နေထူး
ကိုဖိုးတေတယောက်တော့ ပြဿဒါးမှ ပြဿဒါး ဖြစ်သွားပါပြီ။ အစကနေ ပြောပြမှပါပဲ။ ကျုပ်တို့ရွာမှာ ကိုဖိုး တေဆိုတဲ့ လယ်ပိုင်ရှင်တယောက်ရှိတယ်။ လူ့ဂွတိုက်ကြီးပေါ့။
ရွာသားတွေအားလုံးက ရွာဦးကျောင်းက ဘုန်းတော်ကြီး ဦးအာစရကို လွှတ်ကြည်ညိုတာ။ အဲဒါကို ကိုဖိုးတေ က တဖက်သတ် မျက်မုန်းကျိုးနေတယ်လေ။
ရွာသားတွေ ဘာလေးပဲ လုပ်စရာရှိရှိ ဦးအာစရကို ပြေးတိုင်ပင်တာကိုလည်း ကိုဖိုးတေက လုံးဝ ကြည့်မရ ဖြစ်နေတယ်။
လယ်သမားတွေက မိုးဦးကျ ထွန်တုံးချဖို့ကအစ ကောက်စိုက် ပျိုးနှုတ်ဖို့အလယ် ထွန်တုံးပိတ်၊ တလင်းသိမ်း အဆုံး ဆရာတော်ဦးအာစရနဲ့ လျှောက်ထားတိုင်ပင်ပြီးမှ နေ့ကောင်းရက်သာရွေးပြီး စတင်လုပ်ဆောင်စမြဲပဲ။
အဲဒီတော့ ကိုဖိုးတေတယောက် ဂွတိုက်တော့တာပေါ့။ ဦးအာစရက “ဒီနေ့က နေ့ကောင်းရက်သာ ရက်ရာဇာပဲ၊ လယ် စ ထွန်ပါ”၊ “ဒီနေ့ကတော့ ပြဿဒါး၊ နောက်နေ့မှ ကောက် စ ရိတ်” စသဖြင့် မိန့်မှာရင် ရွာသားအားလုံး လိုက်နာပေမယ့် ကိုဖိုးတေကတော့ ဖီလာကန့်လန့်ချည်း လုပ်တော့တာပဲ။
ကိုဖိုးတေက ထွန်တုံးချ-ပြဿဒါး၊ ထွန်တုံးပိတ်၊ တလင်းသိမ်း-ပြဿဒါး၊ တိုတိုပြောရရင် ပြဿဒါးနေ့ချည်းပဲ အလုပ်စတယ်၊ အလုပ်သိမ်းတယ် ဆိုပါစို့။
ဒီနှစ်မှာမှ ကိုဖိုးတေ လယ်ကလည်း ကောင်းချက်က လွန်ပါရော။ ပျိုးတွေကလည်းသန်၊ စပါးနှံတွေ ကလည်း အောင် ရွှေရောင်ဝင်းမှည့်နေတာဆိုတော့ ကိုဖိုးတေတယောက် ရွာဦးကျောင်းနားက ဖြတ်သွားတိုင်း “စိုက်လား ဟေ့ ပြဿဒါး”၊ “ရိတ်လားဟေ့ ပြဿဒါး”၊ “အောင်လားဟေ့ ပြဿဒါး” ဆိုပြီး စပါးတိုက်၊ ကောက်ရိုးတိုက် သွားတိုင်း ဟစ်ဟစ်သွားတယ်လေ။
ဆရာတော် ဦးအာစရခမျာ မချိတရိ ကြိတ်မှိတ်နေရတော့တာပေါ့။ ကိုဖိုးတေလုပ်သမျှ အောင်မြင်နေတာကိုး။
အတိုချုပ်ရရင် ကိုဖိုးတေ တလင်းသိမ်းတော့ အထွက်တိုးတဲ့ စပါးတွေကို ကျီအပြည့်အသိပ် သွင်းပြီးလို့ ကောက်ရိုးပုံကြီး ဟီးနေအောင် သိမ်းဆည်းထားပြီးလို့ ရက်ပိုင်းအကြာမှာ ဘယ်ကဘယ်လိုလွင့်လာတဲ့ မီးပွား ရယ်မသိ၊ ကိုဖိုးတေရဲ့ ကောက်ရိုးပုံကိုစင်ပြီး လောင်လိုက်တာ ကိုဖိုးတေ အိမ်ဝိုင်းတခုလုံး မီးတောက်ဝါးသွား တဲ့ အထိပဲ။
မီးတောက်က ကြီးလွန်းတော့ မီးဝိုင်းငြှိမ်းဖို့လာတဲ့ ရွာသားတွေမှာ အနားတောင် မကပ်နိုင်ဖြစ်ပြီး တိုတိုပြောရ ရင် ကိုဖိုးတေပိုင်သမျှ ကောက်သစ်စပါးတွေအပါအ၀င် စည်းစိမ်အားလုံး ပြာကျသွားတော့တာပေါ့။ ကိုဖိုးတေ ခမျာ တချိန်လုံး ခေါင်းမော်ခဲ့သမျှ ခုတော့ အရူးတပိုင်းကို ဖြစ်ရောပဲ။
ခေါင်းငိုက်စိုက်ကျနေတဲ့ ကိုဖိုးတေတယောက် ရွာဦးကျောင်းဘေးက ယောင်ပြီးဖြတ်မိတဲ့အခါ ကျောင်းပြတင်း ကနေ ထတဲ့ပြီး ဆရာတော်ဦးအာစရက “စိုက်လားဟေ့ ပြဿဒါး၊ ရိတ်လားဟေ့ ပြဿဒါး၊ လောင်လားဟေ့ ပြဿဒါး” ဆိုပြီး လက်ရုံးဝင့်ကာ ကြွေးကြော်လေတော့ ကိုဖိုးတေမှာ ခတ်သုတ်သုတ်လေး လစ်ရတော့တာ ပေါ့။
ကျုပ်တို့ရွှေပြည်တော်မလဲ “မကြိုက်ပါဘူး၊ လက်မခံပါဘူး” လို့ ဆိုနေတဲ့ကြားကနေ အာဏာကို အဓမ္မရယူ သိမ်းပိုက်ပြီး အရသာတွေ့တော်မူလို့ ရာဇပလ္လင်ပေါ်က ဆင်းတော်မမူကြတဲ့ ခွေးထက်မိုက်တဲ့ လူ့တိရစ္ဆာန်တွေ လည်း ပြဿဒါးကိုဖိုးတေကိန်း ဆိုက်နေပါပြီ။
နိုင်ငံကို နွံထဲနှစ်ရုံမက မစင်တွင်းထဲကျနေကာမှ နိုင်ငံကယ်တင်ပါတယ်ဆိုပြီး ထပ်ဆင့်ကုပ်စီး စစ်အာဏာ သက် ဆွဲဆန့်တော်မူကြတဲ့ လူ့ဗာလများက ဉာဏ်နီဉာဏ်နက်နဲ့ ရွေးကောက်ပွဲတော်ကြီး ကျင်းပပေးတော်မူခဲ့ ပါတယ်။
သူတို့ထင်သလို မအတဲ့၊ နှလုံးသားရှိတဲ့ ပြည်သူများက အသည်းကြားက မဲတပြားစီကို သူတို့ ကြည်ဖြူ ထိပ် တင်လိုသူများကို ပေးလိုက်ကြတာ တပြည်လုံးဝက်ဝက်ကွဲ အောင်ပွဲခံပါရောလား။
အဲဒီတော့ ဉာဏ်နီဉာဏ်နက်နဲ့ မရတော့လို့ ဉာဏ်ပြာဉာဏ်ဝါတွေပါ ထပ်ဆင့်လာလိုက်တာ ကမ္ဘာ့စံချိန်တင် ငါ့စကားနွားရ မာရသွန်မိုးကြိုးပစ် ညောင်နှစ်ပင်ညီလာခံသာ အဆုံးသတ်သွားတယ်၊ ပြည်သူကြည်ဖြူသူများ လည်း တိုင်းပြည်အုပ်ချုပ်စီမံခွင့်မရ၊ တိုင်းပြည်လည်း ဘာနဲ့မှနှိုင်းမရတဲ့ ဖွတ်ကျောပြာစုဘ၀ ရောက်ရတော့ တာပဲ မဟုတ်လား။
ရာဇပလ္လင်ဖင်မြဲရေး အောက်လမ်းနည်းမျိုးစုံနဲ့ လုံးပမ်းနေတော်မူကြတဲ့ ဗိုလ်ချုပ်မင်းများဟာ ရှားမီးခဲ ပြာဖုံးနေ တာကို ဖင်ခုထိုင်မိမှန်း မသိဘဲကိုး။
ခုနောက်ဆုံး ရတနာသုံးပါးဂိုဏ်းဝင် သံဃာတော်များကို သွေးထွက်သံယို ကိုယ်ထိလက်ရောက် ကန်ကျောက် ရိုက်နှက်ရုံမက သင်္ကန်းချွတ်စော်ကားပြီး ထောင်သွင်းအကျဉ်းချတဲ့အထိ အ၀ီစိဆုပန်တဲ့ လုပ်ရပ်တွေ ကျူး လွန်လိုက်တာကြောင့် ပြဿဒါးကိုဖိုးတေကိန်း ဆိုက်သွားပါပြီ။
သူတပါးလည်း မကြည်ဖြူ၊ ကိုယ်နဲ့လည်း မထိုက်တန်တဲ့ အုပ်ချုပ်ခွင့်အာဏာကို ရာဇပလ္လင်ကို ခွေး၊ မျောက်နဲ့ ဘီလူး သုံးမျိုးစပ်ထားတဲ့ သတ္တ၀ါများက အသေအကြေ ဆက်လက်ဆုပ်ကိုင်ထားတာဟာ ပြဿဒါးအာဏာ သာဖြစ်တာကြောင့် မကြာမီ လောင်မီးကျပြီး စုတေရမှာ အမှန်ပါ။
နေထူး
Monday, November 10, 2008
ပြဿဒါး အာဏာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment