Wednesday, October 15, 2008

ခြိမ်းခြောက်နေတဲ့ စီးပွားရေးကပ်

ခြိမ်းခြောက်နေတဲ့ စီးပွားရေးကပ်
ရဲဘော်ဖိုးသံချောင်း

ဒီနေ့အခါမှာ တကမ္ဘာလုံးက အာရုံအစိုက်ဆုံးကိစ္စဟာ အမေရိကန်နိုင်ငံမှာ စတင်ဖြစ်ပေါ်နေတဲ့ စီးပွားရေး က သောင်းကနင်း ဖြစ်မှုတွေပဲ ဆိုရင်မမှားပါဘူး။ ဒီကိစ္စဟာ သတင်းစာတိုင်းရဲ့ မျက်နှာဖုံးသတင်း၊ ရုပ်သံလွှင့်နဲ့ အသံလွှင့်သတင်းအစီတွေရဲ့ ပထမဆုံး သတင်းအဖြစ် အကြာကြီးနေရာယူခဲ့သလို နောက်ထပ်လည်း နေရာ ယူဦးမယ့် အခြေအနေမှာ ရှိပါတယ်။

အိမ်ဖြူတော်က ထွက်ခွာလုဆဲဆဲ သမ္မတဘုရှ်ဟာ ကမ္ဘာ့အနောက်ဖျားမှာ ချွေးပြန်အောင် လုံးပန်းနေရသလို ကမ္ဘာ့အရှေ့ဖျားက တရုတ်သမ္မတ ဟူကျင်းတောင်ဟာလည်း အိုလံပစ်ပွဲအောင်မြင်မှုနဲ့ ယစ်မူးမနေနိုင်ပါဘူး။ ဒီပြဿနာကို အမေရိကန်က ကိုင်တွယ်ဖြေရှင်းနေတာကိုပဲ တကမ္ဘာလုံးက ရင်တမမနဲ့ စောင့်ကြည့်နေကြပါ တယ်။ တဆက်စပ်တည်း ဥရောပတိုက် တခွင်လုံးမှာတော့ ၀ါရှင်တန်ကို အမျိုးမျိုး ဝေဖန်ပြောဆိုသံတွေ စီစီညံ နေပါတယ်။

ကမ္ဘာ့အနိုင်နိုင်ငံက စီးပွားရေးပညာရှင်တွေကတော့ ဒီစီးပွားရေးအကျပ်အတည်းဟာ ဘယ်အတိုင်းအတာအ ထိ ဖြစ်မလဲ၊ ၁၉၂၉-၃၀ ကာလက အကျပ်အတည်းနဲ့ နှိုင်းစာရင် ဘယ်လိုနေမလဲ စသဖြင့် ချိန်ဆတွက်ချက်နေ ကြပါတယ်။ ဝေါလ်စထရိဂျာနယ် (The Wall Street Journal)က “အကြွေးဒဏ်ရာအားလုံး၏ မိခင်ကြီး” (The mother of all credit contractions) လို့ ကင်ပွန်းတပ်ခံရတဲ့ ဒီပြဿနာကြီး စပေါ်လာကတည်းက တ ချို့သော ပညာရှင်တွေက ဒါဟာ ၁၉၂၉-၃၀ နောက်ပိုင်းမှာ အဆိုးဝါးဆုံး စီးပွားရေးကပ်ကြီး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ကြပါတယ်။

တချို့ကတော့ အခုအခါမှာ “ဝေါလမ်းမရဲ့ အကျပ်အတည်း” လို့သာ ပြောဆိုနေကြသေးတဲ့ ဒီငွေကြေးကပ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ဖြစ်ပေါ်တာမို့လို့ မကြာခင်မှာ ကမ္ဘာအနှံ့ပျံ့နှံ့တဲ့ အတိုင်းအတာအနေနဲ့ရော၊ ထိခိုက်တဲ့ နက်ရှိုင်းမှုအနေနဲ့ပါ ၁၉၂၉-၃၀ တုန်းကထက် ပိုဆိုးနိုင်တယ်လို့ တွက်ဆပြောဆိုနေကြပါတယ်။ ဒါ ကြောင့်မို့ပဲ တချို့ပညာရှင်တွေဟာ အစိုးရတွေကို အထွေထွေကပ်ကြီးတခုအတွက် ပြင်ဆင်ထားဖို့ တိုက်တွန်း နေကြတာ ဖြစ်ပါတယ်။

လောလောဆယ်အားဖြင့် အမေရိကန်သမ္မတက ပြဿနာတက်တဲ့ ဘဏ်ကြီးတွေကို ကယ်ထုတ်ဖို့အတွက် နည်းနာတခုအနေနဲ့ နိုင်ငံ့ဘဏ္ဍာထဲကနေ ဒေါ်လာဘီလီယံ (၇၀၀) ထုတ်သုံးဖို့ တင်ပြတော့ သူ့ပြည်တွင်းက ဆီနေတာအမတ်တွေရော၊ သူ့မိတ်ဆွေ နိုင်ငံ့ထိပ်သီးတွေကပါ ဒီအစီအစဉ်ကို ခေါင်းယမ်းနေကြတာ တွေ့ရပါ တယ်။ ဆိုလိုတာက အဖြေကို လွယ်လွယ်နဲ့ ရှာမတွေ့နိုင်ဘူး ဆိုတာပါပဲ။ အမေရိကန်နိုင်ငံအတွင်းက တချို့က ဒါဟာ သူဌေးတွေရဲ့ ဒုက္ခကို အခွန်ဆောင်သူတွေရဲ့ ငွေနဲ့ ကယ်တင်တာဖြစ်တယ်လို့ ထောက်ပြကန့်ကွက်ကြ တာကိုလည်း တွေ့နေ၊ ကြားနေရပါတယ်။

ထုံးစံကတော့ တိုင်းပြည်တပြည်မှာ စီးပွားရေးကပ်တခုပေါ်လာရင် ချမ်းသာတဲ့နိုင်ငံတွေဟာ ၀န်ထုပ်ဝန်ပိုးကို ဆင်းရဲတဲ့ နိုင်ငံတွေအပေါ် ပခုံးလွှဲပေးကြပါတယ်။ နောက်ပြီး တနိုင်ငံချင်းအတွင်းမှာလည်း အဲဒီဒုက္ခကို သူဌေး သူကြွယ်တွေက ဆင်းရဲသားတွေရဲ့ ခေါင်းပေါ်ကို လွှဲချကြပါတယ်။ နောက်ဆုံးကျတော့ ဆင်းရဲတဲ့ နိုင်ငံတွေက ဆင်းရဲသားတွေဟာ အဆိုးဝါးဆုံးခံရသူတွေ ဖြစ်သွားလေ့ရှိပါတယ်။
ဒီလို တကမ္ဘာလုံး ဗြောင်းဆန်အောင် ပြောဆို ပူပင်နေကြချိန်မှာ ဒီဖြစ်လာနိုင်တဲ့ ကမ္ဘာစီးပွားရေးကပ်ကြီးအ တွက် ခြိမ်းခြောက်နေတဲ့ စီးပွားရေးကပ်ကြီးအတွက် နည်းနည်းမှ စိုးရိမ်ပူပင်ခြင်းမရှိဘဲ လေချွန်နေတာက တော့ ဗမာပြည်က နအဖ စစ်ဗိုလ်ချုပ်တွေပါပဲ။ သူတို့ရဲ့ သတင်းစာတွေကို ကြည့်လိုက်ရင် ဒါဟာ အမေရိကန် နိုင်ငံရဲ့ ဒုက္ခပဲဆိုပြီး ၀မ်းသာနေဟန်တောင် ပြနေပါတယ်။ နအဖစစ်ဗိုလ်ချုပ်တွေ မျက်စိကန်းတစ္ဆေမကြောက် အူမြူးနေကြတာလား၊ ဒါမှမဟုတ် သူတို့မှာ အကြံအစည်တခုခု ရှိနေလို့လားဆိုတာ စဉ်းစားစရာတောင် ဖြစ်နေ ပါတယ်။ သူတို့ မိုက်မဲလို့၊ တကိုယ်ကောင်းဆန်တတ်လို့ပဲ ဒီကိစ္စကြီးဟာ ဗမာပြည်ပြည်သူတွေအဖို့ ပိုစိတ်ပူစ ရာ ဖြစ်နေပါတယ်။

သမိုင်းအတွေ့အကြုံ တစုံတရာရှိသူ၊ တစုံတရာ လေ့လာလိုက်စားဖူးသူတွေကတော့ စီးပွားရေးကပ်တွေ တ ကယ်တမ်း ကြီးထွားလာရင် ပြဿနာတွေဟာ စီးပွားရေးနယ်မှာတင် ရပ်မနေတော့ဘဲ လူမှုရေး၊ နိုင်ငံရေး၊ ဒါ့အပြင် စစ်ရေးနယ်ပယ်အထိ ပျံ့ထွက်လာတတ်တယ်ဆိုတာကို သတိပြုမိကြပါတယ်။ ၁၉၂၉-၃၀ စီးပွားရေး ကပ်ကြီးဒဏ်နဲ့ ဆက်ပြီး၊ ဂျာမနီနိုင်ငံမှာ နာဇီပါတီပေါ်ပေါက်လာတာ၊ ဟစ်တလာလို တက်လာတာ၊ ဒီကနေ ကမ္ဘာစစ်ကြီးဖြစ်လာတာ စတဲ့အဖြစ်အပျက်တွေဟာ သမိုင်းသဘောပြောရရင် ဘာမှမဝေးသေးတဲ့ ကာလက အဖြစ်အပျက်တွေပါ။

နအဖစစ်ဗိုလ်ချုပ်တွေဟာ ကမ္ဘာ့စီးပွားရေးကပ်ရယ်လို့ ဖြစ်လာရင် သူတို့ကိုယ်သူတို့ အလွတ်ရုန်းထွက်နိုင်ကြ မယ်လို့ ယူဆနေကြဟန်တူပါတယ်။ တလောက တရုတ်ပြည်က နို့မှုန့်ပြဿနာတက်တော့ နအဖက တွေ့သမျှ ဖမ်းသိမ်းမယ်ဆိုတဲ့ ကြေညာချက်တခု ထုတ်လိုက်တာနဲ့ သူတို့တာဝန်ကျေသွားပြီလို့ စဉ်းစားနည်းမျိုးနဲ့ စဉ်း စားနေသလား မပြောတတ်ပါဘူး။ နို့မှုန့်တွေဖမ်းသိမ်း၊ ဖျက်ဆီးပစ်လိုက်လို့ နအဖစစ်ဗိုလ်တွေမှာ ဘာမှမနစ်နာ ပါဘူး။ (သူတို့အထင်) နာမည်ကောင်းရတာပဲ ရှိပါတယ်။ ဒါပေမယ့် အသိမ်းခံရတဲ့ ဈေးဆိုင်ရှင်၊ ကုန်သည် စသူ တို့မှာတော့ အကြီးအကျယ် ထိခိုက်နစ်နာတာဖြစ်ပါတယ်။ နောက်ပြီး စားသုံးသူတွေရဲ့ နေရာကကြည့်ရင် လည်း နို့မှုန့်တွေ ပြတ်လပ်ကုန်တာ (နအဖမှာရှိတဲ့ နိုင်ငံခြားငွေဟာ ကလေးတွေအတွက် နို့မှုန့်ဝယ်သွင်းဖို့ မ ဟုတ်ပါ၊ လက်နက်ဝယ်ဖို့ ဖြစ်ပါတယ်)၊ ဈေးတက်ကုန်တာနဲ့ ကြုံရပါတယ်။

နအဖစစ်အစိုးရဟာ သူတို့ဖာသာသူတို့ ဥခွံလေးထဲမှာ အောင်းနေရင် ကမ္ဘာ့စီးပွားရေးကပ်လို အန္တရာယ်တွေက နေ လွတ်လိမ့်မယ်လို့ ထင်နေသလား မပြောတတ်ပါ။ ၂၀ ရာစုနှစ်ကုန်ကာနီးမှာ ထိုင်းနိုင်ငံက စလိုက်တဲ့ ငွေ ကြေးကပ်ဟာ ရုရှနိုင်ငံသာမက တောင်အမေရိကတိုက်အထိပါ ပျံ့နှံ့သွားတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒါ တောင်မှ အဲဒါဟာ ကမ္ဘာ့ငွေကြေးလောကမှာ ပြောလောက်အောင် အရေးမပါတဲ့ ထိုင်းနိုင်ငံက စလိုက်တဲ့ ကပ် ကလေးပါ။ အခုဟာက ကမ္ဘာ့အကြီးဆုံး စီးပွားရေးအဆောက်အအုံကြီးလို့ ဆိုရမယ့် အမေရိကန်နိုင်ငံမှာ မုန် တိုင်းချက်မက ဗဟိုပြုနေတာ ဖြစ်ပါတယ်။ အဲဒီအမေရိကန်နိုင်ငံမှာ ၁၉၂၉-၃၀တုန်းက စီးပွားပျက်ကပ်ကြီး ဖြစ်လိုက်တာကြောင့် ဗမာပြည်က လယ်သမားတွေရဲ့ လယ်တွေ ဧကပေါင်း ထောင်နဲ့ သောင်းနဲ့ချီပြီး ချစ်တီး တွေလက်ထဲ ရောက်ခဲ့ရတာဟာ ညောင်ဦးကမ်းပါးပြိလို့ စမ္ပာနဂိုရ်က နွားပေါင်ကျိုးတာ မဟုတ်ပါဘူး။ ဒါ့အပြင် နအဖသိသင့်တာက အဲဒီလို လူထုအပေါ် ဖိစီးမှုတွေကြောင့် ဆရာစံ လယ်သမားသူပုန်ထမှုကြီး ပေါ်ပေါက်ခဲ့ရ တယ် ဆိုတာပါပဲ။

ရဲဘော်ဖိုးသံချောင်း
(၂၀၀၈ ခုနှစ် အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ …)

No comments: