အညတရ ရဲဘော်တစ်ဦး
(စာတမ်းရေးသူ၏ အာဘော်သာ ဖြစ်သည်)
စကားဦး
ဤနိဂုံးချုပ်စာတမ်းအား အပိုင်းလိုက် အကန့်လိုက်ခွဲကာ တင်ပြဆွေးနွေးသွားမည်ဖြစ်ပါသည်။
ထို့ပြင် ဤနိဂုံးချုပ်စာတမ်းသည် ဘက်ပေါင်းစုံမှ ပြီးပြည့်စုံသော စာတမ်းတစ်စောင် ဖြစ်မည်မဟုတ်ပါဟု ကန ဦး တင်ပြလိုပါသည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းကြောင်းအား ကျနော့်အနေဖြင့် အပြည့်အ၀ မမှီလိုက် နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကျနော်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင်မှ လူဖြစ်လာသောသူ တဦးဖြစ်သောကြောင့် ဖြစ်ပါသည်။ ရှစ်ဆယ့်ရှစ်နောက်ပိုင်း တော်လှန်ရေးနှင့် ပတ်သက်လျှင်လည်း ကျနော့်အ နေဖြင့် ပြည့်စုံစွာတင်ပြနိုင်ဖို့ မလွယ်ကူပါ။ သို့သော် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် Transparency ရှိရှိဖြင့် တင် ပြသွားမည်ဖြစ်ပါသည်။ ကျနော့် နိဂုံးချုပ်ချက်သည် ကျနော်တဦးတယောက်၏ ပုဂ္ဂိုလ်ရေးအမြင် တဦးချင်း ချဉ်းကပ်မှုသာဖြစ်ပါသည်။
ရှစ်ဆယ့်ရှစ်နောက်ပိုင်း တော်လှန်ရေး၊ ဗမာပြည်ကွန်မြူနစ်ပါတီ
ဗမာပြည်ကွန်မြူနစ်ပါတီ၏ သမိုင်းဖြတ်သန်းမှုအပေါ် သုံးသပ်ချက်
ဗိုလ်နေ၀င်း၏ လက်ကိုင်တုတ် တပ်မတော်သည် CIA အကူအညီဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီအား ဖြတ်လေး ဖြတ် စစ်ဆင်ရေးဆင်ကာ ပဲခူးရိုးမ အခြေခံဒေသအား ပိတ်ဝိုင်းစစ်ဆင်ရေးဖြင့် ချေမှုန်းပြီးနောက် ဗမာပြည် ကွန်မြူနစ်ပါတီသည် အရှေ့မြောက်ဒေသသို့ ဆုတ်ခွာနေရာယူခဲ့သည်။
ဗိုလ်နေ၀င်းသည် တဖက်မှလည်း မြန်မာ့လွတ်လပ်ရေး ဦးတည်ချက်များဖြစ်သော လွတ်လပ်ရေး တန်းတူရေး ဆိုရှယ်လစ်ရေးဆိုသည့် လေလုံးကို အမိအရဖမ်းကာ ဆိုရှယ်လစ်ဂိုက်အပြည့်ဖြင့် ဟိတ်ဟန်ထုတ် ပြင်ဆင်နေ သော်ငြားလည်း လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ တိုက်ခိုက်လာခဲ့သော မြန်မာ့တပ်မတော်၏ ကြီးမားသော အစိတ်အပိုင်းဖြစ်သည့် ဗမာပြည်ကွန်မြူနစ်ပါတီကို တိုက်ခိုက်ရန် CIA နှင့် သဘောတူညီချက်ယူလျက် ညစဉ် မင်္ဂလာဒုံလေဆိပ်တွင် အမေရိကန် စစ်ရေးအကူအညီ လေယာဉ်များအား လက်ခံအကူအညီယူခဲ့ချိန်တွင် ဗမာ ပြည်ကွန်မြူနစ်ပါတီမှ တရုတ်ပြန် ရဲဘော်တို့၏ အခြေအနေအချိန်အခါနှင့် မိမိတို့တော်လှန်ရေး၏ သဏ္ဍာန်ကို မှန်ကန်စွာ အကဲမဖြတ်နိုင်သော ပုံတူကူးမှုဖြင့် ပါတီ၏ ပါတီတွင်းစည်းရုံးရေး လူထုစည်းရုံးရေးအား ကြီးမားစွာ ယုတ်လျော့အားနည်းစေသည့် အရေးတစက်မပါသော ယဉ်ကျေးမှုတော်လှန်ရေး တရုတ်နှစ်သစ်ကူး မီးကျည် ဖြင့် ပါတီတွင်း မွှေနှောက်မှု စတင်ပါတော့သည်။
ဝါဒရေးရာ မကျေညက်မှု၊ အနုပဋိလောမကို ပါးစပ်မှ ဆာဒူး မန္တာန်ရွတ်သလို ရွတ်ဖတ်လေလုံးထွားမှု၊ လက် တွေ့နှင့် ပကတိတော်လှန်ရေး၏ လက္ခဏာကို ဆန္ဒစွဲကင်းကင်း မမြင်နိုင်မှုတို့ကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီ တွင်းမှ မြန်မာ့လွတ်လပ်ရေး သူရဲကောင်းများ တိုင်းပြည်ကို အချစ်ကြီးကြသည့် လွတ်လပ်ရေးခေါင်းဆောင် များ မြန်မာ့တပ်မတော်တပ်မှူးများအား တိုင်းပြည်မှ ဆုံးရှုံးခဲ့ရသလို ထိုဆုံးရှုံးမှုအပေါ်တွင်လည်း နေ၀င်းဆို သော ဆိုရှယ်လစ် တဏှာရူးသည် အောင်သေအောင်သားစားကာ သူ့လက်ကိုင်တုတ် တပ်မတော်မှ တပ်မှူး တို့၏ ထွားထွားကားကား ကတော်များအား ကျကျနန ခေါ်ယူအိပ်စက် မွေ့ပျော်နေချိန်ဖြစ်၏။
တရုတ်နယ်စပ် ဌာနချုပ်
အရှေ့မြောက်ဒေသသို့ ဆုတ်ခွာလာခဲ့ရပြီးနောက် ဗမာပြည်ကွန်မြူနစ်ပါတီ ပြန်လည်အင်အားတောင့်တင်းလာ လေ၏။ တရုတ်ပြည်ပါတီသည် ထိုအချိန်က ချစ်တီးနှင့်ဂျူး စပ်ကျထားသော အဖေမှ မွေးသည့် တရုတ်အရင်း ရှင်စိတ် မ၀င်သေးခင်ကာလလည်းဖြစ်၊ ဗီယက်နမ်စစ်ကာလ၏ ပူပူနွေးနွေး အရှိန်ကလည်းရှိသဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီအား ဆက်လက်ကာ နိုင်ငံရေးအရ ထောက်ခံထောက်ပံ့ခဲ့လေ၏။
ထိုအခြေအနေအားလုံးအား သိရှိရိပ်မိသော နေ၀င်းသည် မီးစတဖက် ရေမှုတ်တဖက် ပေါ်လစီဖြင့် ဗမာပြည် ကွန်မြူနစ်ပါတီကို ဆက်ဆံခဲ့၏။
မဆလပါတီ၏ ဒုတိယအကြိမ်သက်တမ်းတွင် စန်းယု၊ အေးကို ဦးဆောင်သော သံခင်းတမန်ခင်းအဖွဲ့သည် တ ရုတ်အစိုးရ၏ အကူအညီဖြင့် တရုတ်ပြည်နယ်စပ်သို့ သွားရောက်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် များနှင့် အကြိမ်ကြိမ် သွားရောက်တွေ့ဆုံခဲ့၍ တစ်ခုတည်းသော ဆွေးနွေးချက်ကို အလေးပေးဆွေးနွေးခဲ့၏။ ထို ဆွေးနွေးချက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပေါင်းစည်းလျက် မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီအဖြစ် ဆက်လက်ရပ်တည်ကာ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်အတူ တောခိုသွားသော မြန်မာ့တပ်မတော်၏ အခြားတခြမ်းနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဘက် ကျန်ခဲ့သော အခြမ်းပေါင်းကာ မည်သည့်သူပုန်အဖွဲ့အစည်းမှ ပြန်လည်တိုက်ခိုက်နိုင်တော့မည်မဟုတ်သည့် စစ်အင်အားဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ချေမှုန်းရန်ပင်ဖြစ်သည်။
ထိုအချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ၏ နိုင်ငံရေးဦးဆောင်ကော်မတီမှ ပြန်လည်ဖြေကြားခဲ့သည်မှာ နိုင်ငံရေးဒီ မိုကရေစီ ပြည့်ဝသော အနှစ်သာရရှိသည့် တရားဝင် လွတ်လပ်တရားမျှတသော ပါတီစုံစနစ်ကိုသာ လက်ခံ မည်ဟူ၍ ဖြစ်သည်။
အကြိမ်ကြိမ် လာရောက်ဆွေးနွေးနေကြသလို တဖက်မှလည်း ကြူကုတ်ပန်ဆိုင်းတိုက်ပွဲများ၊ ပန်ဝါဒေသတိုက် ပွဲများ၊ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲများအား ဆက်တိုက်ဆိုသလို တိုက်ခိုက်နေကြ၏။ ကြူကုတ်ပန်ဆိုင်း ခံစစ် ကုန်းကို ဗမာပြည်ကွန်မြူနစ်ပါတီမှ အခိုင်အမာ ခြေကုတ်ယူထားခြင်းအား တိုက်မည်ဆိုလျှင် တလမ်းသာရှိ သည့် အလွန်မတ်စောက်သော တောင်စောင်းမှ လှေကားထောင်၍ တက်တိုက်ရန်သာရှိသည်။
အခြားတစ်လမ်းမှာ ရေလမ်းမှ တက်တိုက်ရန်ဖြစ်သည်။ ထိုသို့တက်တိုက်ရန်အတွက် မဆလသည် ပြည်သူလူ ထုများ၏ ကောင်ဘွိုင်ကားတန်းတွင် စစ်သုံးလှေများ ၀ှက်တင်လာခဲ့ကြသည့်သတင်းအား အခိုင်အမာကြားပြီး၊ ကြားဖြတ်ဆက်သွယ်ရေး ထောက်လှမ်းရေး သတင်းရရှိပြီးဖြစ်သော်လည်း ဒေသခံ ပြည်သူလူထုအများအပြား အသက်ဆုံးရှုံးရမည်ဖြစ်သဖြင့် ထိန်းချုပ်ဒေသထဲ ပေးဝင်ခဲ့သော လူထုကို ငဲ့ညှာသည့် အားနည်းချက်ဖြင့် မဆ လမှ ကြူကုတ်ပန်ဆိုင်းကို ရရှိသွားခြင်းဖြစ်၏။ နေ၀င်းက နှလုံးသားမရှိ မငဲ့ညှာ၊ ဗကပက ငဲ့ညှာခဲ့၏။ ဆုံးရှုံး မည်ကို သိပြီးဖြစ်သော်လည်း လူထု၏ အသက်အိုးအိမ်အတွက် မိမိပါတီ၏ အခိုင်အမာဒေသနှင့် ပါတီဝင် ပြည် သူ့တပ်မတော်သားများအား အဆုံးခံခဲ့ကြ၏။
သို့သော် ထိုအချိန်က အင်တာနက်မရှိ၊ သမိုင်းကို တရားဝင် မည်သည့်နည်းနှင့်မျှ မျှမျှတတ ချပြလို့မရ။ မဆ လသည် ပြည်တွင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ပြည်သူလူထုကြားတွင် နည်းမျိုးစုံသုံးကာ ၀ါဒဖြန့်တိုက် ခိုက်လျက် သမိုင်းဖျောက်ခဲ့၏။ ယခုကာလတွင်တော့ နအဖ စစ်အာဏာရှင်အနေဖြင့် ထိုကဲ့သို့ လုပ်လိုစိတ်ဖြင့် ယားယားတက်နေသော်လည်း အင်တာနက်၏ ဆုံးမနှိပ်ကွပ်မှုကို မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် သွေးအကြီးအ ကျယ်တိုးကာ ငြိမ်ခံနေရ၏။
၁၉၈၀ ပြည့်လွန်နှစ်များတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ စည်းရုံးရေးလုပ်ငန်းများ တွင်ကျယ်အားကောင်းလာခဲ့ ၏။
၁၉၈၈ နောက်ပိုင်း တော်လှန်ရေးအသွင်သဏ္ဍာန်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ
၁၉၈၈ ပြည်သူ့အရေးတော်ပုံအား ရန်သူစစ်အာဏာရှင်မှ စစ်တပ်ဖြင့် ပစ်ခတ်သုတ်သင်ချေမှုန်း၏။ ကျောင်း သားပြည်သူ ရဟန်းရှင်လူတို့ အသီးသီး အသက အသက လက်နက်ကိုင်တော်လှန်ရေး စတင်ရန် နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများ၏ အခြေခံဒေသသို့ ဦးတည်ကြ၏။
ကရင့်နယ်မြေ၊ ရှမ်းပြည်၊ ကချင်ပြည်၊ မွန်ပြည်တို့ကဲ့သို့ နယ်စပ်နှင့် ထိစပ်နေသော ဒေသများရှိ လက်နက်ကိုင် အင်အားစုများသည် ဒီမိုကရေစီတော်လှန်ရေး သွေးသစ်များအား လက်ခံ၍ လက်နက်ကိုင်တော်လှန်ရေး အင် အားစုအသစ် သဏ္ဍာန်သစ်များ ဖြစ်ပေါ်လာ၏။
မရှေးမနှောင်း ကချင်အချို့ ရန်သူနှင့် စတင်ပူးပေါင်း၏။ ထိုအချိန်တွင် အင်အားအကောင်းဆုံး အရှေ့မြောက် ဒေသမှ ဗမာပြည်ကွန်မြူနစ်ပါတီအားလည်း စစ်အာဏာရှင်က သေနတ်တချက်မဖောက်ရဘဲ ဖြိုခွဲချေမှုန်း လိုက်နိုင်၏။ အတွေးအခေါ်အလံထူကာ ၀ါဒရေးရာ ယုံကြည်ချက်ဖြင့် စစ်အာဏာရှင်ကို လွှတ်ဟေ့ဆိုကတည်း က ရေကုန်ရေခမ်း တိုက်ခိုက်ခဲ့သော ပါတီကြီးတရပ်၏ အသည်းနှလုံးအား အဘယ်ကဲ့သို့သော ပေါ်လစီအမှား လုပ်ဟန်အမှား လမ်းစဉ်အမှားကြောင့် ရန်သူက ဆွဲထုတ်သွားနိုင်ပါသနည်း။
ဗမာပြည်ကွန်မြူနစ်ပါတီ၏ တိုင်းပြည်အပေါ် ထားရှိသောသစ္စာ၊ တော်လှန်ရေးအပေါ် ထားရှိသောသစ္စာနှင့် ရန် ငါ ပြတ်သားစွာ ရပ်တည်ခဲ့သော ရပ်တည်ချက်အပေါ် သံသယဖြစ်စရာမရှိ။ အစဉ်အလာကြီးမားသော လူထုပါ တီတရပ်၏ ခြေလှမ်းများစွာနောက်ဆုတ်လိုက်ရစေသော ၀.သ.ပ အာဏာသိမ်းမှုသည် မည်သည့်အမှားမှ ဖြစ် ပေါ်ပေါက်ဖွားလာသော ဖြစ်ရပ်ဖြစ်သနည်းဟု ဆန်းစစ်ကြမည်ဆိုလျှင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်း ဆောင်မှုနှင့် အရည်အသွေးကို ကျနော်တို့ လက်တွေ့ကျနိုင်သမျှကျအောင် ပကတိဖြစ်ရပ်များအပေါ် အခြေခံ လျက် ချည်းကပ်ရပေတော့မည်။
ထိုသို့ ပြန်လည်ဆန်းစစ် နိဂုံးချုပ်သော တာဝန်ကို ဗမာပြည်ကွန်မြူနစ်ပါတီ၏ အဆင့်အသီးသီးရှိ ကေဒါများမှ ဆန္ဒစွဲကင်းကင်းဖြင့် ချဉ်းကပ်ပြီးကြမည်ဟုလည်း ယုံကြည်ပါသည်။
နိဂုံးချုပ်ချက်မှ ရရှိလာသော အဖြေကောင်းမကောင်းကိုလည်း ဦးနှောက်ရှိသော ဗမာပြည်ကွန်မြူနစ်ပါတီမှ ကေဒါများ သိရှိပြီးဖြစ်ပါလိမ့်မည်။
ပန်ဆန်းခေတ်ကောင်းစဉ်က ကေဒါကြီးများ၏ မိသားစုဝင်များကိုယ်တိုင်လည်း နိဂုံးချုပ်ချက်တခုစီ ပြုလုပ်ကြ ရန် တာဝန်ရှိသည်ဟု မြင်ပါသည်။
