Saturday, November 8, 2008

သြော် … လေးစားလိုက်ပုံများ

ဂျင်ဂလိ

ဂျင်ဂလိတို့ ဗမာပြည်မှာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား ဆိုတဲ့မူကို တလျှောက်လုံး ကျင့်သုံးလာခဲ့ကြတယ် မဟုတ်လားခင်ဗျာ။ လားရှိုးသိန်းအောင်နဲ့ နွဲ့ယဉ် ၀င်းတို့ စုံတွဲဆိုထားတဲ့ သီချင်းတောင်ရှိသေး။ ဘာတဲ့ ‘ဟေ့ … ကောင်ကလေး … ကမ္ဘာပေါ်မှာဗမာပြည် ဟာ … အယဉ်ကျေးဆုံး တိုင်းပြည်တစ်ခုပါ … ’ ဆိုလားပဲ။ ကိုယ့်ထက် အသက် တစ်ရက်တစ်မနက်ပဲ ကြီးဦး၊ လူကြီး သူမတွေဆိုရင် ‘ဦး၊ ဒေါ်၊ ကို၊ မ’ ရှေ့ကတပ်ပြီး ခေါ်ကြတယ်မဟုတ်လား။

နိုင်ငံ့ခေါင်းဆောင်တွေဆိုရင်လည်း အမျိုးသားခေါင်းဆောင်ကြီးကိုဆို ဗိုလ်ချုပ်အောင်ဆန်းလို့ တလေးတစား ခေါ်ရင်ခေါ်၊ မခေါ်ရင် ‘ဗိုလ်ချုပ်’ လို့ ချစ်စနိုးခေါ်ကြတယ်။ တခြားနိုင်ငံ့ခေါင်းဆောင်တွေကိုဆိုရင်လည်း ဦးနု၊ ဦးသန့်၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ စသဖြင့် တရိုတသေ တလေးတစားခေါ်ခဲ့ကြတယ်။ အဲ …. နအဖအာဏာရူး တွေ လက်ထက်ကျမှ ဘယ်ကဘယ်လိုဖြစ်တယ် မသိပါဘူးဗျာ။ တစ်တိုင်းတစ်ပြည်လုံး နှုတ်ကျိုးနေပုံက သန်း ရွှေတဲ့၊ မောင်အေးတဲ့၊ ခင်ညွန့်တဲ့၊ စိုးဝင်းတဲ့၊ ရွှေမန်းတဲ့၊ သိန်းစိန်တဲ့။

ဂျင်ဂလိကတော့ တိုင်းသူပြည်သားတွေ ရိုင်းလာတယ်လို့ မထင်မိပါဘူး။ အာဏာကို အတင်းလုယူထားပြီး တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးနေတဲ့ နအဖသကောင့်သားတွေကို တိုင်းသူပြည်သားတွေက လေးစား သမှုမရှိလို့ ခေါ်တာလို့ပဲ ကောက်ချက်ချမိတယ်။ အဲဒါနအဖအာဏာရူးတွေရဲ့ ဒူးမနာဖခင်ကြီး အာဏာရှင်လုပ် စဉ်ကာလကတည်းက ‘နေ၀င်း၊ နေ၀င်း’ ဆိုပြီး နှုတ်ကျိုးနေခဲ့ကြတာ မဟုတ်လား။ ဖအေကို အဲသလို မလေး စားမှတော့ သူ့ရဲ့ ဒူးမနာသား အာဏာရူးတွေကိုလည်း လူထုက ဘယ်လေးစားတော့မလဲနော်။ လေးစား လောက်အောင်လည်း ဘာတစ်ခုမှ လုပ်မပြနိုင်ဘဲကိုး။

အဲ … တစ်ရက်မှာတော့ … (အရင်တုန်းကတော့ တပင်တိုင် တီဗွီမင်းသားကြီး ဗိုလ်ခင်ညွန့်ပေါ့၊ အခုတော့ ဆိုင်းငံ့ထောင်နန်းစံ မင်းသားလေး ဖြစ်နေရရှာတဲ့) နေရာတကာ ကိုပါရာလုပ်ခဲ့တဲ့ မောင်ခင်ညွန့်လေးဟာ သူ့ ရဲ့ဝသီအတိုင်း ဘာမှသိတာမဟုတ်ဘဲ တစ်တိုင်းပြည်လုံး လျှောက်ပတ်ပြီး လိုအပ်တာတွေ မှာစားဖို့အတွက် တိုင်းခန်းလှည့်လည်သတဲ့။ အဲသမှာ ကျောင်းတစ်ကျောင်းကို ရောက်သွားတော့ ကျောင်းအုပ်ဆရာမကြီးက သူ့တပည့် မူလတန်းကျောင်းသားလေးကို ‘သား ဒီဘဘကို သိသလား၊ ပြောပါဦး’ ဆိုပြီး ဗိုလ်ခင်ညွန့်ရှေ့မှာ မျက်နှာချိုသွေးပြသတဲ့။ ကျောင်းသားလေးကလည်း ချက်ချင်းပဲ ‘သိတယ်၊ တီဗွီထဲမှာ အမြဲတွေ့တယ်’ လို့ ပြောသတဲ့။ အဲဒီမှာ ဆရာမက အားရ၀မ်းသာနဲ့ ‘ဒါဆိုဘယ်သူလဲ ပြောပါဦး…သား’ လို့ဆိုတော့ ကျောင်းသား လေးက ‘ခင်ညွန့်’ လို့ ဖြေလိုက်လို့ ဗိုလ်ခင်ညွန့် တော်တော်ရှက်သွားပြီး ဆရာ၊ ဆရာမတွေလည်း ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်သတဲ့။ ဗိုလ်ခင်ညွန့်ဟာ အကြီးအကျယ် ဒေါသထွက် ရှက်ရမ်းရမ်းပြီး ကျောင်းသူ ကျောင်းသားတွေကို ယဉ်ကျေးမှုရှိအောင် သွန်သင်ဆုံးမဖို့ ဆရာ၊ ဆရာမတွေကို အကြီးအကျယ် ဆူပူကြိမ်း မောင်းပြီး လိုအပ်တာတွေတောင် မှာမစားတော့ဘဲ ပြန်ထွက်သွားသတဲ့ဗျာ။

ဂျင်ဂလိကတော့ ‘ခင်ညွန့်’ လို့ ဖြေတဲ့ ကျောင်းသားလေးကို အပြစ်မတင်ထိုက်ဘူးလို့ ထင်မိတာပဲ။ ကလေးဆို တာ အတုမြင်အတတ်သင်ကိုး။ အိမ်မှာရှိတဲ့ လူကြီးတွေက ‘ခင်ညွန့်၊ ခင်ညွန့်’ ခေါ်ပြောနေမှတော့ သူလည်း ‘ခင်ညွန့်’ လို့ ပြောမိတာ အပြစ်လားဗျာ။

အဲဒီအကြောင်းကို ဂျင်ဂလိက မိတ်ဆွေတစ်ယောက်ကို ပြောပြတော့ သူက ရယ်စရာတစ်ခု ပြန်ပြောလိုက်လို့ ဂျင်ဂလိ တ၀ါးဝါး ပွဲကျရသေးတယ်။ သူက ကလေးအဲသလိုပြောတာ ဘာဆန်းသလဲတဲ့။ နအဖ အာဏာရူး တွေကို ခွေးဟောင်ရင်တောင် ခွေးက သာမာန်လူတွေကို ဟောင်သလို ‘၀ုတ်၊ ၀ုတ်၊ ၀ုတ်’ ဆိုပြီး အသံသုံးသံနဲ့ တလေးတစား မဟောင်ဘူးတဲ့။ ‘၀ုတ်၊ ၀ုတ်’ ဆိုပြီး နှစ်သံထဲနဲ့ ဟောင်သတဲ့။ အဲဒါခွေးက သူတို့ကို မလေးစား လို့ ‘ဦး’ တပ်ခေါ်ပြီး မဟောင်တာပေါ့ကွတဲ့။ ဂျင်ဂလိမှာ သူ့အပြောကို သဘောကျပြီး မျက်ရည်ထွက်အောင် ရယ်မိပါလေရော။

သြော် … တိုင်းသူပြည်သားတွေအားလုံးက လေးစားဖို့ ဝေလာဝေး၊ ကလေးနဲ့ ခွေးကတောင် မလေးစားတဲ့ နအဖအာဏာရူးတွေက ခေတ်မီဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် သူတို့တည်ဆောက်နေပါသတဲ့။ ဘာတွေကို ဘယ်လိုများ ဆက်ဖျက်ကြဦးမှာပါလိမ့်နော်။

ဂျင်ဂလိ
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: