မင်္ဂလာပါ ကိုလွဏ်းဆွေရေ …
ဒီနေ့မှပဲ ဒီစာကို လက်စသတ်နိုင်ပါတော့တယ်။ အာဇာနည်နေ့အမီ ရေးပို့ချင်ပေမယ့် အခြေအနေကမပေး တော့ ဒီလိုပဲဖြစ်သွားပါတယ်။ ကျွန်မတော့ စာရေးနေရင်းက ကိုလွဏ်းဆွေ တခါက ပြောဘူးတဲ့ “အောင်ပွဲရတဲ့ အခါ တွေ့ကြတာပေါ့” ဆိုတာကို သတိရမိပါတယ်။ အဲဒီလိုပဲ တွေးထားပြီး အားတင်းနေဆဲပါ။
ဒီနှစ်အာဇာနည်နေ့မှာတော့ ခါတိုင်းနှစ်တွေလောက် မညစ်ပတ်ဘူးဆိုပေမယ့် အလေးပြုလာမယ့်သူတွေကို မလာရဲအောင် မလာချင်အောင် လုပ်တာတော့ လျော့မသွားသလို သူတို့ရဲ့ လုံခြုံရေးအမည်တပ်ထားတဲ့ ကြောက်ကန်ကန်မယ့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့တွေကတော့ လျော့မသွားပါဘူး။
နအဖ အာဏာရူးတွေဖက်က လွတ်လပ်ရေးကို အသက်စွန့်ပြီး ရယူစွမ်းဆောင်ပေးခဲ့တဲ့ ဗိုလ်ချုပ်တို့ရဲ့ ကျေးဇူး တရားတွေကို မှေးမှိန်ပျောက်ကွယ်အောင် လုပ်ဆောင်နေကြပါတယ်။ တိုင်းပြည်ရဲ့ နောင်လာနောက်သားတွေ ကို ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ရာဇ၀င်ထဲက လူတယောက်အနေနဲ့ပဲ သိထားအောင် ကြံရွယ်လုပ်ဆောင်နေ ကြတယ်။ မြန်မာ့သမိုင်းမှာ နယ်ချဲ့တွေရဲ့လက်မှာ ကြက်ကလေး ငှက်ကလေးတကောင်လို အလွယ်တကူနဲ့ နန်းချခံရပြီး ပျောက်ကွယ်ခဲ့ရတဲ့ သီပေါဘုရင်လောက်ပဲ ရာဇ၀င်ထဲမှာ ရှိခဲ့ဖူးတဲ့ ပုံစံမျိုးလုပ်ထားကြပြီး ဗိုလ်ချုပ် တို့ရဲ့ ကျေးဇူးတွေကို စော်ကားမိုက်ရိုင်းနေကြတယ်။
ကျွန်မအနေနဲ့တော့ သူတို့တတွေရဲ့ မတရားကိုယ်ကျိုးရှာမှုတွေ၊ အာဏာရူးမှုတွေ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ရက်ရက်စက်စက် ဖိနှိပ်နေပြီး တရားဥပဒေမဲ့ အုပ်ချုပ်နေတဲ့ လုပ်ရပ်တွေကို သိမြင်ခံစားရလေလေ ဗိုလ်ချုပ်ကို လေးစားချစ်ခင်မှုတွေဟာ ပိုလို့ပိုလို့ ခံစားကျေးဇူးတင်မိလေလေပါပဲ။ ဗိုလ်ချုပ်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ချစ် တဲ့ စိတ်၊ ကောင်းစားစေချင်တဲ့ စိတ်၊ လွတ်လပ်စေချင်တဲ့ စိတ်၊ လူတန်းစေ့ နေထိုင်တွေးခေါ်စေချင်တဲ့ စိတ် တွေဟာ အဖိုးမဖြတ်နိုင်အောင်ကို တန်ဘိုးကြီးမားလှပါတယ်။ ဗိုလ်ချုပ်ကို ဆုံးရှုံးရခြင်းက မြန်မာတမျိုးသား လုံး တနိုင်ငံလုံးနဲ့ချီပြီး ဆုံးရှုံးနစ်နာခဲ့ရခြင်းဆိုတာ အခုကျွန်မတို့တတွေ မျက်မြင်ကိုယ်တွေ့ ခံစားနေကြရတာ က သက်သေပြနေပါတယ်။
ဒီတော့ ဒီဒုက္ခတွေ နစ်နာဆုံးရှုံးနေကြရတဲ့ လူ့အခွင့်အရေးတွေ ကိုယ့်တိုင်းပြည်ကိုယ်နေရင်း မတရားဥပဒေမဲ့ အုပ်ချုပ်မှုအောက်ရောက်နေရတဲ့ စစ်ကျွန်ဘ၀ကနေ လွတ်မြောက်ဖို့အတွက် ဘယ်လိုကြိုးပမ်းကြမလဲ၊ ကိုယ့် နိုင်ငံ ကိုယ့်လူမျိုး လူတန်းစေ့ ရပ်တည်နိုင်ရေးအတွက် လူတိုင်းမှာ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ရှိတယ်လို့ မြင်ပါတယ်။ ကျွန်မသဘောကတော့ သတင်းစာဆရာကြီး ဦးဝင်းတင် ရေးခဲ့တဲ့ …
“အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်ကြ”
ဆိုတဲ့ ဆောင်ပုဒ်ကို လူတိုင်းအသိစိတ်အပြည့်နဲ့ လုပ်ဆောင်နိုင်ကြမယ်ဆိုရင် နအဖရဲ့ ရက်စက်ဖိနှိပ် အုပ် ချုပ်မှုအောက်မှ လွတ်မြောက်နိုင်ဖို့ သေချာပြီး ရွှေပြည်တော် မျှော်တိုင်းမဝေးဘူးလို့ ယုံကြည်မိပါတယ်။ ဒီ တော့ ကျွန်မတို့ တနိုင်တပိုင် ကိုယ်ထမ်းနိုင်တဲ့တာဝန် ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ဆောင်ကြပါလို့ တိုက်တွန်းရင်း နောင်လာမယ့် အာဇာနည်နေ့တိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာ ဇာနည်ကြီးများကို မြန်မာပြည်သူပြည်သားများက သိုက်သိုက်ဝန်းဝန်းနဲ့ သောင်းသောင်းဖြဖြ သွားရောက်အ လေးပြုနိုင်ရေးအတွက် မျှော်လင့်မိပါတယ်။
ရွှေဆည်းဆာ
ရန်ကုန်မြို့
Monday, October 6, 2008
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး လူတန်းစေ့ရပ်တည်နိုင်ရေးအတွက် လူတိုင်းမှာ လုပ်သင့် လုပ်ထိုက်တဲ့ တာဝန်ရှိတယ် (ပေးစာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment