Sunday, November 16, 2008

ကျောင်းဆရာနဲ့ နိုင်ငံရေး

မောင်စွမ်းရည်

ပီနန်ဆရာတော်ကြီးက အိမ်ဆိုတာ လူတွေနေကြတဲ့ နေရာဌာနပဲ။ နိုင်ငံဆိုတာလည်း လူအမျိုးမျိုး စုပေါင်းနေ ကြတဲ့ နေရာပဲ “ဌာန” ပဲ။ အိမ်တအိမ်မှာ ကြမ်းတွေ ကျိုးပေါက်နေရင်၊ အမိုးတွေ ပြိုပျက်နေရင် အိမ်ထဲမှာနေ ကြတဲ့ အိမ်သားအားလုံးရဲ့ အရေးကိစ္စဖြစ်သလို နိုင်ငံတနိုင်ငံမှာ ဒုက္ခရောက်နေရင်၊ ကပ်ကြီးသုံးပါးဆိုက်နေ ရင် နိုင်ငံအတွင်းမှာနေကြတဲ့ လူအမျိုးမျိုး၊ နိုင်ငံသားတွေရဲ့ အရေးကိစ္စဖြစ်ပြီး နိုင်ငံတွင်းမှာနေကြတဲ့ ရှင်လူရ ဟန်း စစ်သားရဲသား၊ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ကျောင်းသူတွေ အားလုံးနဲ့ဆိုင်တယ်။ မြန်မာ နိုင်ငံမှာ ကပ်ကြီးသုံးပါးဆိုက်နေတာမှာလည်း ဘုန်းကြီးတို့နဲ့ဆိုင်တယ်။ ဘုန်းကြီးတို့လည်း အတူပါဝင်ဖြေရှင်း ကြရမယ်။ သာသနာတော်ကြီးမှာ အန္တရာယ်ကျရောက်လာပြီဆိုတော့ ဘုန်းကြီးတို့ သာသနာ့ဝန်ထမ်း ရဟန်း သံဃာတွေအနေနဲ့ ပိုပြီးတာဝန်ရှိလာတာပေါ့လို့ ရဟန်းသံဃာနဲ့ နိုင်ငံရေး ပတ်သက်ဆက်စပ်ပုံကို မကြာခဏ ရှင်းပြတော်မူခဲ့ပါတယ်။

အလားတူပဲ ကျနော်တို့ ကျောင်းဆရာများဟာလည်း နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ နိုင်ငံရေးဆိုရာမှာလည်း စီးပွား ရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အရေးမျိုးစုံနဲ့ ဆိုင်တာပဲဆိုတော့ ကျောင်းဆရာနဲ့ နိုင်ငံရေး မဆိုင်ဘူးလို့ ဘယ်မှာပြောလို့ရပါ့မလဲ။ ဒါပေမယ့် ဗမာပြည်မှာ ကျောင်းဆရာတွေနဲ့ နိုင်ငံရေး ပတ်သက်ခွင့် မပေးတာ စစ် အစိုးရလက်ထက်တလျှောက်လုံးပါပဲ။ ကျောင်းဆရာသာမက ၀န်ထမ်းအားလုံးရော၊ နောက်တော့ နိုင်ငံသား အားလုံးပါ နိုင်ငံရေးနဲ့ ပတ်သက်ခွင့်မပေးတော့ပါဘူး။ အရေးအရာ အားလုံးကို စစ်တပ်ကပဲ ဆုံးဖြတ်ဆောင် ရွက်နေပါတယ်။ မဆလပျက်များကလည်း မဆလတို့ရဲ့ “မဆလ ဆိုရှယ်လစ်” သဘောတရားအရ စီးပွားရေး က “အခြေခံ”၊ နိုင်ငံရေးက “အပေါ်ထပ် အဆောက်အအုံ” တဲ့။ ဒါကြောင့် စီးပွားရေးကောင်းအောင် အရင်လုပ် မယ်။ နိုင်ငံရေးကို စစ်တပ်က ထိန်းချုပ်ထားမယ်။ တောင်းပွဲတိုက်ပွဲတွေ မလုပ်ကြနဲ့ဆိုပြီး စစ်ဗိုလ်တွေရဲ့ အာ ဏာရှင်စနစ်ကို ကျားကန်ဖို့ အားထုတ်နေကြတာ တွေ့ရပါတယ်။

ဟုတ်တာပေါ့။ စီးပွားရေးက အခြေခံပေါ့။ ဒီစီးပွားရေးကို စစ်ဗိုလ်တွေ “ဖော်ဆောင်” ကြရာမှာ ရှိသမျှ နိုင်ငံ တော်ရဲ့ အရင်းအမြစ်တွေကို သူတို့ပဲ “ဖော်” ပြီး သူတို့ပဲ “ဆောင်” သွားကြတော့ နိုင်ငံတော်ရဲ့ စီးပွားရေးက တနေ့တခြား စုတ်ပြတ်လာပြီး သူတို့စစ်ဗိုလ်တစုပဲ ဘယ်ခေတ်ကနဲ့မှ မတူအောင် ကြွယ်ဝလာကြလေရဲ့။ “အ ပေါ်ထပ် အဆောက်အအုံ” လို့ဆိုတဲ့ နိုင်ငံရေးနဲ့တကွ ကျန်းမာရေး၊ ပညာရေး စတာတွေက တနေ့တခြား စုတ် ပြတ်ပိဆင်းလာတာပေါ့။ ဒီလို စီးပွားရေးအခြေခံပျက်လို့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်လာတာပေါ့။

ဗမာပြည်ရဲ့ ယဉ်ကျေးမှုအစဉ်အလာအရ ‘ဆရာ’ ဆိုတာ အနန္တကျေးဇူးရှင်အဖြစ် မိဘနဲ့သာမက ဘုရားနဲ့ပါ တဂိုဏ်းတည်းထားခဲ့တာ ဖြစ်ပါတယ်။ ရွာတရွာ၊ ရပ်ကွက်တခုမှာ ဘုန်းကြီးရယ်၊ ကျောင်းဆရာရယ် အရင် (လူ ကြီး) (သူကြီး) ဆိုတဲ့ “သုံးချောင်းထောက် အုပ်ချုပ်ရေး” နဲ့ အုပ်ချုပ်ပြီး ရပ်ရွာငြိမ်းချမ်းသာယာရေးကို ဆောင် ရွက်လာခဲ့ကြတာပါ။ အစိုးရဆိုတာ အစဉ်အလာအရ ရပ်ကျိုး၊ ရွာကျိုးထက် အခွန်ဘဏ္ဍာတိုးဖို့ပဲ ဂရုပြုပြီး ရပ် ရွာကို လှည့်ကြည့်ခဲ့ကြတာပါ။

ဗမာ့ခေတ်သစ်သမိုင်းမှာ အရေးကြုံရင် ကျောင်းဆရာတွေက နိုင်ငံရေးသမား ၀င်လုပ်ခဲ့ကြရတာချည်းပါပဲ။ ဗ မာ့ခေတ်သစ်သမိုင်းအစကို “၀ံသာနု” နိုင်ငံရေးက စပါတယ်။ ၀ံသာနုခေတ်မှာ ဗုဒ္ဓသာသနနုဂ္ဂဟကျောင်းတို့၊ အမျိုးသားကျောင်းတို့ ဆိုတာတွေ တည်ထောင်ပြီး ကျောင်းဆရာတွေဟာ နိုင်ငံရေးထဲမှာ ပါဝင်လာခဲ့ကြတာ မဟုတ်လား။ ဖေ-ပု-ရှိန်ဆိုတဲ့ ဘိလပ်သွားကိုယ်စားလှယ် သုံးဦးထဲက ဦးထွန်းရှိန်၊ ဦးပုနဲ့ ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ ဒီးဒုတ်ဦးဘချို၊ အာဇာနည် ဦးရာဇတ်၊ ဦးဘ၀င်း၊ ဦးသန့်၊ ဦးနု၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ် စတဲ့ ပုဂ္ဂိုလ်ကျော်ကြီးတွေဟာ ကျောင်းဆရာတွေပါပဲ။ ကျောင်းဆရာတွေက နိုင်ငံရေးထဲရောက်၊ နိုင်ငံရေးသမား တွေက ကျောင်းဆရာထဲရောက်နဲ့ လိုအပ်သလို တာဝန်ထမ်းသွားကြတာကို တွေ့ရပါလိမ့်မယ်။

ကျောင်းဆရာတွေရဲ့နောက်မှာ ကျောင်းသားတွေရှိတယ်။ ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ကျောင်းသားတွေ က ရှေ့တန်းက ပါဝင်လေ့ရှိတယ်။ ဒါကြောင့် အသုံးမကျတဲ့ အစိုးရတွေက ကျောင်းသားတွေ အုံကြွမှာကို စိုး ရိမ်တယ်။ ဒီလိုစိုးရိမ်လို့ပဲ အစိုးရလခစား ကျောင်းဆရာတွေကို ချုပ်ကိုင်ကြတယ်။ ဆရာတွေ နိုင်ငံရေးမလုပ် ရ။ ကျောင်းသားတွေ နိုင်ငံရေးလှုပ်ရှားမှုမှာ မပါဝင်အောင်လည်း ကျောင်းဆရာတွေက ထိန်းကွပ်ကြတဲ့။ အမှန် ကတော့ “နိုင်ငံရေး မလုပ်ရ” ဆိုတာလည်း နိုင်ငံရေးလုပ်တာပါပဲ။ နိုင်ငံရေးကိစ္စမှာ ပါဝင်ဆောင်ရွက်ခြင်း တ မျိုးပါပဲ။

ကျောင်းဆရာတွေဟာ ကျောင်းမှာ စာသင်ကြရတယ်။ သိပ္ပံ၊ ၀ိဇ္စာဆိုတဲ့ ဘာသာရပ်တွေဟာ အဖြစ်မှန်၊ အ ကြောင်းမှန်တွေကို သင်ကြားပို့ချရတာ ဖြစ်ပါတယ်။ သမိုင်းသင်ရင် ခေတ်တွေ စနစ်တွေအကြောင်း ပါမယ်။ ဘောဂဗေဒသင်ရင် စီးပွားရေး အတက်အကျတွေအကြောင်း ပါမယ်။ ဒါတွေကို အကြောင်းအကျိုး ဆက်စပ် ရှင်းပြ သင်ကြားတဲ့အခါ လိမ်ပြောလို့မရဘူး။ သစ္စာတရားတွေကို ရှောင်ကွင်းလို့မရဘူး။ ကျောင်းဆရာဆိုတာ ဘာသာရပ်တွေကို သင်ကြားရင်း အမှန်တရားတွေကို လမ်းပြကြရတယ်။ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တ ရားတွေကို ပဲ့ကိုင်ပေးကြရတယ်။ မှန်တာလုပ် ဟုတ်တာပြောရဲရမယ်လို့ သမိုင်းပုံပြင် အထောက်အထားတွေ ဗုဒ္ဓ၀င်၊ ရာဇ၀င်တွေနဲ့ ပြောဟောဆုံးမကြရတယ်။ ဒီလိုသင်ကြားဆုံးမ နေရသူတွေဟာ ကိုယ်တိုင်လည်း နမူ နာစံပြဖြစ်အောင် နေကြရတယ်။ ၀တ်တာ၊ စားတာ၊ ပြောတာ ဆိုတာတွေကို နမူနာပြကြရတယ်။ ငါပြောသလို လုပ်၊ ငါလုပ်သလို မလုပ်နဲ့လို့ သင်ပြလို့ရှိရင်လည်း အရိုသေတန်မယ်။ ဒါကြောင့် ကျောင်းဆရာဟာ ကျောင်း သားတွေရဲ့ ရှေ့ဆောင်အဖြစ် အမြဲရှိနေရပါလိမ့်မယ်။

ကျောင်းဆရာဆိုတာကို ဘုရားနဲ့ တဂိုဏ်းတည်းထားပေမယ့် ဗမာ့အစဉ်အလာမှာ ဆရာပြောတိုင်း နာခံရမယ်၊ ကျိုးနွံရမယ်လို့လည်း ဖိနှိပ်မထားပါဘူး။ “တပည့်မကောင်း ဆရာ့ခေါင်း” ဆိုတဲ့ စကားလည်းရှိပါတယ်။ အဇာ တသတ်ဟာ ဒေ၀ဒတ်ကို ဆရာတင်မှားခဲ့ပုံ၊ အင်္ဂုလိမာလဟာ ဆရာ့အမိန့်နဲ့ လက်ညိုးတထောင်ဖြတ်ခဲ့ပုံ စတဲ့ ဗုဒ္ဓ၀င်တွေနဲ့လည်း အစဉ်ပြောပြ ဆုံးမခဲ့ကြတာရှိပါတယ်။

မြန်မာ့ပညာရေး အစဉ်အလာမှာ “ဆရာကျင့်ဝတ် (၅) ပါး” ကို လူတိုင်းသိတယ်။ ဒါလည်းပဲ သိင်္ဂါလောဝါဒ သုတ်က လာတာဆိုတော့ ဗုဒ္ဓကျမ်းစာ အစဉ်အလာတွေပါပဲ။ “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ” တဲ့။ ဆရာဟာ တပည့်တွေကို စာသင်ပေးရုံမက လိမ္မာအောင် ပဲ့ပြင်ဆုံးမရတယ်။ အတတ်ပညာတွေကိုလည်း ကိုယ်တတ်သလောက် မခြွင်းမချန် သင်ကြား ပို့ချပေးရမယ်။ အုပ်စိုးသူမကြိုက်လို့ဆိုပြီး သခင်ကိုယ်တော်မှိုင်း၊ သခင်အောင်ဆန်း၊ ဦးသန့် စသူတို့အကြောင်း မသင်ဘူး။ မင်းကျင့်တရား (၁၀) ပါး၊ တိုင်းပြည်စည်ကားကြောင်းတရား (၇) ပါးတို့ကို မသင်ဘူး စသဖြင့် ထိမ် ချန်တာမျိုးမလုပ်ကြရဘူး။ ကျောင်းသားတွေမှာ ဘေးအန္တရာယ် ကျရောက်လာရင်လည်း ဆီးတားကာကွယ် ပေးရမယ်တဲ့။ ကျောင်းသားတွေကို အန္တရာယ်ပြုတာဟာ ခုခေတ်မှာ စစ်အစိုးရပဲ ရှိပါတယ်။ ကျောင်းသားတွေ ကို ဖမ်းဆီးရိုက်နှက်၊ သတ်ဖြတ်ထောင်ချဆိုတာတွေ အဆက်မပြတ်လုပ်နေခဲ့တာ ၁၉၅၈ ခုနှစ်ကတည်းကပါပဲ။ တကျွန်းပို့တာ၊ သေဒဏ်ချတာတွေထဲမှာတောင် ကျောင်းသားတွေ ပါခဲ့ပါတယ်။ အဲသလို အန္တရာယ်ကျရင် ဆရာတွေက “ဘေးရန်ဆီးကာ၊ သင့်ရာအပ်ဖို့” လုပ်ရပါတယ်။ အဲဒီအခါ ဆရာရော ကျောင်းသားတွေပါ စစ်အ စိုးရက အန္တရာယ်ပြုတော့တာပါပဲ။

ခုခေတ်မှာ ကျောင်းသားတွေ အနှိမ်အခံရဆုံး ဖြစ်သလို၊ ဆရာတွေလည်း အဖိနှိပ်အခံရဆုံး ဖြစ်နေပါတယ်။ ဆရာတွေဟာ ဘွဲ့နှစ်ထပ်ယူရတယ်။ ရိုးရိုးဝိဇ္စာဘွဲ့၊ သိပ္ပံဘွဲ့အပြင် ပညာရေးဘွဲ့ပါယူရသေးတယ်။ ဒါဟာ သ ဘာဝကျတဲ့ ကမ္ဘာ့ပညာရေးထုံးစံပါပဲ။ ဆရာဟာ ဘွဲ့တန်ဖိုးနဲ့ရော၊ အလုပ်တာဝန်ကြီးပုံနဲ့ရော တွက်ဆရင် လ စာနဲ့ အခွင့်အရေးက အင်မတန်နည်းပါတယ်။ ရာထူးတက်တာလည်း နှေးပါတယ်။ ကျနော့်တုန်းကဆိုရင် နှစ် သုံးဆယ်လောက် လုပ်ခဲ့ပြီး ပညာရေးဘွဲ့အပါအ၀င် ဘွဲ့သုံးဘွဲ့ရှိခဲ့တာတောင် ပင်စင်နီးမှ ရာထူးတခါပဲ တိုးပါ တယ်။ မလောက်ငလို့ ကျူရှင်ပေးရင်လည်း အရေးယူခံရပါတယ်။ ဆရာဝန်ဟာ ပြင်ပမှာ ဆေးကုခွင့်ရှိပေမယ့် ကျောင်းဆရာဟာ ပြင်ပမှာ စာသင်ခွင့် မရှိပါဘူး။ ဆရာတင်မိုးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စတဲ့ ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေကို စာသင်ပေးဖို့ သက်ဆိုင်ရာ အကြီးအကဲတွေဆီက ခွင့်ပန်တောင်းယူခဲ့ကြပါတယ်။ ပြီးလည်း ပြီးရော ကျူရှင်ဥပဒေအရတဲ့ ၀န်ကြီးဦးကျော်ငြိမ်းက အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ ဆရာကြီး ဦးခင်မောင်လတ်လို ပုဂ္ဂိုလ်မျိုးက ရှေ့ဆုံးကနေ ကန့်ကွက်ပေမယ့် မရခဲ့ပါဘူး။

ကျောင်းဆရာတွေကို နိုင်ငံရေးနဲ့ မပတ်သက်စေချင်ပေမယ့် စစ်တပ်နိုင်ငံရေးပါတီ မဆလကိုတော့ မ၀င်မနေ ရ သဘောမျိုး လုပ်ခဲ့ပါတယ်။ ကျောင်းသားတွေကိုလည်း မဆလလူငယ်အဖွဲ့အစည်းဖြစ်တဲ့ လမ်းစဉ်လူငယ်အ ဖွဲ့ထဲကို ၀င်ခိုင်းပြီး “လမ်းစဉ်လူလည်” တွေမွေးထုတ်ခဲ့ပါတယ်။

ကျနော် အမေရိကန်ပြည်ထောင်စု ရောက်လာတော့ ခရီးရှည်ချီတက်ပွဲလုပ်ပြီး ငြိမ်းချမ်းရေးဆန္ဒပြလေ့ရှိတဲ့ ကျောင်းဆရာ ဦးဟန်လင်းဆိုသူကို သိကျွမ်းခွင့်ရတယ်။ သူဟာ အီသီကာနဲ့ နယူးယောက် မိုင် (၃၀၀) လောက်ကို တလကြာ ခြေကျင်လျောက်ပြီး ဆန္ဒပြခဲ့တာ ၂၀၀၄ ခုနှစ်ကစပြီး နှစ်စဉ်ပါပဲ။ ခရီးရှည်ချီတက်ရာ မှာ ဂျပန်ဘိက္ခူနီတဦးနဲ့ အမေရိကန်တဦးလည်း လက်တွဲပါဝင်လေ့ရှိပါတယ်။ နယူးယောက်ကိုရောက်ရင် ကု လသမဂ္ဂရုံးရှေ့၊ တရုတ်သံရုံး၊ ရုရှသံရုံးရှေ့တို့မှာ ဆန္ဒပြတာတွေကိုလည်း ရက်သတ္တတပတ်ကနေ တလကိုး သီတင်းအထိ လုပ်လေ့ရှိပါတယ်။ အကျိုးသက်ရောက်မှုလည်း များပါတယ်။

ဦးဟန်လင်းဟာ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်က ကျောင်းသားသပိတ်တွေရဲ့ နာယက၊ သပိတ်သမဂ္ဂပေါင်း စုံရဲ့ နာယကအဖြစ်နဲ့ ၁၉၈၈ ခုနှစ်က ခေါင်းဆောင်ခဲ့ပါတယ်။ ကျောင်းသားတွေကို ဖမ်းမယ်ဆီးမယ်၊ သတ် မယ်ဖြတ်မယ်လို့ စစ်အစိုးရက လုပ်လာတော့ ကျောင်းသား (၁၀၀) ကျော်ကို ဦးဆောင်ပြီး မြိတ် ထားဝယ်ခရိုင် လွတ်မြောက်နယ်မြေကိုတိမ်းရှောင်ခိုဝင်ခဲ့ရာက ကျောင်းသားတပ်မတော်မှာလည်း ပါဝင်ဆောင်ရွက်ခဲ့သူဖြစ် ပါတယ်။ ၁၉၉၆ လောက်ကစပြီး နယူးယောက်ပြည်နယ်၊ အီသီကာမြို့ကို ရောက်လာတယ်။ သူ့အားထုတ်မှု ကြောင့် အီသီကာမြို့မှာ ရှစ်လေးလုံးအထိမ်းအမှတ်နေ့ သြဂုတ် (၈) ရက်နေ့ကို“ဒီမိုကရေစီနေ့” သတ်မှတ်ပေး ခဲ့ပါတယ်။

သူ ကင်ဆာရောဂါဖြစ်လို့ ခုတော့ကွယ်လွန်ရှာပါပြီ။ ကင်ဆာရောဂါဖြစ်ဆဲမှာပဲ ခရီးရှည်ချီတက်ပွဲမှာ ကား မောင်းပြီး ဘေးကလိုက်ခဲ့ပါသေးတယ်။ သူဟာ ၁၉၅၁ က မွေးပြီး ၂၀၀၈ စက်တင်ဘာ (၂၆) မှာ ကွယ်လွန် ပါတယ်။ ဒီဆောင်းပါးနဲ့ ကွယ်လွန်သူ ကျောင်းဆရာ သူရဲကောင်း ဦးဟန်လင်းကို နောက်ဆုံးဂါရ၀ ပြုလိုက်ပါ တယ်။

မောင်စွမ်းရည်
(၂၀၀၈ ခုနှစ် နိုဝင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ …)

No comments: