မျှော်တုန်းမျှော်ဆဲ သူလည်းပေါ်လာဆိုသလို တောအစပ်ချုံအကွယ်မှ ဘွားကနဲ ထွက်ပေါ်လာသူမှာ ရဲဘော်ကို ရဲနောင် ဖြစ်နေ၍ လမ်းစပျောက်နေသော ကျနော်တို့နှစ်ဦး၏ မျက်နှာများ ၀င်းကနဲ ဖြစ်သွားကြသည်။ ကိုယ် ပေါ် ပြောက်ကျားအင်္ကျီရုံပြီး ဘောင်းဘီတိုနှင့် ပြေးလာသူ ကိုရဲနောင်က “ဆရာတို့နှစ်ယောက် ဘာတွေများဖြစ် နေလဲမသိဘူး၊ နောက်ကြောင်းပြန် လိုက်ကြည့်စမ်းလို့ တပ်ရင်းမှူးက အမိန့်ရှိလို့ အမြန်ပြန်ပြေးလာတာ” ဟု အမောတကော ဆီးပြောသည်။ ကျနော်က ကိုရဲနောင်အား “ဆောရီးပဲ၊ ကျနော်တို့နှစ်ယောက် သူးမွဲနီဆေးခန်း ထဲ ခဏ၀င်ကြည့်ပြီး ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတွေ လျှောက်ရိုက်နေလို့ နောက်မှာပြတ်ကျန်ခဲ့တာ” ဟု တောင်း ပန်စကား ဆိုလိုက်သည်။ ကိုရဲနောင်က “ဒါဆို ချီတက်ကြမယ်၊ ဆရာတို့ကို တပ်ရင်းမှူး ရပ်စောင့်နေတယ်” ဟုပြော၍ သူ့နောက်မှ ခပ်သုတ်သုတ် လိုက်လျှောက်ကြတော့သည်။
တကိုယ်စာ လူသွားလမ်းကျဉ်းလေးအတိုင်း လျှောက်လာပြီးနောက် မိနစ်ပိုင်းအတွင်းမှာပင် တပ်ရင်းမှူးကို လှမ်းတွေ့ရသည်။ တပ်ရင်းမှူးက အပြုံးနှင့်ဆီးကြိုရင်း အကျိုးအကြောင်း မေးမြန်းသည်။ ထို့နောက် ကျနော် တို့လေးယောက် ခပ်ပြေပြေတက်သွားသော အကွေ့အကောက် တောလမ်းကျဉ်းလေးအတိုင်း ဆက်လျှောက် ကြသည်။ တပ်ရင်းမှူးနှင့် ရဲဘော်ကိုရဲနောင်က ပစ္စည်းတွေသယ်ပြီး ရှေ့မှလျှောက်ကြသည်။ ကျနော်နှင့် ကို မင်းဆန်းမင်းက ဘေးဘီကို စပ်စုရင်း နောက်မှလိုက်ကြသည်။ ဘေးပတ်ပတ်လည်တွင် အင်ပင်ကြီးများ၊ ၀ါးရုံ ပင်များ ကာဆီးနေပြီး မွန်းလွဲနေပြောက်များက ကျနော်တို့အပေါ် ဟိုတကွက်ဒီတကွက် ထိုးကျနေသည်။
“ကုန်းပေါ်ရောက်ဖို့ ဘယ်လောက်ကြာကြာ ဆက်လျှောက်ရဦးမလဲ” ဟု မေးချင်စိတ်ပေါ်မိသော်လည်း ရှေ့မှ ပစ္စည်းတွေသယ်ပိုးပြီး လျှောက်နေကြသည့် တပ်ရင်းမှူးနှင့် ရဲဘော်ကိုရဲနောင်တို့ကို အားနာ၍ ဓာတ်ပုံမှတ် တမ်းတင်ရင်းသာ အသံတိတ် လိုက်ပါခဲ့သည်။ အကျင့်မရှိ၍လားမသိ။ လမ်းလျှောက်နေရင်း ဟောဟဲဟော ဟဲ ဖြစ်ချင်လာသည်။ သို့သော် သိပ်မမောခင်မှာပင် တပ်ရင်းမှူးတို့က ဘယ်ဘက်လမ်းခွဲလေးအတိုင်း လျှောက် ၀င်သွားကြသည်။ နောက်မှ ထပ်ကြပ်မကွာ လိုက်လျှောက်လာရာ ၀ါးရုံပင်တွေကြားမှအထွက် မြေကွက်လပ် တခုတွင် အင်ဖက်မိုး အကာအရံမဲ့သည့် ခြေတံတို ၀ါးတဲကြီးတခုကို တွေ့ရသည်။ တပ်ရင်း (၈) အစည်းအဝေး ပြုလုပ်ရာ ဘားတိုက်ဟု သိရပြီး ဇရပ်ကြီးတခုနှင့် တူလှသည်။
ရဲဘော်များနှင့် စကားစမြည်ပြောရင်း ကော်ဖီမစ်သောက်ရင်း ခေတ္တခဏ အနားယူပြီးနောက် တပ်ရင်းမှူး၊ ဆ ရာကျောင်း (တပ်ခွဲမှူး) တို့နှင့်အတူ စခန်းကုန်းတ၀ိုက် လှည့်လည်ကြည့်ရှုရန် ကျနော်နှင့် ကိုမင်းဆန်းမင်းတို့ စားဖိုတဲအပြင် ထွက်ခဲ့ကြသည်။ တပ်ရင်းမှူးတို့ ရပ်စကားပြောနေတုန်း စခန်းကုန်း၏ အနေအထားကို ကျနော် အကဲခတ်နေမိသည်။ ကုန်းပေါ်တွင် တဲငယ်နှစ်လုံးစီကပ်လျက် အတန်းလိုက် ဆောက်ထားသည့် တဲတန်းကို တွေ့ရသည်။ တဲတလုံးစီတွင် ရဲဘော်များ နှစ်ယောက်တတွဲ ဘယ်ညာစခန်းချ နေထိုင်ကြသည်။ ကျနော်က ကင်မရာလွယ်ရင်း တပ်ရင်း(၈)ရဲဘော်တို့ စခန်းချနေထိုင်ရာ တဲတလုံးချင်းစီကို စိတ်ဝင်တစား လိုက်လံကြည့် ရှုနေမိသည်။
“xxx စိုးစဉ်းမျှ စိုးရိမ်ကြောက်စိတ် မရှိတယ် xxx ခင်းထားတဲ့လမ်းဟာ တို့ရဲ့သစ္စာ xxx ငြိမ်းချမ်း ရေးအတွက် တိုက်ပွဲရှိရမယ် xxx နီတဲ့သွေး ရဲရင့်လို့ xxx ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ xxx”
“မိုးမခပင်တွေ xxx တို့သက်သေတည် xxx စိမ်းရင့်သော အေးမြကန်သာမြေ xxx ရိုးမတောင်ခြေ xxx နေရောင်မခတဲ့ တောင်တွေ xxx ငြိမ်းချမ်းစေ xxx”
ရစ်သမ်ဂစ်တာခတ်သံနှင့်အတူ ရဲဘော်တဦး၏ သီချင်းဆိုသံကို ကြားနေရခြင်းဖြစ်သည်။ သူဆိုနေသည်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲဘော် အဆိုတော်မွန်းအောင်၏ ‘ငြိမ်းချမ်းရေးတိုက်ပွဲ’ သီချင်းဖြစ်သည်။ ထိုသီချင်း သံစဉ်ကို အဆိုတော်ခင်မောင်တိုးက ‘လွန်ခဲ့သောနေ့’ အမည်ဖြင့် သီဆိုသည်ကို ပြည်တွင်း၌ရှိစဉ်က ကြားခဲ့ ဖူးပြီးဖြစ်သည်။ သို့သော် အခုကြားရသည့် ကိုမွန်းအောင်၏ သီချင်းစာသားက ပိုမိုလေးနက်လှသည်မို့ အဆို တော် ခင်မောင်တိုးအနေနှင့် စာပေစိစစ်ရေးမှ ဆင်ဆာလွတ်အောင် မူရင်းစာသားကို ပြင်ဆိုခဲ့လေသလားဟု ကျနော်စဉ်းစားနေမိသည်။
ကျနော် အလွန်အမင်း နှစ်သက်သည့် သီချင်းမို့ နားဆင်ချင်စိတ်ပေါ်လာသည်နှင့် စကားလက်ဆုံကျနေသည့် ရဲဘော်ကို နှုတ်ဆက်ကာ ပြန်တက်လာခဲ့သည်။ တဲတလုံးရှေ့တွင် ဆရာချိန်ဟု ကျနော်မှတ်မိနေသည့် မျက် မှန်နှင့် ရဲဘော်က မတ်ရပ်ဂစ်တာတီးကာ သီချင်းဆိုနေပြီး တပ်ရင်းမှူးက ပေါင်ကို လက်နှင့်ပုတ်ကာပုတ်ကာ စည်းချက်လိုက်ရင်း မျက်စိမှိတ်ခံစားနေသည်ကို တွေ့ရသည်။ အဆိုပါမြင်ကွင်းအား ကိုမင်းဆန်းမင်းက ဗွီဒီယို ကင်မရာဖြင့် မှတ်တမ်းတင်နေသည်ကို တပ်ခွဲမှူး ဆရာကျောင်းက နံဘေးမှ ပြုံးပြုံးကြီး ကြည့်နေလေသည်။ ပူရှိန်ပြင်းသည့် မွန်းလွဲချိန်ကြီးတွင် ဘယ်လိုအကြောင်းကြောင့် သီချင်းအေးအေးကို သီဆိုနေကြပါလိမ့်ဟု စေ့ ငုကြည့်မှ ကိုမင်းဆန်းမင်း ပွဲတောင်း၍ ဆိုပြခြင်းဖြစ်ကြောင်း သိရသည်။
သီချင်းဆုံးသည်နှင့် စခန်းကုန်း ခြံစည်းရိုးနားဆီသို့ ကတုတ်ကျင်းကြီးကိုကျော်ကာ ကျနော်တို့ လျှောက်လာခဲ့ ကြသည်။ ဆရာကျောင်းက ပြောက်ကျားဘောင်းဘီ၊ စစ်တီရှပ်ဝတ်ပြီး သေနတ်လွယ်ကာ လိုက်ပါလာသည်။ တံခါးပေါက်တခုအရောက်တွင် ဆရာကျောင်းနှင့် တပ်ရင်းမှူးတို့ ၀ါးရုံတောကြီးရှိရာ ခြံစည်းရိုးအပြင်သို့ ထွက် သွားကြသည်။ ရှေ့တွင် မိုင်းတွေထောင်ထားပြီး ရန်သူနအဖစခန်းနှင့်လည်း နီးနီးလေးဟုဆိုသဖြင့် ကျနော် တို့ ဧည့်သည်နှစ်ယောက် ကိုယ်သဘောနှင့်ကိုယ် လျှောက်မသွားရဲဘဲ နောက်မှနေ၍ ဆရာကျောင်းနှင့် တပ် ရင်းမှူးတို့ လျှောက်သလောက်သာ ကွက်တိလိုက်လျှောက်ကြသည်။
စိမ့်တွင်းထဲမှရေကို ခေါင်းမှလောင်းချိုးလိုက်သည်နှင့် ခရီးပန်းနေသည့် ကျနော့်တကိုယ်လုံး အေးစိမ့်လန်း ဆန်းသွားသည်။ ကျနော်ရေချိုးနေစဉ် တပ်ရင်းမှူးက ရေအိမ်ရှိရာ ကုန်းဆီသို့ ဆင်းလိုက်တက်လိုက်နှင့် ရေ ဖြည့်နေသည်။ ကိုမင်းဆန်းမင်းက ကျနော့်အရင်ရေချိုးပြီး ကုန်းပေါ်တက်သွားပြီ။ ကျနော်က ရေချိုးရသည်ကို အရသာတွေ့နေ၍ စိမ်ပြေနပြေ ဆက်ချိုးနေမိသည်။ အကြောအချဉ်တွေ ပြေသွားသလိုခံစားရပြီးနောက် ရေ ချိုးရပ်ကာ ကျနော် ကုန်းပေါ်ပြန်တက်ခဲ့သည်။
ထိုညနေက စားဖိုတာဝန်ကျသည့် ရဲဘော်ရန်ကုန်တို့ လက်ရာကလည်းကောင်း၊ ဗိုက်ကလည်း ဟောင်း လောင်းဖြစ်နေသည့်အတွက် ကြက်သားဟင်း၊ ဘူးသီးဟင်း၊ ငါးပိရည် တို့စရာတို့နှင့် ညနေစာသုံးဆောင်ရ သည်မှာ မြိန်ရေယှက်ရေရှိလှသည်။ ထမင်းသုံးဆောင်ကြပြီးသည်နှင့် ရဲဘော်အားလုံး စီးကရက်၊ ဆေးပေါ့ လိပ်ခွဲတမ်းယူပြီး ကိုယ့်တဲကိုယ် ပြန်သွားကြသည်။ မှောင်ရီေ၀၀ိုးတ၀ါးအချိန်လောက်တွင် ရဲဘော်အားလုံး ယူနီဖောင်းအပြည့်အစုံ ၀တ်ဆင်ပြီး လက်နက်ကိုယ်စီလွယ်ကာ စားဖိုတဲဆီ ပြန်ရောက်လာကြသည်။ ထို့ နောက် တပ်ရင်းမှူးနှင့် ရဲဘော်အားလုံး (ကင်းစောင့်ရဲဘော်နှစ်ဦးမှအပ) တပ်ရင်းအစည်းအဝေးလုပ်ရန် ဘား တိုက်ရှိရာသို့ ဆင်းသွားကြတော့သည်။ အမှောင်ထုက စခန်းကုန်းတခုလုံးကို သိမ်းပိုက်လိုက်ပေပြီ။ ကျနော် နှင့် ကိုမင်းဆန်းမင်းက ဓာတ်ပုံ၊ ဗွီဒီယိုမှတ်တမ်းတင်ပေးရန် ဘားတိုက်သို့ ခေတ္တလိုက်သွားပြီး အစည်းအဝေး စသည်နှင့် ကျနော်တို့နှစ်ယောက် ကုန်းပေါ်ပြန်တက်ခဲ့ကြသည်။

သန်းခေါင်နားနီးချိန်တွင် အစည်းအဝေးပြီး၍ထင့်၊ ရဲဘော်များ ကုန်းပေါ်သို့ ပြန်တက်လာကြသည်။ ရဲဘော်တ ဦးက ကျနော်နှင့် ကိုမင်းဆန်းမင်းအား ဘားတိုက်တွင် လာအိပ်ရန် တပ်ရင်းမှူးက မှာလိုက်ကြောင်း လာပြော သည်။ ကျနော်တို့နှစ်ဦး မှောင်ကြီးမည်းမည်းထဲ စမ်းတ၀ါးဝါးလျှောက်လှမ်း၍ ဘားတိုက်သို့ ရောက်သွားချိန် တွင် တပ်ရင်းမှူးက အိပ်ရန်ပြင်နေပြီ။ ကျနော်တို့လည်း ပါလာသည့်အိတ်တွေကို ခေါင်းခုပြီး တပ်ရင်းမှူးဘေး တွင် လှဲလိုက်ကြသည်။ ကျနော်တို့သုံးဦးအား ရဲဘော်ထွန်းထွန်းက စောင့်အိပ်ပေးသည်။ သူ့ဘေးတွင် သေ နတ်တလက် ထောင်ထားသည်။ တပ်ရင်းမှူး အိပ်ပျော်သွားသော်လည်း ဖယောင်းတိုင်မီး ငြိမ်းသွားသည်အထိ ကျနော်နှင့် ကိုမင်းဆန်းမင်းတို့ အိပ်လို့မပျော်ကြသေး။ အကာအရံမရှိသည့် ဘားတိုက်ကြမ်းပြင်ပေါ် စောင် ခေါင်းမြီးခြုံကွေးရင်း ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးအကြောင်း ဘေးချင်းကပ် တွတ်ထိုးနေကြသည်။ ထို့ နောက် ဘယ်သူအရင် အိပ်ပျော်သွားသည်လဲ ဆိုသည်ကို ကျနော်မသိလိုက်တော့ပေ။
(ဆက်လက်ဖတ်ရှုပါရန်)
(ဒေါင်းအိုးဝေမဂ္ဂဇင်းနှင့် ခေတ်ပြိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်)
No comments:
Post a Comment