Thursday, November 20, 2008

ခရီဒင်ရှယ်ချဲလင်း ဘာလဲ ဘယ်လဲ

စိုင်းနောင့် တင်ပြသည်။

နအဖစစ်အစိုးရရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂအထွေထွေညီလာခံထဲက ထုတ်ပစ်ဖို့ ကြိုးစားနေပြီဆိုတဲ့ သတင်းကြားတဲ့အခါ ကျနော်တို့ ပြည်တွင်းပြည်ပက ပြည်သူလူထုတွေ ၀မ်းသာအားရ စိတ်ဓာတ်တက်ကြွခဲ့ပါ တယ်။ ဒါပေမယ့် ညွန့်ပေါင်းအစိုးရဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း လက်မှတ်မထိုးလို့ သက်ဆိုင်တဲ့ ကုလသမဂ္ဂ အရာရှိက လက်မခံဘဲ ပယ်ချလိုက်တယ် သတင်းကြားလို့ ၀မ်းနည်းပက်လက် ဖြစ်ကြရပါတယ်။ ဒါပေမယ့် ဒီ ကိစ္စဟာ ဒါနဲ့ပြီးရမှာလား။ ယုတ်မာဆိုးဝါးလှတဲ့ နအဖကို နိုင်ငံတကာက ၀ိုင်းပယ်နိုင်ဖို့ တခြားနည်းလမ်း မရှိ တော့ဘူးလား။

ကုလသမဂ္ဂမှာ ခရီဒင်ရှယ်ချဲလင်းလုပ်ဖို့ဆိုတာ စင်ပြိုင်အစိုးရတခုရဲ့ သမ္မတ (သို့) ၀န်ကြီးချုပ် (သို့) နိုင်ငံခြား ရေးဝန်ကြီး တယောက်ယောက်က လက်မှတ်ထိုးတင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အဲသလိုတင်လို့ ကုလသမဂ္ဂ မှာ မဲခွဲပြီး နိုင်ရင် နဂိုရှိနေတဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ကို မောင်းထုတ်ပြီး စင်ပြိုင်အစိုးရရဲ့ ကိုယ်စားလှယ်အ ဖွဲ့က ကုလသမဂ္ဂမှာ တရားဝင်နေရာရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂသမိုင်းမှာ အဲသလို တိုင်းပြည်တခုလုံး ချုပ်ကိုင်မထားနိုင်တဲ့ စင်ပြိုင်အစိုးရကို နေရာပေးခဲ့တာ တိုင် ၀မ် (၁၉၄၉ မှ ၁၉၇၁ အထိ)၊ ကမ္ဘောဒီးယား (၁၉၇၉ မှ ၁၉၉၁ အထိ)၊ အာဖဂန်နစ္စတန် (၁၉၉၆ မှ ၂၀၀၁ အ ထိ)နဲ့ ဆီယာရာလီယွန်း (၁၉၉၇) တို့ဖြစ်ခဲ့ပါတယ်။ တောင်အာဖရိက (၁၉၇၀ မှ ၁၉၉၄ အထိ)၊ ဟန်ဂေရီ (၁၉၅၆ မှ ၁၉၆၃ အထိ) နဲ့ ဟေတီ (၁၉၉၁ မှ ၁၉၉၄ အထိ) တို့မှာတော့ အစိုးရနေရာကို ဘယ်သူ့မှမပေးဘဲ လစ်လပ်ထားခဲ့ပါတယ်။

ကုလသမဂ္ဂမှာ နေရာရခဲ့တဲ့ စင်ပြိုင်အစိုးရတွေကိုကြည့်ရင် ချန်ကေရှိတ်၊ သီဟာနုတို့လို နိုင်ငံတကာမှာ figure ရှိသူတွေ ဦးဆောင်တဲ့ အစိုးရမျိုး ဒါမှမဟုတ် စံပြုရလောက်အောင် အော့ကြောလန်တဲ့ တာလီဘန်လို အစိုးရ မျိုးကို ယှဉ်ပြိုင်နေတဲ့ အာဖဂန်အစိုးရဟောင်းတို့သာ နေရာရခဲ့ပါတယ်။ ကျန်တဲ့နိုင်ငံတွေကိုတော့ ကိုယ်စား လှယ်နေရာ လစ်လပ်ထားတာကိုပဲ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံလေ့ရှိပါတယ်။ တောင်အာဖရိ ကနဲ့ ဟန်ဂေရီနိုင်ငံတွေမှာတော့ စင်ပြိုင်အစိုးရမရှိပေမယ့် လက်ရှိအစိုးရတွေကိုပဲ ခရီဒင်ရှယ်ချဲလင်းလုပ်ပြီး မဲနိုင်လို့ ကိုယ်စားလှယ်နေရာ လစ်လပ်ထားလိုက်တာဖြစ်ပါတယ်။ ဟေတီနိုင်ငံမှာတော့ ရွေးကောက်ခံသမ္မတ အာရစ္စတိကို စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့တဲ့အခါ ကုလသမဂ္ဂ ခရီဒင်ရှယ်ချဲလင်းမှာ အာရစ္စတိအစိုးရကို ရော စစ်အစိုးရကိုပါ လက်မခံဘဲ လစ်လပ်ထားခဲ့ပါတယ်။

ဒီတော့ကာ ကျနော်တို့ မြန်မာနိုင်ငံကိုရော တောင်အာဖရိကတို့၊ ဟန်ဂေရီတို့လို လစ်လပ်သွားအောင် လုပ်လို့ မရနိုင်ဘူးလား။ ဒေါက်တာစိန်ဝင်းတို့ လက်မှတ်မထိုးတာ သူတို့အကြောင်းနဲ့သူတို့ ရှိပါလိမ့်မယ်။ ဒါ သူတို့ သ မိုင်းပါ။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေကတော့ ဒေါက်တာစိန်ဝင်း ကုလသမဂ္ဂမှာ နေရာတက်ယူဖို့ကို စိတ်မ ၀င်စားပါဘူး။ အဓိကက နအဖစစ်အစိုးရကိုယ်စားလှယ် ကုလသမဂ္ဂထဲက ကန်ထုတ်ခံရဖို့ပဲ ဖြစ်တယ်။ ဒေါက် တာစိန်ဝင်းဟာ သီဟာနုလို အဆင့်မျိုးလည်း ရှိတာမဟုတ်လို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက နေရာပေးဖို့ လည်း အလားအလာမမြင်ပါဘူး။

ဒါကြောင့် အကောင်းဆုံးက မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ ကိုယ်စားလှယ်နေရာကို လစ်လပ် ထားတာပဲဖြစ်တယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန သဘောထားကလည်း ဒီလိုလစ်လပ်ထားဖို့ သ ဘောကျကြောင်း နယ်စပ်က အတိုက်အခံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့တုန်းက ပြောခဲ့ပါတယ်။ အခုလို အတိုက် အခံအဖွဲ့တဖွဲ့က ကမကထပြုပြီး ခရီဒင်ရှယ်ချဲလင်းလုပ်ဖို့ကို အားမပေးပါဘူး။ နိုင်ငံတနိုင်ငံကနေ ကမကထပြု ပြီး နအဖစစ်အစိုးရကိုယ်စားလှယ်အဖွဲ့ကို ခရီဒင်ရှယ်ချဲလင်း လုပ်စေချင်တာဖြစ်ပါတယ်။ ဒီလို ချဲလင်းလုပ်ပေး ဖို့လည်း ဆိုဗီယက်ကိုလိုနီဘ၀က လွတ်မြောက်လာတဲ့ အရှေ့ဥရောပနိုင်ငံတွေ အသင့်ရှိနေပါတယ်။ နအဖနဲ့ သံအဆက်အသွယ်လည်းမရှိတဲ့ ဥပမာအားဖြင့်၊ အက်စ်တိုးနီးယား၊ ချက်၊ ပိုလန် စတဲ့ နိုင်ငံတခုခုက လုပ်ပေး မယ်လို့ သဘောထားပေးထားတာ ရှိပါတယ်။ စင်ပြိုင်အစိုးရတခုကို ကုလသမဂ္ဂထဲနေရာပေးလို့ နောင်မှာအ စဉ်အလာဖြစ်သွားမှာကို စိုးရိမ်တဲ့ တတိယကမ္ဘာနိုင်ငံတွေကလည်း လစ်လပ်ထားတာမျိုးကို ပိုပြီးသဘောတူ ထောက်ခံနိုင်ဖို့ အလားအလာများပါတယ်။

ဒါပေမယ့် နအဖအစိုးရ တကယ်မောင်းထုတ်ခံရရေးထက် ကိုယ့်တဦးတယောက်၊ ကိုယ့်တသင်းတဖွဲ့ နာမည်ရ ဖို့ ငွေရဖို့ပဲ ကြည့်ကြတဲ့အတွက် အခုတော့ ခရီဒင်ရှယ်ချဲလင်းကြီးဟာ ဖွတ်ရှူးဖြစ်သွားပြီး အချင်းချင်း ကွဲပြဲ ကုန်တာပဲ အဖတ်တင် ကျန်ခဲ့ပါတော့တယ်။

ကျနော်တို့ ပြည်သူလူထုကတော့ အခုတလော ရေနံတူးတဲ့ ကိစ္စကြောင့် နအဖနဲ့ ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်ရင် တောင် ဘင်္ဂလားဒေ့ရှ်နိုင်ဖို့၊ နအဖရှုံးဖို့ဘက်က အားပေးနေတာဖြစ်တယ်။ ဒါကြောင့် နအဖကို ပညာပေးဖို့၊ အ ရှက်ခွဲဖို့ဆိုရင် လက်ခုပ်တီးဖို့ အသင့်ပါ။ အဲဒါကို အဓိကမထားဘဲ NCGUB ကို ပညာပေးဖို့၊ အရှက်ခွဲ သိက္ခာချ ဖို့ အဓိက ဦးတည်ရင်တော့ ပြည်သူလူထုက စိတ်မ၀င်စားပါဘူး။ အနှစ် ၂၀ သက်တမ်းမှာ ဘယ်သူကဘာလဲ ဆိုတာ ပြည်သူတွေ သိနေကြပါပြီ။

တခုတော့ရှိပါတယ်။ ခရီဒင်ရှယ်ချဲလင်း အောင်မြင်သွားရင် ဗမာပြည်လွတ်မြောက်တော့မယ် ဒါမှမဟုတ် နအ ဖအနေနဲ့ ဒိုင်ယာလော့ မဖြစ်မနေ လုပ်ရတော့မယ်လို့တော့ စိတ်ကူးမယဉ်ဖို့ အရေးကြီးပါတယ်။ တောင်အာဖ ရိကနိုင်ငံမှာ ၁၉၇၀ ခု ခရီဒင်ရှယ်ချဲလင်း အနိုင်ရပြီးနောက် လူဖြူလူနည်းစု အာဏာရှင်အစိုးရ ပြုတ်ကျပြီး ဒီမို ကရေစီရတဲ့ ၁၉၉၄ ခုအထိ ၂၄ နှစ်ကြာသေးတယ်။ ကမ္ဘောဒီးယားမှာလည်း သီဟာနုအစိုးရ ခရီဒင်ချဲလင်းနိုင် ပြီး ကုလသမဂ္ဂမှာ နေရာရတဲ့ ၁၉၇၉ ခုနှစ်ကနေ ကုလအစီအစဉ်နဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီဖော်ဆောင်ရေး သဘောတူချက်ရတဲ့ ၁၉၉၁ အထိ ၁၂ နှစ်ကြာခဲ့တယ်လေ။

စိုင်းနောင့်

1 comment:

Unknown said...

ခရီဒန်ရှယ်လ် ချဲလန်းရှ် နဲ့  ပတ်သက်ပြီးပြောရရင် ဘယ်နိုင်ငံကဘဲ ထောက်ခံချင် ပေမဲ့လို့  နည်းလမ်း ၂ လမ်းရှိတဲ့အနက် ဒီနေ့  ကမ္ဘာ့  နိုင်ငံရေးအခြေအနေအရ စင်ပြိုင် အစိုးရကနေ တင်တာကိုဘဲ လက်ခံဖို့  များနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစ္စရေး ပြဿနာက နိုင်ငံကြီးတွေ အတွက် ပိုပြီးအရေးကြီးတဲ့အနေအထားမှာ ရှိနေလို့ ဖြစ်ပါတယ်။ ယနေ့  ကျနော်တို့  ကြုံတွေ့ နေရတာက ကျနော်တို့ မြန်မာနိုင်ငံသားတွေဟာ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့  ကိုယ့်အချင်းချင်း ဖိအားပေးရလိမ့်မယ်။ ကိုယ့်ကိုယ်ကို ဖိအားပေးပြီးမလုပ်ဘဲနဲ့  ဘေးလူကို အတင်းလုပ်ခိုင်းရင် သဘာဝမကျပါဘူး။ ကိုယ့်အစွမ်းအစ မရှိရင် ယနေ့ လို ကမ္ဘာမှာ ဘယ်သူက အင်တိုက်အားတိုက် ထောက်ခံကူညီချင်ကြမှာလဲ။ စဉ်းစားသင့်ပါတယ်။ စိတ်ဓာတ်မကျဘဲ ကိုယ့်အချင်းချင်း “အရည်အချင်း” ရှိသူတွေ အားပေးထောက်ခံပြီး ရနိုင်တဲ့နည်းမျိုးစုံနဲ့  မြန်မာ့အရေး နိုင်ငံတကာမှာ ပြန်လည်စတင်ပြီး ထိုးဖောက်ဖို့  အထူးလိုအပ်နေပါပြီ။ နို့ မဟုတ်ရင်တော့ မြန်မာ့အရေးကို နိုင်ငံတကာက စိတ်ဝင်တစားလုပ်ပေးဖို့ ဆိုတာ ပိုပြီး ဝေးလာတော့မှာအမှန်ပါဘဲ။ ယနေ့  အမေရိကန်မှာ ကြုံတွေ့ နေရတဲ့ အခက်အခဲ သူတို့ အချင်းချင်းညှိုပြီး ဖြေရှင်းနေတယ်။ အိုဘားမား က ဂျွန်မခေဏ်း ကို ခေါ်တွေ့ တယ်။ အချင်းချင်း ညှိုနှိုင်းကြတယ်။ သဘောထားကြီးတယ်။ ကိုယ့်အမြင် သူ့ အမြင် ပွင့်ပွင့်လင်းလင်း ဖလှယ်ပြီး အတူတကွ နိုင်ငံရဲ့  စီးပွားရေး ပြန်လည်ထူထောင်ဖို့  ကြိုးစားနေပြီ။ ကျနော်တို့ မှာလည်း တိုက်ပွဲဝင်နိုင်မယ့် ပြည်ပအစိုးရအသစ် အထူးလိုအပ်နေပါပြီ။ ဒါမှ ခင်ဗျားပြောသလို ခရီဒန်ရှယ်လ် ချဲလန်းရှ် တင်မကဘဲ တခြားနည်းလမ်းတွေနဲ့ လည်း တိုက်ပွဲဝင်နိုင်မှာပါ။ တိုက်တွန်းကြပါ။ ကူညီကြပါခင်ဗျား။

ပြည်သူ့ အစေခံ