Wednesday, November 19, 2008
ဒေဝူး မြန်မာပြည်က ထွက်သွား
(အခုတလော ယူကေနိုင်ငံမှာ အခြေစိုက်တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုင်းဆိုင်ရာ ၀န်ဆောင်မှုတွေကို မြန်မာ ပြည်ပရောဂျက်မှာ စာချုပ်ချုပ်လုပ်ကိုင်ဖို့ ဒေ၀ူးကနေ ကမ်းလှမ်းနေတဲ့ သတင်းတွေ ကြားရပါတယ်။ ဒီလုပ်ငန်း တွေကို မြန်မာပြည်ပရောဂျက်မှာ မပါဝင်ဖို့ ကင်ပိန်းလိုက်လုပ်နေရင်းနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ဆောင်းပါးလေးတ ပုဒ် ရေးခဲ့ဖူးတာကို သွားပြီးသတိရမိပါတယ်။)
၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်။
တတိယအကြိမ်မြောက် ကမ္ဘာအနှံ့ဆန္ဒပြပွဲများ ခြိမ်းခြိမ်းညံသောနေ့။ “ဒေဝူး မြန်မာပြည်က ထွက်သွား” ဟူသော ကြွေးကြော်သံများ တခဲနက် ထွက်ပေါ်လာသည်။ ထုတ်ဖော်ဟစ်ကြွေးခွင့်မရသော မြန်မာပြည်သူ လူထု၏ နှလုံးသားပဲ့တင်သံများမှာလည်း ကမ္ဘာအရပ်ရပ်မှ မြန်မာများနှင့် တထပ်တည်း တသားတည်း။
ကုမ္ပဏီတစ်ခုအား ဝိုင်းဝန်းမောင်းထုတ်နေရသည်မှာ အကြောင်းရင်းမသိလျှင်တော့ မြန်မာပြည်သားများ စီး ပွားရေး အမြင်မရှိဟူ၍ ထင်ချင်စရာရှိသည်။ နအဖအကြိုက်ဆောင် ပညာရှင်ဆိုသူများကလည်း ဝေဖန်ကြ သည်။ မြန်မာပြည်အား စီးပွားရေးမပိတ်ဆို့ဘဲ၊ စီးပွားရေးလမ်းများ ဖွင့်ပေးသင့်သည်ဆိုပဲ။ ထိုသို့သော လူများ ကား ဒေဝူးနှင့် နအဖတို့၏ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းအား အားတက်သရော ထောက်ခံကြသည်။ (၁၉၈၉) ခုနှစ်မှ (၁၉၉၆) ခုနှစ်ကာလတွင် စစ်အာဏာရှင်တို့ ထုတ်ပြန်ခဲ့သော ကူးသန်းရောင်းဝယ်ရေးဥပဒေများ၊ ရင်း နှီးမြှုပ်နှံရေး ဥပဒေများကိုသာ စနစ်တကျလေ့လာကြည့်လျှင် စီးပွားရေးခြွတ်ခြုံကျမှု ပြဿနာအရင်းခံများ သည် နိုင်ငံတကာ စီးပွားရေးပိတ်ဆို့မှုကြောင့်လား၊ စစ်အာဏာရှင်တို့ ပေါ်လစီညံ့ဖျင်းမှုများ၊ လာဘ်ပေးလာဘ် ယူမှုများကြောင့်လားဆိုသည့် အဖြေကား ထွက်ပေါ်လာပါလိမ့်မည်။ ဖက်စပ်စီးပွားရေးလုပ်ငန်းများတွင် ကိုယ် တိုင်ဖြစ်စေ၊ မိသားစုမှဖြစ်စေ ပါဝင်လုပ်ဆောင်ခဲ့သူများ အသိဆုံးပင်ဖြစ်မည်။ စနစ်တကျ လေ့လာစူးစမ်းပြီးမှ ပြောဆိုသည်မှာ ပိုမိုကောင်းမွန်ပါမည်။ အကြောင်းအရာတခုကို ဘက်လိုက် မပြောဆိုသင့်ပါ။ အမှန်တရားဆို လျှင် ရန်သူက လုပ်လျှင်လည်း ချီးကျူးရမည်။ မိတ်ဆွေမှ လုပ်လျှင်လည်း အားပေးရမည်။ အမှားဆိုလျှင်တော့ ရန်သူကလုပ်လျှင်လည်း ဆန့်ကျင်ရမည်။ မိတ်ဆွေမှ လုပ်လျှင်လည်း ထောက်ပြရမည်။ ဝေဖန်ရမည်။ ဤ သည်ကား လူ့ကျင့်ဝတ်။
‘ဒေဝူး မြန်မာပြည်က ထွက်သွား’ ဟူသော ကြွေးကြော်သံများ အဘယ်ကြောင့် ထွက်ပေါ်ခဲ့ပါသနည်း။
(၂ဝဝ၄) ခုနှစ်တွင် ဘင်္ဂလားပင်လယ်ပြင်၌ သဘာဝဓာတ်ငွေ့သိုက် တစ်တွင်းတူးဖော် တွေ့ရှိကြောင်း၊ ခန့်မှန်း တန်ဖိုးဒေါ်လာ (၄ဝ) ဘီလီယံရှိကြောင်း ဒေဝူးမှ ကြေညာသည်။ ယင်းနောက် အိန္ဒိယနိုင်ငံတွင်အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ရခိုင်နှင့် ချင်းပြည်နယ်ကို ဖြတ်သန်းသွားမည့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြီး ထွက်လာသည်။ ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာကား ...
(၁) သဘာဝပတ်ဝန်းကျင်
ဓာတ်ငွေ့ထုတ်ဖော်ရာတွင် သုံးသော drilling mud များတွင် polycydric aromatic hydro carbons, barium, arsenic စသည့် ဓာတ်ငွေ့များ၊ ရေဒီယိုသတ္တိကြွပစ္စည်းများ radio active materials (e.g. radium ၂၂၆) နှင့် အခြားပတ်ဝန်းကျင် ညစ်ညမ်းစေသော ဓာတ်သတ္တုများ ပါဝင်သည်။ ထို့အပြင် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ မစွန့်ပစ်ပါက toxic brine သည် စိုစွတ်မြေနှင့် သားငါးသတ္တဝါများပေါ်တွင် ဆိုးဝါးစွာ သက်ရောက်စေနိုင် သည်။ သို့ဖြစ်၍ သဘာဝဓာတ်ငွေ့ပိုက်လိုင်း မတည်ဆောက်ခင်တွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအ တိုင်း သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှု ဆန်းစစ်ချက်များ ပြုလုပ်ရပါသည်။ ရွှေစီမံကိန်းတွင်ကား ယင်းသို့သော ဆန်းစစ်ချက်များ ပြုလုပ်ထားခြင်းမရှိပါ။
(၂) ဒေသခံ ပြည်သူများ
ပိုက်လိုင်းစီမံကိန်းတလျှောက်တွင် ကျေးရွာအများအပြား ရှိနေသည်။ လုပ်ထုံးလုပ်နည်းအမှန်ကား တတ်နိုင်သ မျှ ပြည်သူများ မထိခိုက်စေရန် ပိုက်လိုင်းများ ရေးဆွဲရပါသည်။ မလွဲမရှောင်သာလျှင်ကား ဒေသခံများနှင့် ညှိ နှိုင်း၍ နစ်နာကြေးပေးခြင်း၊ နေရာချထားခြင်း စသည်များ ပြုလုပ်ရပါသည်။
နအဖတို့ သမိုင်းတလျှောက်တွင်ကား နစ်နာကြေးပေးဖို့ ဝေးစွ။ သေနတ်ပြ၍ မြေယာများ သိမ်းဆည်းသည်။ ရွာများပြောင်းရွှေ့သည်။ ဒေသခံများဘဝကား အိုးပစ်အိမ်ပစ်၍ လုပ်ကိုင်စားသောက်ရန် ခက်ခဲသော နေရာ များသို့ ရွှေ့ပြောင်းခံရရုံနှင့်လည်း မပြီးသေး။ အတင်းအကြပ် လုပ်အားပေးစေခိုင်းခံရမှုများ၊ လုံခြုံရေးအ ကြောင်းပြ၍ နယ်မြေခံ စစ်အင်အားများတိုးချဲ့ကာ အနိုင်ကျင့်စော်ကား ရက်စက်ခံရမှုများကလည်း ရှိသေး သည်။
(၃) ဒေဝူးကုမ္ပဏီ
သန်းပေါင်းများစွာသော ဒေါ်လာများ ရပါလိမ့်မည်။ သဘာဝပတ်ဝန်းကျင် ဆန်းစစ်ချက်လည်း လုပ်ရန်မလို၊ နစ်နာကြေးများလည်း ပေးရန်မလို၊ ပိုက်လိုင်းလုံခြုံရေးဝန်ထမ်းများလည်း ငှားရန်မလို၊ လုပ်ခကြေးငွေများ လည်း လုပ်အားနှင့်အညီ ပေးရန်မလို၊ ကံကောင်းလျှင် အခမဲ့ လုပ်သားများလည်း ရနိုင်သည်ဆိုတော့ မျက်ဖြူ ဆိုက်လေ ဆရာကြိုက်လေ ဖြစ်နေသည်။ ဤသည်ကိုက ဒေဝူးတွင် စီးပွားရေးလုပ်ငန်းတို့ စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာမဲ့ကြောင်း ထင်ရှားနေသည်။
လောကတွင် အရာရာ၌ ကျင့်ဝတ်ဆိုသည်မှာ ရှိပါသည်။ အမှန်တရားနှင့် တာဝန်ယူမှုသည် လူ့သိက္ခာ၊ အဖွဲ့အ စည်းတစ်ရပ်၏ သိက္ခာပင်ဖြစ်သည်။ သိက္ခာရှိသည်ဆိုလျှင် သုဘရာဇာပင် တန်ဖိုးရှိသည်။ ညအချိန်မတော် အုတ်ဂူခိုးဖောက်သူများကို အသက်နှင့်ရင်းပြီး ရင်ဆိုင်သူ၊ သုဘရာဇာ၏ ဂုဏ်သိက္ခာကား၊ ကျက်သရေရှိလှ သည်။ ထို့အတူပင် တရားမျှတစွာ၊ သမာသမတ်တည်စွာ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်သူသည် တိုင်း ပြည်၏ ကျက်သရေဆောင် ကုန်သည်ပွဲစား၊ စီးပွားရေးသမားဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဖြတ်လမ်းလိုက်အ ချောင်နှိုက်ကာ ကြီးပွားချင်သူများ (လူပွဲစားများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူများ) ဆိုသည် ကား စီးပွားရေးသမားမဟုတ်။ မသမာသူများ၊ အခွင့်အရေးသမားများ၊ သူတပါးမျက်ရည်နှင့် ထမင်းစားသူများ သာဖြစ်သည်။
လူတစ်ဦးချင်း၏ ကျင့်ဝတ်ပင်လျှင် ဤမျှအရေးကြီးသည်ဆိုလျှင် စီးပွားရေးလုပ်ငန်းတစ်ခု စောင့်ထိန်းရမည့် ကျင့်ဝတ်ဆိုလျှင်ကား အဘယ်သို့ဆိုဖွယ်အံ့နည်း။ သည်သို့ဆိုလျှင် အပြစ်မဲ့ လူအများအား ချိန်ရွယ်ထားသော သေနတ်ထဲသို့ ကျည်ဆန်များ ထည့်ပေးနေသော ဒေဝူးအား မြန်မာပြည်သားများက ‘ဒေဝူး မြန်မာပြည်က ထွက်သွား” ဟူ၍ မောင်းမထုတ်သင့်ပေဘူးလား။ မထွက်မချင်း မောင်းထုတ်ဖို့ ကြိုးပမ်းနေရမည်ကား မြန်မာ အားလုံး၏ တာဝန်တစ်ရပ် ဖြစ်၍နေပေပြီ။
(၄) နအဖ
ရွှေစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံမှ ၁၇ ဘီလီယံအား နအဖတို့ ရရှိမည်ဖြစ်ပါသည်။ နအဖတို့၏ မသမာမှုများအားပြောရလျှင် စာဖွဲ့၍မကုန်နိုင်ပါသောကြောင့် ဤဆောင်းပါးတွင် ပြောမနေတော့ပါ။ တစ်ခုပဲ ဆုတောင်းမိပါသည်။ “ဤဘီလီယံ ဒေါ်လာများသည် စိန်များအဖြစ်သို့မပြောင်းဘဲ ဆေးရုံများ၊ စာသင်ကျောင်း များအဖြစ်သို့ ပြောင်းလဲခွင့်ရပါစေ” ဟူ၍ ...။ ဆုတောင်း၍သာ နေရပေမယ့်လည်း သေချာနေသည်ကတော့ နအဖဆွေမျိုးသားချင်းများ၏ တိုက်တာအိုးအိမ်များ၊ စိန်ရွှေရတနာများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်မှာ မြေခတ်မလွဲ ဖြစ်နေလေတော့ ...။
သို့ဖြစ်ရာ အနှစ်ချုပ် ဆိုရသော်ကား ...
‘ဒေဝူး မြန်မာပြည်က ထွက်သွား’
ခင်မမမျိုး (နိုဝင်ဘာ၊ ၂၀၀၆)
(www.khinmamamyo.blogspot.com မှ ကူးယူဖော်ပြပါသည်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment