Saturday, November 1, 2008
အနှစ်နှစ်ဆယ် စိတ်အခြေအနေကိစ္စ (ကဗျာ)
ခုတလော
စိတ်တွေလေးလံနေတယ်
မရှင်းဘူး၊ မလင်းဘူး
မတွေးဘဲနေလို့လည်း မရပြန်ဘူး
ခုတလော စိတ်တွေ ထိန်းမနိုင်သိမ်းမရကို လေးလံနေခဲ့တယ်။
စီးနေတဲ့ ကားကို အသစ်ပြောင်းလိုက်တယ်
စိတ်ကို အသစ်ပြောင်းလို့ မရဘူး
ကားကို အရှိန်မြှင့်မောင်းလိုက်တယ် … ရတယ်
စိတ်ကို အရှိန်မြှင့်မောင်းကြည့်တယ်
ဘက်(နောက်ကြောင်းတွေဆီ)ကို ပြန်ပြန်သွားနေတယ်
အိပ်မက်တွေထဲထိ
ချောက်ထဲ အကြိမ်ကြိမ်ကျ
ဘာကောင်တွေမှန်းမသိရတဲ့
အစွယ်ဖွေးဖွေးနဲ့ ကောင်တွေက နောက်ကလိုက်
နတ်မိမယ် အလှအပတွေကလည်း
ချက်ချင်းကို မိစ္ဆာအသွင်ပြောင်းလို့
အမြင့်တခုခုပေါ်က အခါခါ လိမ့်လိမ့်ကျ
နက်လိုက်တဲ့ ချောက်ကမ်းပါးတွေကလည်း
အောက်ကို မရောက်နိုင်လောက်အောင်ကို နက်ရှိုင်းလို့
ရင်တလှပ်လှပ် ချွေးစေးတွေကပြန် …
ငယ်သံပါအောင် ကုတ်ခြစ်အော်ကြည့်တယ်
အသံကပဲ ထွက်မလာနိုင်တာလား
ကိုယ့်အနားမှာ ကိုယ့်မိတ်ဆွေ တယောက်မျှ မရှိတော့လောက်အောင်
အထီးကျန်ဆန်ခဲ့ရပြီလား …။
ဒီလို ပိတ်ဆို့နှိပ်စက်နေတဲ့ စိတ်ဒုက္ခကို
ထွက်ပေါက်ကလေးများ ရလိုရငြားဆိုပြီး
ယစ်ရွှေရည်တွေ မှီဝဲကြည့်တယ်
ခေါင်းကိုက်၊ လည်ချောင်းကွဲ၊ မျက်နှာနဲ့ ကိုယ်ခန္ဓာအပိုင်းအစတွေ
ဖောရောင်လာတာပဲ အဖတ်တင်ကျန်ခဲ့တယ်
မရှိမဲ့ရှိမဲ့ ချို့တဲ့မိတ်ဆွေတွေရဲ့ ကရုဏာသက်တဲ့ အကြည့်အောက်မှာ
အရာရာ ဆုံးရှုံးနေပြီဆိုတာကိုသာ ခါးသီးစွာ အမြတ်ရရှိလိုက်တယ်
ဖြစ်နိုင်ရင် … ဖြစ်များဖြစ်နိုင်ရင်ပေါ့လေဆိုပြီး
ခုချိန်မှာ မရှိတော့တဲ့ အမေ့ရင်ခွင်ထဲ
ခေါင်းဝှေ့ကာ ငိုကြွေးလိုက်ချင်တော့တယ် …။
ဟုတ်တယ်
ဟုတ်ပါတယ် …
ဘယ်သူမပြု မိမိမှု
မိမိအမှု မိမိပြုခဲ့တာပါပဲ …
ကဲ …
အပြစ်မဲ့ ပြည်သူတွေရဲ့ မျက်ရည်တွေနဲ့
ကြွယ်ဝနေတဲ့ မိုးကောင်းကင်ကြီးရေ …
ငါ့လို လူ့`ဗာလ´တွေကို အပြီးတိုင်ဆေးကြောဖို့
မြေကမ္ဘာပေါ်ကို
တအုံတမကြီးသာ ရွာချလိုက်ပါတော့ … ။ ။
ကမာပုလဲ
၂ ၀ ၀ ၈ ၊ နို ၀င် ဘာ ( ၁ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment