Sunday, November 9, 2008
ဒေါင်းတမန်များ ပျံသန်းမြိုင်မြိုင်ချီ (၂) (ခရီးသွားအက်ဆေး)
စက်လှေက သောင်ရင်းမြစ်ကို ကန့်လန့်ဖြတ်ခုတ်မောင်းနေသည်။ တောင်မှမြောက်သို့ ပြောင်းပြန်စီးဆင်းနေ သည့် သောင်ရင်းမြစ်ရေပြင်ကို ငေးစိုက်ကြည့်ရင်း “ပြောင်းပြန်စီးသောမြစ်လိုပဲ xxx ကိုယ့်ရဲ့ဘ၀ဟာ xxx အစီ အစဉ်မှန်သမျှ လွဲချော်နေ xxx အားလုံးပြောင်းပြန်ပဲ xxx” ဟူသည့် အဆိုတော်စံလင်း၏ သီချင်းစာသားကို ကျနော် ခပ်ဖွဖွ ညည်းဆိုနေမိသည်။ ကျနော်နှင့်အတူ စက်လှေစီးလာသည့် တခရီးတည်းသွားများသည် အေ ဘီအက်စ်ဒီအက်ဖ် ကျောင်းသားတပ်မတော် တပ်ရင်း(၈)မှ တပ်ရင်းမှူးနှင့် ရဲဘော်များဖြစ်ကြသည်။
ရဲဘော်များသည် ကျောင်းသားအရွယ်တွေဖြစ်လင့်ကစား သမိုင်းခေတ်၏ တောင်းဆိုချက်အရ လက်နက်ကိုင် တော်လှန်ရေးသမားတွေ ဖြစ်နေကြရသည်။ ပညာရှာဖွေ ဆည်းပူးနေကြရမည့်အစား ရက်စက်ကြမ်းကြုတ် သည့် စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ရေးအတွက် လက်နက်စွဲကိုင် တိုက်ပွဲဝင်နေကြရ သည်။ တပ်ရင်းမှူးဆိုလျှင်လည်း အင်ဂျင်နီယာဘွဲ့ကို စွန့်လွှတ်ကာ လက်နက်ကိုင်တော်လှန်ရေးထဲ ဘ၀ကို နှစ်မြှုပ်ခဲ့ရသည်။ ကျနော်သည်လည်း နားကျပ်ကို ဆောင်ရမည့်အစား ကလောင်လက်နက်ကို ကိုင်စွဲကာ ကျောင်းသားရဲဘော်များနည်းတူ မြန်မာပြည်လွတ်မြောက်ရေးတိုက်ပွဲထဲ ရောက်ရှိနေရသည်။ ဒါတွေသည်ပင် ကျနော်တို့ဘ၀တွေ၏ အစီအစဉ်လွဲချော်မှုတွေဖြစ်ပြီး ထိုအစီအစဉ်လွဲချော်မှုတွေကပင် အနာဂတ်မြန်မာနိုင်ငံ သားတွေအတွက် ကောင်းကျိုးချမ်းသာကို အစီအစဉ်တကျ ဖြစ်ထွန်းပေါ်ပေါက်စေလိမ့်မည်ဟု ယုံကြည်မျှော် လင့်နေမိလေသည်။
လှေဦးက ကမ်းစပ်ကို ဆောင့်မိပြီး တုန့်ခနဲဖြစ်သွားမှ အတွေးနယ်ချဲ့နေသည့်ကျနော် ဖျတ်ကနဲ အသိပြန်ဝင် လာသည်။ မြန်မာဘက်ကမ်းသို့ လှေကပ်ပေပြီ။ ကျနော် ခပ်မြန်မြန်ရပ်လိုက်ပြီး ကမ်းစပ်နှင့်ထိတွေ့နေသည့် လှေဦးထိပ်သို့ ဒယီးဒယိုင်လျှောက်သွားသည်။ ပြီးမှ ရင်ခုန်စွာဖြင့် ကမ်းပေါ်သို့ ခုန်ချလိုက်သည်။ အမိမြေပေါ် ကို ခြေအစုံချနင်းမိသည်နှင့် “ဒါတို့ပြေ xxx ဒါတို့မြေ xxx တို့ပိုင်တဲ့မြေ xxx” ဆိုသည့် ဖီလင်ထူးကို ကျနော် စီးစီးပိုင်ပိုင် ခံစားလိုက်ရသည်။
ထို့နောက် တပ်ရင်း(၈)ရှိ ရဲဘော်တွေအတွက် လက်ဆောင်ယူလာသည့် ရိက္ခာအထုပ်တွေကိုသယ်ရန် ကျနော် လိုက်ရှာသည်။ ကျနော့်အထုပ်တွေအား တပ်ရင်းမှူးက ကိုင်ထားပေးလျက်သားတွေ့ရသည့်အတွက် တပ်ရင်း မှူးကို ကျနော် အားနာသွားမိသည်။ တပ်ရင်းမှူးက “ကျနော်သယ်ခဲ့မယ် ဓာတ်ပုံပဲရိုက်ပါ” ဟု လှမ်းပြောသည်။ ကျနော်ကလည်း ဓာတ်ပုံမှတ်တမ်းတင်ချင်ဇောကြီးနေသည်မို့ “ကျေးဇူးပဲ တပ်ရင်းမှူး” ဟုပြောပြီး လှေဆိပ်အ ဆင်းအတက် လှေကားထိပ်သို့ပြေးကာ အပေါ်စီးမှရပ်၍ ထိုင်းဘက်ကမ်းသို့ ဓာတ်ပုံတဖျတ်ဖျတ်ရိုက်တော့ သည်။ ရောက်ခဲလတ်သည့် နယ်မြေတခုဖြစ်သည့်အတွက်လည်း ကျနော့်မှာ ရောက်တုန်းရောက်ခိုက် ဓာတ်ပုံ ရိုက်လို့မ၀ ဖြစ်နေသည်။
ဓာတ်ပုံရိုက်ပြီး သမင်လည်ပြန်လှည့်အကြည့်တွင် လှေကားထိပ်ရှိ ကင်းတဲမှ ကေအန်အယ်လ်အေ တပ်မဟာ (၇)၏ အစောင့်ရဲဘော်တချို့နှင့် တပ်ရင်းမှူးတို့ ကျောင်းသားတပ်မတော် ရဲဘော်တသိုက် အပြန်အလှန် သ တင်းဖလှယ်နေကြသည်ကို တွေ့ရသည်။ ကျနော့်နားထဲ “အဘပြန်ရောက်နေပြီ” ဟူသည့် ပြောဆိုသံကို ထူး ထူးခြားခြား သတိထားမိသည်။ သို့သော် အဘဆိုတာ ဘယ်သူလဲဆိုသည်ကိုမူ ကျနော် မစပ်စုမိ။ မြေကြီးပေါ် တွင်ချထားသည့် လေးထောင့်ပလပ်စတစ်ခြင်းပုံးအနီထဲမှ ၀က်ပေါက်ကလေးနှစ်ကောင်ကိုသာ ကျနော်ငေး ကြည့်နေမိသည်။ တပ်ရင်းရိက္ခာအတွက် မွေးမြူရန် ဘဲကလော့ဒုက္ခသည်စခန်းမှ ၀ယ်လာခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်တဦးက ကျနော့်ကိုပြောပြသည်။ ထို့နောက် ရဲဘော်များက အထုပ်အပိုးများနှင့် ၀က်ပေါက်ကလေးနှစ် ကောင်ကို ထမ်းပိုးပြီး တပ်ရင်းရှိရာ စခန်းကုန်းသို့ ချီတက်သွားနှင့်ကြသည်။ တပ်ရင်းမှူး၊ ကျနော်နှင့် ကျန်ရဲ ဘော်နှစ်ဦးက ကမ်းနားရှိ ရဲဘော်ကိုပေါက် (ယခု အေဘီအက်စ်ဒီအက်ဖ် ဗဟိုကော်မတီဝင် - စည်းရုံးရေးမှူး) နေထိုင်ခဲ့ရာ တဲအိမ်ကလေးတွင် ခရီးတထောက်အနားယူရန် ချီတက်ခဲ့ကြသည်။
ရဲဘော်ကိုပေါက် စခန်းချခဲ့ရာ တဲအိမ်ကလေးကား တံခါးမရှိ ဓားမရှိ ၀င်ထွက်နိုင်သည့် ခြေတံတို တဲအိမ်က လေး။ သည်တဲကလေးတွင် သူတဦးတည်း ကာလကြာမြင့်စွာနေထိုင်၍ ကျောင်းသားတပ်မတော်နှင့် မဟာ မိတ်တို့ ပေးအပ်သောတာဝန်ကို မပျင်းမရိ ထမ်းရွက်ခဲ့သည်ဟု သိရသည်။ ယခုတော့ စည်းရုံးရေးမှူးတာဝန် တွေနှင့် မြို့ပေါ်တွင် ရုံးထိုင်နေရသည့်အတွက် ဤခရီးစဉ်တွင် ကျနော်တို့နှင့်အတူ သူမလိုက်ပါနိုင်ခဲ့။ တဲပေါ်
တွင် သူအိပ်ခဲ့သည့် ကြိုးပုခက်၊ ချက်စားသည့် အိုးခွက်ပန်းကန်အချို့နှင့် ထင်းမီးဖိုကလေးကိုသာတွေ့ရသည်။ ၀ါးခြမ်းကျဲတံခါးနှင့် သော့ခတ်ပိတ်ထားသည့် အခန်းကျဉ်းလေးထဲသို့ ချောင်းကြည့်လိုက်သည့်အခါ သေနတ် တလက်၊ စက်ပစ္စည်းတချို့၊ ၀ါယာကြိုးများနှင့် သူဖတ်ရှုခဲ့သည့် စာအုပ်များ၊ ရေးမှတ်ခဲ့သည့် စာရွက်စာတမ်း များ ၀ါးကြမ်းခင်းပေါ် ပြန့်ကျဲနေသည်ကို တွေ့ရသည်။
သူသည် လက်နက်ကိုင်တော်လှန်ရေးအပြင် စာပေ(ကလောင်)ကိုပါ တိုက်ပွဲလက်နက်အသွင် ပေါင်းစပ်ကိုင်စွဲ ထားသူတဦးဖြစ်သည့်အတွက် သူ၏ ကလောင်အမည် ‘ကမာပုလဲ’ ကို တွေ့တိုင်း ကျနော် အလေးအနက်ထား ဖတ်ရှုဖြစ်ခဲ့သည်။ ရင်ဘတ်ချင်းလည်း သူနှင့်ကျနော် ပို၍ နီးနီးကပ်ကပ် ရှိခဲ့ကြသည်။ ကြိုးပုခက်ဆင်ထား သည့်ဘေး ၀ါးနံရံတွင် သူအမြတ်တနိုး ကပ်ထားသည့် ကမ္ဘာကျော်ဘောလုံးသမားပုံအချို့ကို တွေ့ရသည်။ ကျ နော်က လက်နက်ကိုင်တော်လှန်ရေးနှင့် သူ၏ဘ၀၊ ကမာပုလဲနှင့် သူ၏ဘ၀၊ ရော်နယ်လ်ဒင်ဟို၊ မက်ဆီ၊ ဘာစီ လိုနာ ဘောလုံးသမားများနှင့် သူ၏ဘ၀၊ တဲရှေ့ ၀ါးရုံပင်တွေအောက်ရှိ နွယ်ကြိုးခွေကြီးပေါ်က သူ၏ဘ၀တို့ကို စိတ်ကူးဖြင့် မှန်းဆကြည့်ရင်း သူနေထိုင်ခဲ့ရာ တဲတွင်းတဲပြင်တ၀ိုက်ကို ကင်မရာဖြင့် မှတ်တမ်းတင်နေမိသည်။
ကျနော်နည်းတူပင် ပါဝါမျက်မှန်တပ်၊ လျှာထိုးဦးထုပ်ဆောင်းထားသည့် ရဲဘော်တဦးကလည်း ကိုပေါက်နေ ထိုင်ခဲ့ရာ တဲတွင်းတဲပြင်ကို ဗွီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်ရင်း ပါးစပ်မှလည်း အင်္ဂလိပ်လိုတွေ တယောက် တည်း ပြောနေသည်။ သူရိုက်ကူးနေသည့် မှတ်တမ်းအရုပ်တွေအတွက် နောက်ခံစကားပြောကို တပါတည်း သွင်းနေဟန်တူသည်။ သူ မည်သူမည်ဝါမှန်း ကျနော်မသိ။ ကားစီးလာတုန်းက စကားအနည်းငယ် ပြောဖြစ် သော်လည်း အချင်းချင်း မိတ်မဆက်မိခဲ့။ တဲပေါ်သို့ သူတက်လာသည့်အခါမှ တပ်ရင်းမှူးက ကျနော့်ကို သူနှင့် မိတ်ဆက်ပေးသည်။ ထိုအခါကျမှ သူသည် အေဘီအက်စ်ဒီအက်ဖ် ရဲဘော်ဟောင်း ကိုမင်းဆန်းမင်းဖြစ် ကြောင်းနှင့် အမေရိကန်နိုင်ငံမှ ခေတ္တအလည်အပတ် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။
တပ်ရင်းမှူး၊ ကျနော်နှင့် ပစ္စည်းကူသယ်ပေးသူ ရဲဘော်ကိုရဲနောင်တို့သုံးဦး တပ်ရင်းမှူးယူလာသည့် စမူဆာ၊ ကောက်ညှင်းပေါင်းနှင့် ကျနော်ထည့်လာသည့် ထမင်း၊ ကြက်ဥဘိုစားပဲသီးကျော်တို့ကို အဆာပြေ ဖြည်စားကြ သည်။ ကိုမင်းဆန်းမင်းကမူ ဗိုက်မဆာလို့ဟုဆိုကာ ထမင်းဝင်မစား။ ကျနော်တို့သုံးဦး စားသောက်နေသည်ကို ဗွီဒီယိုကင်မရာဖြင့် မှတ်တမ်းတင်နေသည်။ တပ်ရင်းမှူးက ထမင်းစားနေရင်း နအဖစစ်အုပ်စုနှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် ကေအန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်ချုပ်ထိန်မောင် ဒီကနေ့မနက်ပဲ ပြန် ရောက်လာသည်ဟု ကျနော့်ကို ပြောပြသည်။ ထိုအခါကျမှ လှေဆိပ်အတက်တွင် ကျနော့်နားထဲ သတိထားမိခဲ့ သည့် ‘အဘ’ ဆိုသည်မှာ ဗိုလ်ချုပ်ထိန်မောင်ကို ပြောခြင်းဖြစ်ကြောင်း သိရတော့သည်။ ထို့နောက် ပန်းကန် ခွက်ယောက်တွေ ဆေးကြောပြီး တပ်ရင်း(၈)ရှိရာ စခန်းကုန်းပေါ်သို့ ကျနော်တို့လေးဦး ချီတက်ခဲ့ကြသည်။
ရဲဘော်ကိုပေါက်တဲမှ လာလမ်းအတိုင်း ပြန်လျှောက်လာရာ လှေဆိပ်လှေကားထိပ်နား မရောက်မီ ညာဘက် ခြမ်းတွင် အင်ဖက်မိုးပျဉ်ကာ ခြေတံတို တထပ်အဆောက်အဦးတခုကို တွေ့ရသည်။ ဘုန်းကြီးကျောင်းဖြစ်ပြီး ဗိုလ်ချုပ်ထိန်မောင်၏ လုံခြုံရေးကိုတာဝန်ယူသည့် တပ်ရင်း(၂၁)မှ ရဲဘော်များလည်း ထိုအဆောက်အဦးတွင် စခန်းချသည်ဟု သိရသည်။ ဆက်လျှောက်လာရာ လှေဆိပ်အတက် ဘယ်ဘက်အခြမ်းတွင် ကျွန်းလုံး(၁၁၇) လုံးဖြင့် ဆောက်လုပ်ထားသည်ဟု သိရသည့် တပ်မဟာ(၇)မှူး ဗိုလ်ချုပ်ထိန်မောင်၏ ပျဉ်ထောင်အိမ်ကြီးကို တွေ့ ရသည်။
ဗိုလ်ချုပ်ထိန်မောင်၏ အိမ်ဘေးမှ လူသွားလမ်းလေးအတိုင်း ဆက်တက်လာသည့်အခါ ကေအန်အယ်လ်အေ တပ်မဟာ(၇)၏ အစည်းအဝေးခန်းမ အဆောက်အဦးကြီးကို ခန့်ညားထည်ဝါစွာ တွေ့ရသည်။ ခန်းမကြီး၏ ဘယ်ဘက်ဘေးတွင် တော်လှန်ရေးအတွင်း အသက်ပေးလှူသွားသော ကေအန်အယ်လ်အေ ရဲဘော်များအ တွက် ဂုဏ်ပြုစိုက်ထူထားသည့် အထိမ်းအမှတ် အာဇာနည်ကျောက်တိုင်ကို တွေ့ရသည်။
ထို့နောက် ညာဘက်ချိုးပြီး ဘောလုံးကွင်းကို ကန့်လန့်ဖြတ် ဖြတ်လျှောက်လာရာ ဘယ်ဘက်ခြမ်းတွင် သူးမွဲနီ ကျေးရွာ မူလတန်းကျောင်းလေးနှင့် ဘောလုံးကွင်းအလွန်တွင် သူးမွဲနီကျေးရွာ ဆေးပေးခန်းကို တွေ့ရသည်။ ကျောင်းကလေးကား ခေါင်းလောင်းသံတိတ်ဆိတ်ပြီး လူသူသွေ့ခြောက်နေသည်။ ဆေးခန်းဘေးရှိ မြေလမ်း ပေါ်တွင် ငှက်ဖျားဆေးသွင်းနေသည့် ကလေးငယ်ကို စလွယ်သိုင်း ချီပိုးထားပြီး လက်တဖက်က ဆေးပုလင်း ချိတ်ထားသည့် ၀ါးလုံးကိုကိုင်ကာ ပိုက်တန်းလန်းနှင့် လမ်းလျှောက်နေသည့် ကရင်အမျိုးသမီးတဦးကို တွေ့ရ သည်။
ကျနော်နှင့် ကိုမင်းဆန်းမင်းက ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ကူးခွင့်တောင်းရာ ထိုအမျိုးသမီးက အသာတကြည်ပင် ခွင့် ပေးသည်။ သူမအား ကျေးဇူးတင်စကားပြောကြားပြီး ဆေးခန်းအတွင်းသို့ ကျနော်ဝင်ကြည့်သည်။ ဖုန်တက်နေ သော ကုတင်တွေ စီတန်းထားသည့်အထဲတွင် ငှက်ဖျားဆေးပုလင်း ချိတ်နေသည့် ကလေးငယ်သားအမိနှင့် အမျိုးသားလူနာတဦးကို တွေ့ရသည်။ အထဲမှနေ၍ ကျနော်လှမ်းကြည့်ရာ ဆေးခန်းအ၀င်ဝ ဆေးပေးသည့်စား ပွဲတွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတဦး စကားလက်ဆုံကျနေသည်ကို တွေ့ရသည်။ ဆေးခန်းမှ ၀န်ထမ်း တွေဖြစ်မည်ထင်၍ မိတ်ဆက်ပြီး စကားစမြည်ပြောဖို့ စိတ်ကူးမိသော်လည်း တပ်ရင်းမှူးတို့ စောင့်နေရမည် စိုး၍ ဆေးခန်းထဲမှ ကျနော်အမြန်ပြန်ထွက်လာခဲ့သည်။
ဆေးခန်းအပြင်သို့အရောက်တွင် ကိုမင်းဆန်းမင်းတယောက်တည်း ဆေးခန်းနောက်ဘက်ရှိ ကုန်းလေးအ တိုင်း ဆက်လျှောက်နေသည်ကိုတွေ့၍ ကျနော်တယောက်တည်း ကျန်ခဲ့မှာစိုးပြီး အပြေးအလွှား လိုက်သွားမိ သည်။ တပ်ရင်းမှူးနှင့် ရဲဘော်ကိုရဲနောင်တို့နှစ်ဦး ကျနော်တို့ ပါလာသည်အမှတ်နှင့် အထုပ်အပိုးတွေသယ် ပြီး ဆက်လျှောက်သွားကြပြီထင်သည်။ အရိပ်အယောင်မျှပင် မတွေ့ရတော့။ ကျနော်နှင့် ကိုမင်းဆန်းမင်းတို့နှစ်ဦး စိုးတထိတ်ထိတ်ဖြင့် ဆက်လျှောက်ကြလာရာ တောအစပ်သို့ ရောက်လာသည်။ သို့သော် ရှေ့တွင် လူသွား လမ်းနှစ်ခုကို တွေ့ရ၍ ဘယ်လမ်းကို ဆက်လျှောက်ရမည်မှန်းမသိဘဲ ယောင်လည်လည် ဖြစ်နေလေသည်။
တောကြီးမျက်မဲထဲတွင် လမ်းပျောက်ခြင်းမဟုတ်ဘဲ တောအစပ်ကလေးတွင်ပင် ကျနော်တို့နှစ်ယောက် လမ်းစ ပျောက်နေခြင်းဖြစ်သည်။ ရှေ့တန်းစစ်မျက်နှာဖြစ်၍ မိုင်းတွေဘာတွေ ထောင်းထားလျှင် ဒုက္ခဟုတွေးပြီး ဆက် မလျှောက်ရဲဘဲ အကူအညီတောင်းဖို့ လူသူအရိပ်အယောင်ကို ရှာဖွေနေမိသည်။ သို့သော် မတွေ့။ စခန်းကုန်း ပေါ်သို့ ရောက်ရန်အတွက်လည်း ဘယ်လောက်အထိ ဆက်လျှောက်ရဦးမည်ကို ကျနော်တို့မသိ။ ပတ်ပတ် လည်တွင် သစ်ပင်ဝါးရုံတွေကိုသာ တွေ့နေရသည်။ နောက်ကနေ ကျနော်တို့ ပါမလာရင် တပ်ရင်းမှူးတို့ ပြန် လာခေါ်မှာပဲဟုတွေးပြီး လမ်းနှစ်ခွတွေ့ရာတွင် နှစ်ဦးသား အတန်ကြာရပ်စောင့်နေမိသည်။ ထိုစဉ် လူတဦးပြေး လာသည်ကို သစ်ပင်ဝါးရုံပင်များကြားတွင် ရိပ်ကနဲ တွေ့ရသည်။ အနားရောက်လာလျှင် အကူအညီတောင်း ရန်အတွက် ကျနော်တို့နှစ်ယောက် မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေကြသည်။
(ဆက်လက်ဖတ်ရှုပါရန်)
(ဒေါင်းအိုးဝေမဂ္ဂဇင်းနှင့် ခေတ်ပြိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်)
Posted by ဒေါက်တာလွဏ်းဆွေ at 4:19 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
1 comment:
ဆရာ အဲဒီကို ထပ်ရောက်သေးတာပေါ့.. ရွှင်လန်းချမ်းမြေ့ပါစေဗျာ..
ကိုထွတ်
Post a Comment