Monday, November 24, 2008

ရွှေကျင်သမား

ရွှေကျင်သမား
မွန်ဒရာ

နေထွက်ချိန်ဆို
တလှမ်းချင်း လှမ်းလျှောက်လာ
ငါတို့ရှိရာ
ငါတို့ကမ္ဘာသို့
ငါတို့အားလုံးရဲ့ အိပ်မက်
ငါတို့က ပိုင်တယ်
ငါတို့ကို ပိုင်တယ် …။

ငါတို့ကို အကောင်းဆုံး မောင်းနှင်အား
ငါတို့က အကောင်းဆုံး မောင်းနှင်ပြီး
ငါတို့ရဲ့ လောင်စာ
မျှော်လင့်ခြင်းဆိုတာ
ဟိုးဝေးဝေးက
သက်တန့်ကြီးကိုလည်း
လေဆန်မှာ ခွင်းပစ်နိုင်တယ်
ဒါပေမယ့်
လေစုန်ကို စီးဆင်းသူ
ငါတို့မဟုတ် …။

ချစ်ခြင်းမေတ္တာလား
အမုန်းတရားသက်သက်လား
အဖြူထည်စစ်စစ်
ဒါမှမဟုတ်လည်း
ညစ် … ထေး … မဲ … မှောင်
ဥပေက္ခာထက် ထက်သော
ဓားသွားတလက်ပေါ်သို့
ငါတို့ရဲ့ မျက်လုံးများ
ငါတို့ရဲ့ အသည်းနှလုံးများ
ပစ်တင်ပြီးစတေး
အဲဒီလိုမျိုး
ငါတို့လောင်းကြေးမထပ်လိုပြီ။

တနေ၀င်ချိန်
တိမ်ရောင်စုံတွေ အိမ်မပြန်နိုင်ကြဘူး
ပန်းပွင့်အားလုံးက
လမ်းပြကြယ်ဖြစ်နေလျက်နဲ့ …
သမုဒ္ဒရာတွေ ခြားတယ်
ငါတို့စစ်ချတယ် …
တောင်တန်းကြီးတွေမကခြားတယ်
ငါတို့စစ်ချတယ် …
အမေ့အိမ်နဲ့ အရိပ်စစ်စစ် သီချင်းနှစ်ပုဒ်ခြားတယ်
ငါတို့စစ်ချတယ် …
ရွှေမှုန်ရောင် တဖိတ်ဖိတ်တောက်ပြီဆို
ခေါ်သံတွေပဲ့တင်
ငါတို့ရဲ့ဝိဉာာဉ်
ငါတို့ပြန်သိမ်းတယ်
ငါတို့ကို ပြန်သိမ်းတယ် …
နောက်ထပ်
ကောင်းကင်ကြီးကို မော့ကြည့်တယ်။

မနက်ဖြန်အတွက်က
ငါတို့အားလုံးမော့သောက်နေကျ
မသိသလိုလို သိနေပြီး
သိသလိုလို မသိခြင်းမျိုး …
ကျန်ရစ်ခဲ့တာလား
ချန်ရစ်ခဲ့တာလား
အမှတ်တမဲ့
ငုံ့ကြည့်ဖြစ်မယ်ဆို
ဟောဟို ဆန်ကာပေါက်တွေအောက်မှာက
ငါတို့ဘ၀ရဲ့ မိုင်တိုင်စတွေ …။

(အိမ်ဝေးသူတိုင်းအတွက်)

မွန်ဒရာ

No comments: