစ်နာခံ၊ မျက်စပစ်ခဲ့သော် လည်း မောင်မင်းကြီးသား နအဖ တုတ်တုတ်မှမလှုပ်။ "သုံးပွင့်ဆိုင်ဆွေးနွေးပွဲ မမျှော်လင့်နဲ့" လို့ ဗိုလ်ကျော် ဆန်း တိုင်းသိပြည်သိ ပြောခဲ့သော်လည်း ရွှေပြည်တော်မျှော်တိုင်းမဝေးလေဘူးဆိုပြီး မသိကျိုးကျွံ။ ဒါလေးနဲ့ပဲ အနောက်တိုင်း၊ အရှေ့တိုင်း၊ EU တခွင် ပြဲပြဲစင် (တရုတ်ပြည်ကလွဲလို့) Lobby လုပ်လို့ Donor ငွေတွေဖြုန်း ခဲ့တယ်။

Good Governance ဆိုသည်မှာ ပွင့်လင်းရိုးသားမှု၊ ပြည်သူ့ဆန္ဒလိုက်လျောမှု၊ ဝေဖန်ခံနိုင်မှု၊ Transparency – Accountability – People desire - လိုက်လျောမှု စသည်တို့နဲ့ သတ်မှတ်စံထိုးရမှာပါ။ ဒီစံတွေ ရှိသလားဆို တော့ ဘယ်ညီလာခံပဲ လုပ်လုပ်၊ ဘဏ္ဍာရေးမှာ ရငွေဆိုပြီး စာရွက်တစ်ရွက်ပြတယ်။ ဘယ်က ဘယ်လောက်ပဲ ရတယ်ပေါ့။ သုံးစွဲငွေဆိုတာ ပြရိုးထုံးစံမရှိ။ ရငွေစာရွက်တောင် ပြပြီးတာနဲ့ လက်မှတ်ထိုး သိမ်းဆည်းသွား တယ်။ ဘယ်လောက်သုံးလို့ ဘာတွေ ရလာဒ်တွေရှိလဲမသိ။ Strategic meeting - ဘဏ္ဍာရေး အစည်းအဝေး ၀ါရှင်တန်မှာလုပ်တယ် ပြောသံကြားတယ်။ MPU ကို ဖိတ်ကြားခြင်းမရှိ။ ဘဏ္ဍာရေးကော်မတီ ဘယ်သူတွေပါ မှန်းမသိ။ မသိ။
ဘက်ဂျက်ကို လွှတ်တော်တင်ပြ၊ လွှတ်တော်က အတည်ပြုဆိုတာတွေ မလိုက်နာ၊ ပြောမယ့်သူမရှိ၊ ရှိပြန်ရင် လည်း ပေါက်ပန်းဈေး လာမပြောနဲ့လို့ ဘဏ္ဍာရေးဝန်ကြီးက ဟောက်လိုက်သေးတယ်။

၂၀၀၄- ၂၀၀၅ မှာ တစ်နှစ်ကို ဒေါ်လာတသန်း ရတယ်။ NCGUB က WLB ကို ဒေါ်လာ ၆ သောင်း စွန့်ကြဲ တယ်။ နိုင်ငံတကာအစည်းအဝေးမှာ Lobby လုပ်ဖို့ ဘောင်ဘီတိုနံ့နံ့နဲ့ တီရှပ်ဝတ် အမျိုးသမီးခေါင်း ဆောင်ငယ် ငယ်လေးတွေတွေ့ရင် NCGUB က ထောက်ပံ့ငွေနဲ့ WLB အမျိုးသမီးခေါင်းဆောင်တွေလို့ မှတ်ကရောပဲ။ NLD(LA) အမျိုးသမီးအဖွဲ့ကို ရှိလား၊ ဘာလုပ်ပေးရမလဲ မေးဖော်တောင် မရပါဘူး။

MPU ငွေရေးကြေးရေး မိမိဘာသာ မရှာနဲ့၊ NCGUB က MPU ပြပြီး ငွေရှာထားတာ၊ MPU ကိုတော့ တစ်နှစ် ဒေါ်လာ ၃သောင်း အကုန်ခံ တော်ရောပေါ့။ MPU မှာ ရုံးတရုံး၊ ဓားတစင်း မရှိ။ သြစတြေးလျနိုင်ငံ၊ နယ်သာ လင်နိုင်ငံတွေမှာ နေခွင့်ရလည်း၊ တော်လှန်ရေးနယ်မြေရှိရာ မဲဆောက် MPU မှာ တာဝန်ထမ်းဆောင်နေပေ မယ့်လည်း Movement အတွက်မပါ၊ မဲဆောက် NCGUB ဘော်ဒါရုံးမှာ စားပွဲမရှိ၊ Staff မရှိ၊ ဧည့်ခန်းစားပွဲရှေ့ ပေါ်မှာရှိတဲ့ သတင်းစာဖတ်ပြီး ပြန်ကြရတယ်။

၂၀၀၆ ခုနှစ် တူရင်းစည်းဝေးပွဲအပြီးမှာ ရုံးဖွင့်ခွင့်နဲ့ Staff နှစ်ဦး ထားခွင့်ရတယ်။ ကွန်ပျူတာ၊ စားပွဲကုလားထိုင် နဲ့ စတိုင်လ်ကျနေတယ်။ ဘန်ကောက်၊ မယ်ဟောင်ဆောင် စတဲ့ တော်လှန်ရေး တိုင်းရင်းသားခေါင်းဆောင် တွေနဲ့ တွေ့ချင်ပေမယ့်၊ မဟာမိတ်ဆက်ဆံရေး လုပ်ချင်ပေမယ့် ဘယ်မှာလဲ ငွေ၊ လမ်းစရိတ်၊ စားစရိတ်၊ ဟိုမှာ ပေးချင်တဲ့ ဆေးလိပ်၊ ကွမ်းယာဖိုးတောင် မပေးနိုင်။

MPU ဘာတွေလုပ်နေသလဲဆိုရင် NCUB ဒေါက်တိုင်ဖြစ်တဲ့အတွက် ဘုံလုပ်ငန်း၊ ဘုံလမ်းစဉ်တွေမှာ ပါဝင် တယ်။ မဲဆောက် ရွှေ့ပြောင်းအလုပ်သမားတွေ လူထုတွေကို ပြည်ထောင်စုစနစ်၊ အလုပ်သမားရေးရာ စသည် ဟောပြောကြရတယ်။ မဲဆောက်ကိုလာတဲ့ NGO သံတမန်တွေ လက်ခံတွေ့ဆုံတယ်။ NCUB နဲ့ ညီညွတ်ရေး၊ သံဃာဦးသျှောင်အဖွဲ့တွေနဲ့ ညီညွတ်ရေး ကြိုးပမ်းတယ်။ မြန်မာနိုင်ငံက NLD Statement တွေ လူထုဆန္ဒတွေ လေ့လာကူညီပေးတယ်။ မဲဆောက်မှာရှိတဲ့ အခြားနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ မျက်မှောက်နိုင်ငံရေး ဆွေးနွေး၊ MPU အကြောင်းသိရအောင် ဟောပြော စသည် လုပ်ကြရပါတယ်။ ကိုယ်ပိုင် Strategy က NCGUB ရဲ့ Strategy ပါပဲ။ ဒါပေမယ့် NCGUB+MPU ပူးတွဲအစည်းအဝေးက လေးနှစ်တခါ ၀န်ကြီးချူပ်သက်တမ်းပြည့်မှ ပြုလုပ်တဲ့ ညီလာခံမှာမှ တွေ့ရတာပါ။ ဒီညီလာခံကို ၀န်ကြီးချူပ်ကိုယ်တိုင်တက်ရောက်မှ ဖူးမျှော်ခွင့်ကြုံရတာ ပါ။

၂၀၀၈ ခုနှစ် သက်တမ်းပြည့်တဲ့အခါ ထိုင်း- မြန်မာနယ်စပ်မှာ ကျင်းပပေမယ့် ၀န်ကြီးချူပ် ထိုင်းလာလို့မရလို့ စတုတ္ထအကြိမ်မြောက်ညီလာခံမှာ ၀န်ကြီးချူပ်ကို MPU က ရွေးချယ်ခြင်း မပြုနိုင်ပါဘူး။ စတုတ္ထအကြိမ် နောက် ဆက်တွဲညီလာခံကလည်း လတွေရွေ့လာလိုက်တာ ၂၀၀၉ ခုနှစ်ဖေဖော်ဝါရီမှာမှ ကျင်းပတော့မှာဖြစ်လို့ ၀န် ကြီးချူပ်ရဲ့ (၅) ဦးဝန်ကြီးအဖွဲ့ဟာ (၅)နှစ် စိုးစံသွားတယ် ဆိုရမှာပါ။

NCGUB က ညီလာခံတွေမှာ ထုတ်ပြန်ကြေညာချက် Declaration ထုတ်ပြန်ခဲ့ပေမယ့် နိုင်ငံရေးအစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ် အစီရင်ခံစာ ပြီးခဲ့တဲ့နှစ်တွေက ဘာရလာဒ်ကောင်းတွေ ရခဲ့တယ်ဆိုတာ အစီရင်ခံစာတွေ မ တွေ့မိပါဘူး။ MPUဆိုတာ တို့အစီရင်ခံရမယ့် သူတွေမဟုတ်ဘူးလို့ သတ်မှတ်ပုံရပါတယ်။ တော်လှန်ရေးနယ် ပယ်မှာ အဖွဲ့အစည်းတခုခုကို ဝေဖန်ရင် နအဖအကြိုက်ပြောတယ်မြင်လို့ အပြစ်အပြောခံရပါတယ်။

ဒီလိုနဲ့ပဲ အနှစ် (၂၀) ရှိခဲ့ပါပြီ။ နအဖ စစ်အာဏာပိုင်တွေကို ဖြုတ်ချင်ရင် သူတို့ပြုတ်ပီး ဘယ်သူ့ဘယ်အစိုးရကို အားကိုးပြုရမှာလဲ။ ဖြုတ်ချပီး အစားထိုးမယ့် ရွေးချယ်ခံ အမတ်မင်းတို့ အစိုးရကို တိုးချဲ့ပြုပြင်ပြောင်းလဲဖို့ မလိုဘူးလား။ အားကောင်းမောင်းသန် တိုင်းရင်းသားခေါင်းဆောင်များရော၊ စီးပွားရေးပညာရှင်တွေရော၊ သ တင်းစာဆရာကြီးများရော ပါဝင်မယ်ဆိုရင်ဖြင့် ...

"ဒါ ငါတို့ အားထားရာ အစိုးရ
ငါတို့ မှီခိုလဲလျောင်းရာ အစိုးရ
ငါတို့ ဂုဏ်ယူရမယ့် အစိုးရ"လို့
တနေ့ ၃ ကြိမ် ဦးထိပ်ပန်ဆင်မှာပါ ။ ။

ပြည်သူ့ဘက်တော်သားတစ်ဦး

1 comment:

Anonymous said...

တခြားနေရာမှလဲ ရေးထားပြီးသားပါ။ ဖတ်ပြီးသားဆိုရင် ဒါမှမဟုတ် မလိုရင် ကျော်သွားပါခင်ဗျား။

ပြည်တွင်း၊ နိုင်ငံတကာအခြေအနေများနဲ့ ကျွန်တော်တို့

အခုတလော ပြည်တွင်းမှာ ဖိနှိပ်မှုတွေက မီးကုန်-ယမ်းကုန်အောင် ဆိုးရွားနေပါတယ်။ အကြမ်းမဖက်နည်းနာတွေကို လာသင်ပေးသူတွေရဲ့ သင်ခန်းစာထဲမှာ ဆန္ဒပြသူတွေရှေ့မယ် အမျိုးသမီးတွေကိုထားပေးရင် နှိပ်ကွပ်မဲ့ ရဲတွေ-လုံထိန်းတွေအဖို့ နှစ်ခါပြန်စဉ်းစားလိမ့်မယ်လို့အကြံပေးတာရှိပါတယ်။ ၂၀၀၇ စက်တင်္ဘာမှာ အမျိုးသမီးလောက်တော့ စာရင်းမသွင်းနိုင်ဖြစ်သွားစေခဲ့တယ်။ သံဃာတော်တွေကို နှိပ်ကွပ်၊ စီးနင်း၊ ဖမ်းဆီး၊ သတ်ဖြတ်တဲ့အခါ ပြည်တွင်း-ပြည်ပ သြချခဲ့ရတယ်။ (နာဂစ်)ဖြစ်လို့ တိုင်းတပါးကနေ တာဝန်အရရော စေတနာနဲ့ပါ ကူမဲ့-ကယ်မဲ့သူတွေကို တားမြစ်-ဖင့်လေးတာတွေလုပ်ပြန်တော့၊ ကမ်းကုန်ရောလို့ ပြောရပြန်တယ်။ နောက်တခါလာပြန်ပြီဟေ့ဆိုရပါမယ်၊ ဘုန်းကြီးဆွမ်းကြွေးတဲ့သူ၊ လူတွေမသုံး သုံးအောင် အစွမ်းကုန် အားပေး-စီစဉ်ပေးရမဲ့ သတင်းနည်းပညာတွေကို သုံးမိသူတို့ စတဲ့သူတွေကို ထောင်ချလိုက်တာ ကြုံဘူးပေါင်-ဂုဏ်ထူးဆောင်လို့ ပြောရပြန်ပြီ။ ကျွန်တော်တို့နိုင်ငံရဲ့ အဖြစ်အပျက်တွေကြောင့် ရှိပြီးသား နိုင်ငံရေးသီအိုရီတွေ၊ နည်းနာတွေ၊ နိုင်ငံတကာဥပဒေတွေ ခေတ်မမီအောင် ဖြစ်သွားရပါတော့တယ်။

နိုင်ငံတကာစဉ်မြင့်မှာလည်း ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက်ကို ဒီနှစ်မှာ ထူးခြားတဲ့ ခံစစ်နဲ့ စစ်အုပ်စုက စတိုက်လာပါတယ်။ ၁၉၉၂ ကတည်းက အများသဘောတူ (ကွန်ဆင်းဆပ်)ဆုံးဖြတ်ချက် ချလာလိုက်တာ ၂၀၀၇ အထိ။ ဒီနှစ် မဲခွဲတဲ့ (ချဲလင့်)ကို စကျင့်သုံးလိုက်ပြီဖြစ်တယ်။ အရင်နှစ်တွေကတည်းက စကားလုံးအားပြင်းတဲ့ ဆုံးဖြတ်ချက် ရချင်ပေမဲ့ မဲခွဲတဲ့နည်းကို သွားရမှာမို့ (ကွန်ဆင်းဆပ်)ဖြစ်အောင် ရေရောပေးခဲ့ရတယ်။ အခု စစ်အုပ်စုက မဲခွဲနည်းကို ရွေးလိုက်ပါပြီ။ မဲမခွဲခင် ဘာမှအရေးမယူရေးအဆို (နိုး-အက်ရှင်-မိုးရှင်း) လုပ်လိုက်သေးတယ်။

(အက်ရှင်)မယူရေးဘက်က တရုပ် နဲ့ ရုရှားတို့ကစကားပြောပြီး (အက်ရှင်)မယူရေးကို ဆန့်ကျင်သည့်ဘက်က နော်ဝေ နဲ့ နယူးဇီလန်တို့က ပြောကြတယ်။ မဲခွဲတဲ့အခါ (အက်ရှင်)မယူရေးကို ထောက်ခံမဲ ၅၄ မဲ၊ ကန့်ကွက်မဲ ၉၀ မဲ၊ ကြားနေမဲ ၄၃ မဲရလို့ နအဖ-တရုပ်-ရုရှား ၀န်ရိုးတန်းဘက်က ရှုံးသွားပါတယ်။

နောက် ဆုံးဖြတ်ချက်ကို (စပွန်ဇာ)လုပ်တဲ့နိုင်ငံများနဲ့ (အီးယူ)ကိုယ်စား ပြင်သစ်နိုင်ငံက ဆုံးဖြတ်ချက်ကို ထောက်ခံဘို့ စကားပြောသလို မထောက်ခံဘို့ နအဖ ကိုယ်စားလှယ်က စကားပြောတယ်။ (ဘာဘေဒို့ စ်)၊ မြောက်ကိုရီးယား၊ မလေးရှား၊ အီဂျစ်၊ ထိုင်း၊ ဆီးရီးယား၊ အီကွေဒေါနိုင်ငံကိုယ်စားလှယ်တွေက နိုင်ငံတခုချင်းအလိုက်ဆုံးဖြတ်ချက်မျိုးကို မထောက်ခံကြောင်းအပါအ၀င် အဆိုကို ကန့်ကွက်မယ်ဆိုတာပြောကြတယ်။ မဲခွဲတဲ့အခါ ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၈၉ မဲ၊ ကန့်ကွက်မဲ ၂၉ မဲ၊ ကြားနေမဲ ၆၃ မဲနဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။ ဘဲလားရပ်၊ ကျူးဘား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဗီယက်နမ် တို့က ကန့်ကွက်မဲထည့်ရခြင်း အကြောင်းပြောပြီး ဂျပန်နဲ့ ဘရာဇီးက ထောက်ခံမဲထည့်ရခြင်းအကြောင်း၊ ကော်စကာရီကာမှ (အက်ရှင်)မယူရေးအဆိုကို ကန့်ကွက်ရခြင်းအကြောင်း ပြောကြားပြီးတဲ့နောက် နအဖ ကိုယ်စားလှယ်က ရုရှားနှင့် အိမ်နီးချင်းများကို ကျေးဇူးတင်စကားပြောပါတယ်။

ဘက်နှစ်ဘက်ကို ခွဲကြည့်လိုက်ရင် နအဖ အလိုတော်ရိနိုင်ငံများစာရင်းထဲမှာ အိမ်နီးချင်းတွေ အကုန်လောက်ပါနေတာ တွေ့ရတယ်။ ဘင်္ဂလားဒက်ရှ်၊ တရုပ်၊ အိန္ဒိယ၊ ဘူတန်၊ လော၊ မလေးရှား၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်း၊ ဗီယက်နမ်တို့က (အက်ရှင်)မယူရေးအဆို ထောက်ခံတဲ့ နိုင်ငံများဖြစ်ပါတယ်။ ကမ္ဘောဒီးယားနဲ့ အရှေ့တီမောတို့တော့ ဒီဘက်မှာ ပါပါတယ်။ နီပေါ၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန်တို့က ကြားနေခဲ့တယ်။ ဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်နိုင်ငံများထဲမှာ အယ်လ်ဂျီရီးယား၊ အဇာဘိုင်ဂျမ်၊ ဘင်္ဂလားဒက်ရှ်၊ ဘိုင်လိုရပ်စ်၊ ဘရူနိုင်း၊ တရုပ်၊ ကို့တ်တီဘွား၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လော၊ လစ်ဗျာ၊ မလေးရှား၊ နမီဘီးယား၊ နိုက်ကာရာဂွါ၊ အိုမန်၊ ရုရှား၊ ဆိုမာလီ၊ သီရိလင်္ကာ၊ ဆီးရီးယား၊ အုဇဘက်ကစ်စတန်၊ ဗင်နီဇွဲလား၊ ထိုင်း၊ ဗီယက်နမ်၊ ဇင်ဘာဘွေတို့ ဖြစ်ကြပါတယ်။

ပြည်တွင်းနဲ့နိုင်ငံတကာမှာ အဲလိုတိုက်ပွဲတွေကြမ်းနေချိန် ကျွန်တော်တို့အတွင်းထဲမှာလဲ အရှိန်ပြင်းပြင်းနဲ့ အချင်းချင်း ဝေဖန်ရေး(ဘလောကာ)စစ်ပွဲ ဆက်လက်ဆင်နွှဲနေဆဲပါ။ (အင်စီဂျီယူဘီ)နဲ့ပါတ်သက်နေတဲ့ အကြောင်းကိစ္စတွေ ဝေဖန်ကြတာကို ဒီမိုကရေစီကျင့်စဉ်တရပ်ဖြစ်လို့ ကြိုဆိုပါတယ်။

(စီစီ)ကိစ္စလို့အတိုခေါ်တဲ့ ကုလသမဂ္ဂမှာ ကုလားထိုင်နေရာ(ချဲလင့်)လုပ်တာက နိုင်ငံရေးပေါ်လစီကိစ္စဖြစ်လို့ လေးလေး နက်နက် သိဘို့-ဆွေးနွေးဘို့လိုပါတယ်။ မီဒီယာမှာပြောရတာမျိုးနဲ့ ဘလော့ခ်မှာရေးရတာမျိုး မတူနိုင်သလို တချို့အပိုင်းကို အတွင်းကြိတ်ဆွေးနွေးဘို့နဲ့ တံခါးပိတ်ပြောရတာမျိုးတို့လဲ ရှိနေပါတယ်။ လုပ်သင့်တယ်ဆိုတဲ့ဘက်ကနေ အထောက်အထား၊ အကိုးအကား၊ အလားအလာတွေကို သက်ဆိုင်သူတွေဆီ မျှဝေ-ချဉ်းကပ်မှုတွေလုပ်ပါတယ်။ လုပ်ထုံးအရ တာဝန်ခံလုပ်ရမဲ့သူအနေနဲ့ကလည်း တာဝန်မခံနိုင်ရတဲ့ အကြောင်းတရားတွေကို စာနဲ့ပေနဲ့၊ ပေးသင့်သူများထံ တလေးတစား ရေးသားပေးပို့ ပြန်ကြားထားတာတွေရှိထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အကြား လွန်ခဲ့တဲ့ရက်အနည်းငယ်က သီးသန့် ဆွေးနွေးခဲ့ကြပါတယ်။ နားလည်မှုတွေ တိုးတက်ရရှိခဲ့ပါတယ်။ ကိုယ်စားလှယ်တွေအကြား မဆွေးနွေးမီ၊ တပ်ပေါင်းစုတွေအကြားမှာလဲ ကျကျနနနည်းပါး ဆွေးနွေးခဲ့ကြပါသေးတယ်။

(စီစီ)ကိစ္စက ပညာပိုင်းရော နိုင်ငံရေးပိုင်းပါ နှစ်မျိုးလုံးစုပြီး၊ အပြန်အလှန်ပြောဘို့လိုတာပါ။ ပညာပိုင်းဆိုတာက လုပ်ထုံး-လုပ်နည်း၊ အလားအလာ၊ သမိုင်းကြောင်း၊ ဥပဒေကြောင်းတွေပါ ပါတယ်။ နိုင်ငံရေးစဉ်းစားချက်ပိုင်းဆိုတာက ကောင်းကျိုး-ဆိုးပြစ်၊ တာဝန်ခံဆောင်ရွက်မည့်သူ စတာတွေ အနည်းဆုံး ပါပါတယ်။ အခုချိန်အထိ အမြင်တွေ ထပ်တူ မကျသေးပေမဲ့ နီးစပ်မှုတွေရှိလာနေပါပြီ။ မတူတဲ့အယူအဆတိုင်းမှာ အားကောင်းတဲ့ငြင်းဆိုချက်တွေ ကိုယ်စီနဲ့ပါ။ တေ့တေ့ဆိုင်ဆိုင်၊ လေးလေးနက်နက် အတူထိုင်ဆွေးနွေးကြတဲ့အခါ (အီမိုးရှင်း)တွေ၊ (ဖရပ်စထွေးရှင်း)တွေကနေ တင်ပြချက်တွေထက် နိုင်ငံရေးအမြင်ဘက်ကို အနိုင်ပေးကြရပါတယ်။ ဆေးခါးကြီးမျိုတာမျိုးလဲ မျိုနိုင်ကြတာကို တွေ့ရပါတယ်။ တချိန်တည်းမှာ အနေအထားတွေကို စိုးရိမ်လွန်းလို့ အပြုသဘောဆောင်တဲ့ အကြံပေးမှုတွေ၊ ကြားဝင်တာတွေကလဲ လေးစားဘို့ကောင်းပါတယ်။ အပြုသဘောဆောင်တာရဲ့အကျိုးက အပေါင်းလက္ခဏာကို ရစေပါတယ်။

ဒီအချက်တွေက ထုတ်နုတ်တာတွေသာဖြစ်ပြီး အကုန်အစဉ်မဟုတ်သေးပါဘူး။ ဆိုချင်တာက မပြည့်မစုံသိရ၊ ကြားရတာလေးတွေနဲ့တော့ အမှန်ကို ကောက်ချက်ဆွဲမရနိုင်ဘူးဆိုတာဖြစ်ပါတယ်။ ဥပမာလေးတခု တင်ပြလိုပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တဦးမှ (အင်စီဂျီယူဘီ)သို့ တိုက်ရိုက်ပေးစာဆိုတာကို (ဘလော့ခ်)တခုမှာ ကံအားလျော်စွာ ဖတ်ရပါတယ်။ “ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်တွေရဲ့အကြောင်းပြချက်က အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက်ပြားနိုင်တယ်လို့ ဆိုပါတယ်”လို့ ပါတဲ့အချက်ဟာ (အမ်ပီယူ) အမြဲတန်းကော်မတီထံ ၃၀-၁၀-၀၈ နေ့ကပြန်ကြားခဲ့တဲ့ (အင်စီဂျီယူဘီ)ရဲ့တရားဝင် အကြောင်းပြချက်တွေနဲ့ အတော်ကြီး ကွဲလွဲနေပါတယ်။ ၃-၁၁-၀၈ နေ့မှာ (အမ်ပီယူ)ကနေ (အင်စီဂျီယူဘီ)ကိုပေးတဲ့စာမှာပါတာတွေနဲ့လည်း ကွဲလွဲ နေပြန်ပါသေးတယ်။ အဲလို အနီးကပ်-အတွင်းကပုဂ္ဂိုလ်များကတောင် ကိုးကားချက်တွေ လွဲနေရင် တခြားလူတွေဆို ပိုပြီး အမှန်ဖြစ်တာ-ရှိတာတွေနဲ့ အလှမ်းဝေးနိုင်တာမျိုးဖြစ်တဲ့အကြောင်းပါ။

၂၁-၁၁-၀၈ နေ့က ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရးဆိုင်ရာဆုံးဖြတ်ချက်တုံးက မဲပေးပုံစံကိုလေ့လာလိုက်ရင် (စီစီ)ကော်မတီ ၉ နိုင်ငံအနက် ၃ နိုင်ငံဖြစ်ကြတဲ့(အာဂျင်တီးနား၊ နော်ဝေနဲ့ အမေရိကန်ပြည်ထောင်စု)တို့ဟာ နအဖ ဘက်လိုက်စရာ မရှိပါ။ ကျန် ၆ နိုင်ငံထဲက တရုပ်၊ ရုရှား၊ ဘူတန်၊ ကုတ်-တီဗွာ၊ ဇမ်ဘီယာ တို့ဟာ နအဖ ဘက်သား ဖြစ်နိုင်ပြီး၊ ဘာဘေဒို့စ်က ကြားနေနိုင်ပါတယ်။

၂၀၁၀ဆိုတာကိုလည်း ကွင်းထဲမှာလုပ်နေရသူတွေကတော့ ငြင်းခုံ-ဆွေးနွေး-တိုင်ပင်-ဆုံးဖြတ်မှုတွေ လုပ်ပြီးကြပါပြီ။ ဂွင်ထဲမှာ လုပ်တဲ့သူတွေလုပ်နေကြပြီဖြစ်ပါတယ်။ အလေးအနက်သမားတွေဆိုရင်တော့ ပြည်တွင်းက အဖြစ်ဆိုးတွေအတွက် ဘာတွေလုပ်ပေးနိုင်မလဲ၊ နိုင်ငံတကာစဉ်မြင့်မှာ စစ်အုပ်စုရဲ့ ခံစစ်-ထိုးစစ်တွေကို ဘယ်လို အနိုင်တိုက်မလဲဆိုတာမျိုးကို လှုပ်ရှားမှုကြီးကို အပြုသဘောမျက်နှာမူတဲ့ စဉ်းစား-အကြံပြုမှုတွေနဲ့ လက်တွဲ လုပ်ဆောင်သင့်ကြပါကြောင်း တလေးတစား ရေးသားပါရစေ။

တင့်ဆွေ