နယ်စပ်စည်းကို ကျောပေးကာ တရုတ်ပြည်၏ ပေါ်လစီအပြောင်းအလဲကို မသုံးသပ်နိုင်သော၊ ကိုယ့်တပ်မ တော်၏ အောက်ခြေထုနှင့် တပ်မှူးများ၏ အခြေအနေကို မရိပ်မိသော နိုင်ငံရေးဦးဆောင်ကော်မတီတစ်ရပ်၏ ကျဆုံးမှုသည် ထိုအင်အားစု၏ ကျဆုံးမှုသက်သက် ဖြစ်သည်ဆိုလျှင်တောင်မှ ယုံကြည်မှုဖြင့် အသက်ကို ပဓါန မထားဘဲ လူတန်းစားလွတ်မြောက်ရေး အလံတော်အောက်တွင် တာဝန်ကျေခဲ့သော ပြည်သူ့တပ်မတော်သား တို့နှင့် တိုင်းပြည်အတွက် အလွန်နစ်နာလှသော သမိုင်းရေးအရ မည်သည့်နည်းနှင့်မျှ မကောင်းနိုင်သည့် ဖြစ် ရပ်ဖြစ်သည်။ ထိုဖြစ်ရပ်အတွက် တာဝန်ရှိသည်မှာ ဗဟိုနိုင်ငံရေးဦးဆောင်ကော်မတီနှင့် နိုင်ငံရေးမှူးများ၊ တပ် မှူးများနှင့် အဆင့်အသီးသီးမှ ကေဒါများပင်ဖြစ်ပါသည်။
၁၉၉၀ ရွေးကောက်ပွဲကာလနှင့် နောက်ပိုင်း မြန်မာ့နိုင်ငံရေးနှင့် တော်လှန်ရေး
န.၀.တ စစ်အာဏာရှင်မှ ရွေးကောက်ပွဲကျင်းပပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သန့်ရှင်းလွတ်လပ်စွာ နိုင်ငံ လုံးဆိုင်ရာ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့၏။ ထိုရွေးကောက်ပွဲမတိုင်ခင် လူ့ဘောင်သစ်ဒီမိုက ရက်တစ်ပါတီ နှစ်ခြမ်းကွဲ၏။ တခြမ်းက ရွေးကောက်ပွဲကော်မရှင်နှင့် လက်ဝါးချင်းရိုက် အပေးအယူလုပ်ကာ ကျန်သောတခြမ်းအား တောထုတ်၏။
ထိုကာလတွင် ပြည်သူ့တိုးတက်ရေးပါတီနှင့် ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်တွင်ပါဝင်သော အင်အားစုများ နှင့် တော်လှန်သော လူ့ဘောင်သစ်အခြမ်းအား န.၀.တ မှ စတင်နှိပ်ကွပ်မှုများ လုပ်နေသလို ပြည်သူလူထု၏ ရွေးကောက်တင်မြှောက်မှုကို ခံယူထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အသစ်စက်စက်များ ရန်ကုန် မြို့ ဂန္ဓီခန်းမတွင် စားကောင်းသောက်ကောင်း ဟန်ရေးပြ၏။ အလုပ်မဖြစ်။ ထိုကာလတွင်လည်း ဗိုလ်ခင်ညွန့် နှင့် ဦးကြည်မောင် လင်လုဖက်လို ခနဲ့တဲ့တဲ့ စကားများ တဖက်နှင့်တဖက် ပြောသွားသည်သာ အဖတ်တင်၏။
ထို့နောက် လူငယ်အင်အားစုများနှင့် တိုးတက်သော အစဉ်အလာရှိသည့် အတွေးအခေါ်တစ်ရပ်ကို ကိုင်စွဲထား နိုင်သည့် ပါတီအင်အားစုများ အချေမှုန်းခံရ၏။
လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသော ကရင့်နယ်မြေအခြေစိုက် အင်အားစုများနှင့် အမျိုးသားရေးအ သွင်ဆောင်သော အင်အားစုများအပြင် မ.က.ဒ.တ အပါအ၀င် DAB တပ်ပေါင်းစုကို တည်ထောင်ပြီးဖြစ်၏။
ရှမ်းကယားဒေသကို အခြေခံသော တော်လှန်ရေးအင်အားစုများက လူမျိုးပေါင်းစုံ ပြည်သူ့ဒီမိုကရေစီတပ် ပေါင်းစုဖြင့် ရပ်တည်၏။ မာနယ်ပလောထိုးစစ်တွင် လ.ပ.ဒ.တ တပ်ပေါင်းစု တပ်ဖွဲ့များက ကရင့်နယ်မြေခံစစ် အတွက် စစ်ကူသွားရောက် တိုက်ခိုက်ပေးခဲ့၏။
ထိုမြင်ကွင်းထဲတွင် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စုမြန်မာနိုင်ငံ အ မျိုးသားညွန့်ပေါင်းအစိုးရဆိုသည့် ညွန့်ပေါင်းအစိုးရတစ်ရပ် ၀င်ရောက်လာ၏။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ နိုင်ငံရေးဦးဆောင်မှုကို လက်နက်ကိုင်တပ်များ ကိုယ်စီ ဖြင့် ကျောင်းသားတပ်မတော် (မ.က.ဒ.တ) အပါအ၀င် လက်ဝဲလက်ယာ အင်အားစုအားလုံးက ရှေ့တိုးပူး ပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြ၏။
ထုံးစံအတိုင်း အလုပ်မဖြစ်။
အထူးဒေသ စစ်ဆင်ရေး၏ အမြုတေ
ပန်ဆန်းအာဏာသိမ်းပွဲ ဖြစ်ပွားပြီးနောက် အလယ်ပိုင်းဗျူရိုသို့ ဆင်းလာသော ပါတီကေဒါ ၁၂ ဦးဖြင့် စတင် တည်ဆောက်သော အမှတ် ၁၂ တပ်မတော်ကို ကယန်းဒေသတွင် အခြေခံကာ အထူးဒေသစစ်ဆင်ရေး စစ် ရေးလုပ်ငန်းစဉ်ကို အစိတ်အပိုင်းတခုအဖြစ် ချမှတ်နိုင်ခဲ့၏။ လေးနှစ်တာကာလအတွင်း တပ်ရင်းတရင်း ဖွဲ့စည်း ပုံအပြည့်ဖြင့် အထူးဒေသ စစ်ဆင်ရေးများအား စနိုင်လာ၏။
တိုက်ပွဲတပွဲ၏ အကျဉ်း
၁၉၉၃ ခုနှစ် နှောင်းပိုင်းကာလတွင် လ.ပ.ဒ.တ တပ်ပေါင်းစု ကျောပိုးအိတ် ဗဟိုစခန်းအား ရန်သူမှ ဖြတ်လေး ဖြတ် စစ်ဆင်ရေး စတင်ဆင်နွှဲ၏။
ဒေသခံ တော်လှန်ရေးတပ်များမှ တပ်ရင်းများထုတ်ကာ ရန်သူ၏ ထိုးစစ်ကို အဆင့်ဆင့်ခံလျက် ဗဟိုဌာနချုပ်စ ခန်း ပြောင်းရွှေ့ရ၏။
ရှမ်းကယားနယ်စပ် (မြေပုံနံပါတ် မမှတ်မိ) စည်းနားမှ ရွာတစ်ရွာနှင့် နှစ်ဖာလုံခန့်အကွာ အရှေ့ဖက်တောစပ် တွင် အင်အားနှစ်ရာကျော် (တိုင်းရင်းသားခေါင်းဆောင်များ၊ မိသားစုများ၊ ကလေးမျာှး မိန်းမများ) နှင့် ကြား ဖြတ်ဆက်သွယ်ရေးတပ်ဖွဲ့ အတွက် လုံခြုံရေးအင်အား တပ်စုတစ်စု (ဖျားနာဒဏ်ရာရ ရဲဘော်များ) သာ ပါရှိ သော စစ်ကြောင်းနှင့် ရန်သူစစ်ကြောင်းတကြောင်း နေ့လည် နှစ်နာရီဝန်းကျင်တွင် ထိတွေ့မှုဖြစ်၏။
ရ.လ.လ.ဖ ဥက္ကဌ ဦးတာကလယ် ဒု-ဥက္ကဌ စစ်ဦးစီးချုပ် တက်နေထွန်းတို့ နှစ်ဦးသည်သာ ခံစစ်စည်းရှိရာသို့  အရောက်လာ၏။ အတွင်းရေးမှူးချုပ် ဦးစိုးအောင်လွင်မှ ခွာစစ်အတွက် ရုန်းရင်းဆန်ခတ်မဖြစ်စေဘဲ မိန်းမအုပ် ကလေးအုပ် မိသားစုအုပ်ကြီးကို ဦးဆောင်ကာ ဆုတ်လမ်းယူ၍ ကျည်လွတ်ရာသို့ စနစ်တကျ ဆုတ်ခွာစေ၏။
ဒု-ဥက္ကဌ (၂) ဦးစိန်ရွှေ (ဒေါ်ကြိုင်ကြိုင်၏ မောင်) ကတော့ ကိုးမီလီမီတာ ပစ္စတိုကို ညာလက်တွင်ကိုင်ကာ သူ့ မိန်းမနှင့် သမီးများ၊ မြေးများ၊ သားများကိုတောင် မစောင့်ဘဲ တချိုးတည်းလစ်သည်မှာ သူ့မြင်း၏ အမြီးသည် ပင် လေထဲတွင် ကြွက်မြီးတန်းလျက် …။
တိုက်ပွဲနာရီဝက်ခန့်ဖြစ်ပွားပြီး ကျနော်တို့စစ်ကြောင်း ရှမ်းပြည်နယ်မှ ကယားပြည်နယ်တွင်းသို့ ကရင်နီတပ်မ တော်၏ ခွင့်ပြုချက်ဖြင့် ၀င်ရောက်လာ၏။ တိုက်ပွဲဖြစ်ချိန် နာရီဝက်အတွင်း ရန်သူမှ ခြောက်ယောက်ကျ လေး ယောက်ဒဏ်ရာရ၍ မိမိတို့ဖက်မှ အကျအဆုံးမရှိသော်လည်း ရုံးအဖွဲ့မှ မြင်းတကောင် ပျောက်ဆုံးသွားခဲ့၏။ (မှတ်ချက် ။ ။ ဦးစိန်ရွှေ မပျောက်သွားပါ။ ကျနော်တို့ စစ်ကြောင်းထက် နာရီအနည်းငယ်စော၍ ကယားနယ် တွင် ကြိုတင်ရောက်ရှိနေခြင်း ဖြစ်ပါ၏။)
အထူးဒေသ စစ်ဆင်ရေး
ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သံတောင်မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ရေနီမြို့နယ်၊ မြို့ လှမြို့နယ်ဒေသ စစ်တောင်းမြစ်နှင့် ပေါင်းလောင်းမြစ်ဒေသ၊ ရှမ်း ကယန်း ကယား တောင်တန်းဒေသများတွင် အထူးဒေသစစ်ဆင်ရေးစစ်ကြောင်းအား မ.က.ဒ.တ (ဥက္ကဌ မိုးသီးဇွန် ဦးဆောင်သော) တပ်ရင်းတစ်ရင်း အ လုပ်အဖွဲ့တဖွဲ့၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော်သုံးဦး၊ ဗမာပြည်ကွန်မြူနစ်ပါတီ အမှတ် ၁၂ တပ်မ တော်တပ်ရင်း၊ ကယန်းပြည်သစ်ပါတီ၊ ဒီမိုကရေစီပြည်ချစ်တပ်မတော်တို့၏ လူထုစည်းရုံးရေး နယ်မြေစိုးမိုး ရေးစစ်ကြောင်းက အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့၏။
ပဲခူးရိုးမဒေသသို့ လှမ်းမျှော်နိုင်လာသည့် အနေအထားက မဝေးတော့ ရန်ကုန်ရှိ န.၀.တ စစ်အာဏာရှင်များ ဖင်ကြိမ်းစပြုနေရပြီဖြစ်၏။ ထိုကာလတွင် ကရင့်တပ်မတော်မှလည်း သံတောင်၊ လိပ်သို၊ ယာဒို၊ ကျောက်ကြီး၊ တောင်ငူဒေသများအား အုပ်ချုပ်ရေးထူထောင်ကာ ၀င်ထွက်လှုပ်ရှားနေသည့်ကာလဖြစ်၏။ DAB နှင့် ၁၉၈၈ နောက်ပိုင်း ပေါ်ပေါက်လာသော တော်လှန်ရေးအင်အားစုများ၏ ဌာနချုပ်ဖြစ်သော ကရင့်မာနယ်ပလောဌာန ချုပ်တွင်လည်း NLD ဌာနချုပ်ရုံး၊ NCGUB ရုံး၊ လူ့ဘောင်သစ်ဌာနချုပ်ရုံး မဟာမိတ်ပေါင်းစုံ ကိုယ်စားလှယ်ရုံး များ၊လက်ဘက်ရည်ဆိုင်များ ဘောလုံးပွဲများ၊ ဘော်လီဘောဝိုင်းများအပြင် စိန်ဝင်းမြိုင်၏ ဇာတ်သဘင်ပင်ရှိ၏။ အောင်ဆန်းစုကြည်လမ်းရှိ၏။
ဗိုလ်ချုပ်မြတို့၏ ခိုင်ခန့်သော မာနယ်ပလောဌာနချုပ်အား ရန်သူထိုးစစ်ဆင်ခဲ့သော်လည်း မရခဲ့။ တဘက်သတ် အပစ်အခတ်ရပ်စဲရေးခေါ်ကာ နဂါးမင်းစစ်ဆင်ရေးမှာ ကျင်ငယ်ရေဖြင့် အပန်းခံလိုက်ရသော တီကောင်ကဲ့သို့ မောင်လှတို့  ရဟတ်ယာဉ်ဖြင့် ပြန်လစ်သွားခဲ့ရပြီးသည်မှာ သိပ်မကြာသေးသောကာလဖြစ်၏။
သို့သော် ထိုကာလတွင် စစ်အာဏာရှင်မှ လူထုတွင်း လူထုကို အရပ်ဝတ်ဖြင့် နှိပ်ကွပ်ရေးမူဖြင့် ကြံ့ဖွတ်အဖွဲ့နှင့် အတူ လူထုလူတန်းစားအသီးသီး အလွှာအသီးသီးအား ပြန်လည်ထိန်းချုပ်ကိုင်တွယ်ရန် အရပ်သား စစ်ပုလိပ် ဆန်ဆန်အဖွဲ့များ စတင်ကာ ထူထောင်အရှိန်ယူနိုင်နေပြီဖြစ်၏။
ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များကလည်း အားကျမခံ အစီအစဉ်ရှိရှိဖြင့် ဟိုလူ့ထုတ် လိုက် သည်လူ့ထုတ်လိုက်နှင့် အသွင်းအထုတ်ပွဲကြီးကို ပါတီတွင်း ဇွဲရှိရှိ အားသွန်ခွန်စိုက် ဆင်နွှဲနေသော ကာ လလည်းဖြစ်၏။
ခြံစည်းရိုးပေါ်က အမှား
အင်အားကြီးမားသော လက်ဝဲ လက်ယာ တော်လှန်ရေးအင်အားစု နှစ်ရပ်၏ အမာခံဌာနချုပ်များ ကျဆုံးရခြင်း မှာ ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်နယ်စပ်တွင် မြို့ကြီးတည် ဌာနချုပ်ကြီးဆောက်ကာ ကိုယ့်ခံတပ် ကိုယ့်ဒေသ ရန်သူမ၀င်ရေး ခုခံစစ်ဖြင့် နှစ်ပေါင်းများစွာ ဆုတ်လိုက်တက်လိုက် နစ်မွန်းခဲ့ရ၍ ဖြစ်၏။
နယ်မြေကာကွယ်ရေးစစ်သည် စစ်ပွဲတပွဲ၏ မဟာဗျူဟာအရ အဓိကကျသော ကိစ္စတရပ်ဖြစ်သည်မှာ ငြင်းစရာ မရှိ။ သို့သော် တော်လှန်ရေးအင်အားစုတစ်ခုသည် အမြဲတမ်းတပ်မတော် တစ်ရပ်ကဲ့သို့ တိုက်ခိုက်နိုင်လာ သည့် လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာ၊ အရံကျည်၊ ဆေးဝါး၊ ဒေသကျွမ်းကျင်မှုတို့ ရှိထားလျက်နှင့် ထိုး စစ်များအတွက် တုံ့နှေးခဲ့၏။
ကိုယ့်အခြေခံဒေသ တိုးချဲ့ကာကွယ်ရေးထက် ဗဟိုဌာနချုပ် ခံစစ်ခိုင်မာရေးအတွက် ဇောင်းပေးခဲ့ကြ၏။ ကိုယ့် အခြေခံဒေသထဲ ၀င်လာသော ရန်သူထိုးစစ်ကိုသာ ဦးချိုးတိုက်ခိုက်ရေးက အဓိကဖြစ်ခဲ့၏။ ရှေ့တိုးတိုက်ခိုက် ရေးက အားနည်းခဲ့၏။
ဗိုလ်ချုပ်ပု၏ မြို့သိမ်းတိုက်ပွဲအချို့မှလွဲ၍ တောက်တောက်ပြောင်ပြောင် ထိုးစစ်ဆင်ခြင်းများအား ပိုမိုလုပ်နိုင် လျက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ စစ်ရေးခေါင်းဆောင်များက မဆောင်ရွက်ခဲ့။ ပေါ်လစ်ဗျူရိုများ ဘာတွေနှင့် အလုပ်များနေခဲ့သည်ကိုတော့ ကေဒါကြီးများကိုယ်တိုင်ပင် သိပါလိမ့်မည်။
အလားတူ အမှားမျိုးအားလည်း ဆယ်စုနှစ်တခု မပြည့်ခင်ပင် ကရင့်တပ်မတော်၏ ဌာနချုပ်လည်းဖြစ် ၁၉၈၈ နောက်ပိုင်း အင်အားစုများ၏ ဌာနချုပ်ဟု ပြောမည်ဆိုလျှင်လည်း တစိတ်တပိုင်း ပြော၍ရသည့် မာနယ်ပလော ဌာနချုပ်သည်လည်း ပိုမိုဆိုးရွားသော ကျဆုံးမှုဖြင့် ရင်ဆိုင်ကာ ကျဆုံးခဲ့ရ၏။
ထိုကဲ့သို့သော ဖြစ်ရပ်များသည် ပေါ်လစီအမှား တိုက်ပွဲနည်းဗျူဟာ အမှားများကြောင့် ဖြစ်လာသကဲ့သို့ မဟာ ဗျူဟာတစ်ခုလုံး ဟန်ချက်လွဲ ထိခိုက်နစ်နာစေ၏။ တော်လှန်ရေးနစ်နာရ၏။ လူထုနစ်နာ၏။ အချိန်ကာလများ အလဟဿဖြစ်၏။ အသက်များ အလဟဿ ကျဆုံးရ၏။
၁၉၉၄ ခုနှစ် ပေါ်လစီအမှား
ခရစ်ယာန် သင်းအုပ်ဆရာများ၊ ကက်သိုလစ် ဘုန်းကြီးများ တောတွင်းသို့ စတင်ခြေချ၏။ တိုင်းရင်းသားတော် လှန်ရေးခေါင်းဆောင်များအား တွေ့ခွင့်တောင်း၏။ အပစ်အခတ်ရပ်စဲရေး ပွဲစားလုပ်ငန်းကို စတင်လုပ်ဆောင် ၏။ တချိန်တခါမျှ ငတ်မွတ်ခေါင်းပါးနေသော ဒေသခံပြည်သူလူထုကို တရားမပေးခဲ့ဖူးသော ကိုယ်တော်များ ဖိုးဝှီးကားများ တ၀ီဝီဖြင့် တောတွင်းအင်အားစုများအား လာရောက်စည်းရုံးချိန်ဖြစ်၏။
ထိုကာလတွင် လ.ပ.ဒ.တ တပ်ပေါင်းစုဝင်များထဲမှ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်သော ရ.လ.လ.ဖ၊ က.လ.လ.တ၊ ကယန်းပြည်သစ်ပါတီတို့ ထိုအခွင့်အရေးကို အသုံးချကာ တပ်များ ယာယီစစ်နားရန် ပိုမိုကျစ် လျစ်ခိုင်မာ အင်အားကောင်းသော တပ်မတော်များ ပြန်လည်တည်ဆောက်ဖွဲ့စည်းရန်ဟူသော ရည်ရွယ်ချက် ဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးဝိုင်းထဲဝင်ရန် လ.ပ.ဒ.တ ဗဟိုအနေဖြင့် ဆုံးဖြတ်ပြီး လ.ပ.ဒ.တ တပ် ပေါင်းစုကို ဖျက်သိမ်းပေးခဲ့၏။ လ.ပ.ဒ.တ တပ်ပေါင်းစု၏ policy makers များ၏ အမျှော်အမြင်ဖြင့် လ.ပ.ဒ.တ တပ်ပေါင်းစုဝင်အဖွဲ့များ စစ်အာဏာရှင်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ကြပြီး ဖိုးဝှီး ကားများ တ၀ှီးဝှီးဖြင့် …။
တဖွဲ့ပြီးတဖွဲ့ စာရိတ္တ အဆိပ်ခတ်ခံလိုက်ကြရ၏။ ခေါင်းပေါ် ကွန်ဒုံစွပ်ကာ တော်လှန်ရေးဝိဥာဉ်အား အသက်ရှူ ကျပ် သေစေ၏။ ထိုအဖွဲ့အစည်းများ၏ ပေါ်လစီရေးရာကို အဓိက ဦးဆောင်ဖေးကူလာခဲ့သော ကွန်မြူနစ်ကေ ဒါများ မြေလျှိုးမိုးပျံရတော့၏။ ထိုကာလက ဗိုလ်ချုပ်ကြီးမြအား လ.ပ.ဒ.တ တပ်ပေါင်းစုမှ စာပို့ အသိပေးဆွေး နွေး၏။ ဗိုလ်ချုပ်ကြီးမြမှ ငြင်းဆန်၏။ နိုင်ရွှေကျင်၏ မွန်ပြည်သစ်ပါတီမှ လက်ခံ၏။ သို့ဖြင့် ကရင့်မာနယ်ပလော သည် ဘုန်းကြီးအမှုရွာပတ်ကာ ဗြန်းဗြန်းကွဲပါတော့၏။
ဟန်ချက်မညီ၊ ရေရှည် ရန်သူ၏ တိုက်ကွက်ကို လျှော့တွက်သော လမ်းစဉ်ရေးရာအမှားကြောင့် ယခုဆိုလျှင် နအဖ စစ်အာဏာရှင်သည် ပိုမိုခိုင်မာသည်ထက် ခိုင်မာအောင် သူ့အင်အားကို တည်ဆောက်ပြီးသည့်အပြင် ၂၀၁၀ ရွေးကောက်ပွဲဆိုသည့် တဖက်သတ် တရားဝင် ထာဝရ အစိုးရလုပ်မည့် ကိစ္စရပ်အား တိုက်ပွဲကြီးတခု အဖြစ် စိုးမိုးကုန်းယူကာ အစီအစဉ်ရှိရှိ ဆင်နွှဲနေနိုင်၏။
မှားပြီးရင်းမှား
မေလဆန္ဒခံယူပွဲအား အနောက်တိုင်းနိုင်ငံတို့မှ ထောက်ပံ့မှုယူထားသော အဖွဲ့အစည်းများနှင့် ယခုထိ ပြည်ချစ် ၀ါဒ ပြည်ချစ်ဝါဒဟု ဖင်ကုန်းအော်နေသေးသော်လည်း ကွန်မြူနစ်ဘီကီနီဝတ်ကာ လူတန်းစားမိတ်ကပ် အ ဖွေးသားနှင့် ကမ္ဘာ့စီးပွားရေး စင်မြင့်ပေါ်တွင် တိုင်ဖက်ပြီး ပွတ်ပြနေသော တရုတ်ကွန်မြူနစ်ခေါင်းဆောင်များ အကြိုက် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ပြောရေးဆိုခွင့်ကို ကျကျနန ယူထားသည့် ပုဂ္ဂိုလ်တို့သည် ကန့်ကွက်မဲ ပေးရေး၊ ဖွတ်မြီးဖြင့် ဖွတ်ကိုချည်ရေးဟူသော ကြွေးကြော်မှုဖြင့် ဖွတ်တက်ခံလိုက်ကြ၏။ နာဂစ်မုန်တိုင်းမှ ပြည် သူ့အလောင်းများ၊ ယခုအခါ မည်သူမှ လှည့်ကြည့်အကူအညီပေးမှုကို မရရှိကြသော မုန်တိုင်းဒဏ်ခံ ကျန်ရစ် သူ သိန်းပေါင်းများစွာသော ပြည်သူများ၏ ဘ၀ကို စတေးကာ နအဖက ဗြောင်ယုတ်မာစွာ လှည့်ပြောင်းလုပ် ကိုင်ယူလိုက်၏။
ယခုလည်း နီပေါနိုင်ငံမှ မစားရ ၀ခမန်း မာ့က်စ်ဝါဒီတို့၏ အောင်ပွဲကို စိတ်ကူးယဉ်ကြဦးမည်လော။ ၂၀၁၀ ရွေး ကောက်ပွဲကို ၀င်ရမည်ဆိုသည့် လေသံများ ပြင်ဆင်မှုများဖြင့် …။ အသားတုံးကိုသာမြင်လျက် ထောင်ချောက် ကို မမြင်၍လော။ သို့မဟုတ် မထူးဇာတ်ခင်းကာ တဖဲ့ရရ တကိုက်ရရ မသေခင် မြိုလိုက်မည်ဟူသော စိုက်ထူမှု ဖြင့် ၂၀၁၀ ရွေးကောက်ပွဲ ဘေးတီး ဆော်သြခြင်းလော။
၂၀၁၀ အကြိုကာလ သုံးသပ်ချက်
ယခုကမ္ဘာ့အခင်းအကျင်းနှင့် ဒေသဆိုင်ရာ ပထ၀ီနိုင်ငံရေး စဉ်းစားချက်တို့အရ န.အ.ဖ သည် ထုံးစံအတိုင်း အ ရှက်မဲ့ အကြင်နာကင်းစွာ ၂၀၁၀ ရွေးကောက်ပွဲကိစ္စအား ထပ်မံ၍ ပြည်သူလူထုကို ချေမှုန်းရမည်ဆိုလျှင်လည်း ခပ်ပြောင်ပြောင် လက်ရဲဇက်ရဲ ခြေမှုန်းကာ ဖြစ်အောင်လုပ်မည်ဖြစ်သည်။ ထိုသို့လုပ်လျှင်လည်း အာစီယံဒေ သ ဖောက်ပြန်ရေးသမားများနှင့် ကမ္ဘာ့လူတတ်ကြီးများမှ စုတ်သတ် ကရုဏာသက် ပါးစပ်ဖြင့် ဆန့်ကျင်ရှုတ်ချ စကားပြောရုံကလွဲ၍ မည်သည့်ထိရောက်သော အရေးယူမှုမျှ ပြုလုပ်လိမ့်မည်မဟုတ်။ ပြုလုပ်နိုင်လိမ့်မည်မ ဟုတ်။
စစ်အာဏာရှင်သည် ဌာနဆိုင်ရာများတွင် နေရာပေးထားသော အရာရှိ အိုနာကျိုးကန်းများနှင့်တကွ အောင် သောင်း၊ မောင်သောင်းတို့ ကဲ့သို့သော ပုဂ္ဂိုလ်များဖြင့် နိုင်ငံရေးပါတီများ ထူထောင်လိမ့်မည်။
အေးလွင်တို့ ကဲ့သို့သော အင်အားစုများ၊ သခင်တင်မြ၊ အောင်ကြီးတို့ ကဲ့သို့သော ပုဂ္ဂိုလ်များနှင့် လူထု လူတန်း စားအသီးသီးမှ န.အ.ဖ အား ခံမပြောရဲသည့် အင်အားစုများအား နိုင်ငံရေးပါတီ ထူထောင်ရန် တွန်းအားပေး လိမ့်မည်။
အပစ်အခတ်ရပ်စဲရေးအဖွဲ့များအား ပါတီနိုင်ငံရေးတွင် ပါဝင်လိုလျှင် လက်နက်စွန့်ရမည်ဟူသော သူတို့ကိုယ် တိုင် လက်မခံနိုင်ခဲ့သည့် အလုံးဖြင့် လက်နက်စွန့်ခိုင်းမည်။ တပ်မတော်တွင်း ပျော့ပျောင်းသည်ဟု အထင်ရှိ ကာ သူတို့ကိုယ်တိုင် လက်မခံလိုတော့သော အင်အားစုများအား နိုင်ငံရေးပါတီများ ထူထောင်ခိုင်းမည်။
ပြည်ပမှ ဇော်ဦးနှင့် သူ၏ နောက်လိုက်များဖြစ်သော ဗဟုဆိုသည့် မိမိကိုယ်မိမိ ပုဏ္ဏားဖြူ ပုဏ္ဏားညိုဟု အထင် ရောက်နေသည့် NGO လစာဖြင့် လူတွင်ကျယ်လုပ်နေသော ပဏ္ဍိတများက မျှော်လင့်ချက်ကို ပိုမိုသက်ဆိုး ရှည်ရန် ယောင်ပြလုပ်ရပ်များဖြင့် ပြည်သူလူထုတရပ်လုံး သို့လောသို့လောဖြစ်အောင် အာရုံလွှဲတိုက်ကွက်ဆင် မည်။ (ဇော်ဦး န.အ.ဖ နှင့် တိတ်တဆိတ်သွားတွေ့တော့ မည်သူမျှ အော်ကြီးဟစ်ကျယ်မလုပ်။ ဇာနည် ဗြောင် သွားတွေ့တော့ ၀ိုင်းကိုက်ကြသည်ကိုလည်း မှတ်မိပါ၏။ )
စိန်ဝင်း၊ ဘိုလှတင့် ကဲ့သို့သော သောင်းထွန်းတပည့် ဘိုရူးအစိုးရအဖွဲ့အား တွေ့ဆုံဆွေးနွေးရေး မိုးပျံပူဖောင်း အား ပိုမိုအားကောင်းစွာ မှုတ်လာနိုင်အောင်လည်း တနည်းတဖုံဖြင့် တိုက်ကွက်ဆင်မည်။
ယခုထိ လက်နက်စွဲကိုင်ကာ ပြည်သူနှင့် တော်လှန်ရေးအပေါ်သစ္စာမပျက်သော ကေအင်ယူ၊ မ.က.ဒ.တနှင့် အ ခြားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးလေပြေဖြင့် စည်းရုံးသိမ်းသွင်းရေး ပြုလုပ်မည်။ တဖက်မှ လည်း အပြုတ်တိုက်ရေးအတွက် အစီအစဉ်ရှိရှိ အဆက်မပြတ်လုပ်မည်။
ထို့နောက် ၂၀၁၀ အပြီးတွင် ပတ်လည်ရိုက်ကာ ၄င်းတို့အခြေခံဥပဒေကို ခိုင်သည်ထက်ခိုင်အောင် ထပ်မံ၍ ဟာကွက်မရှိအောင် Amendment များ တခုပြီးတခုဖြင့် ဖာထေးသွားလိမ့်မည်။
နိုင်ငံတော်၏ ထာဝရ မင်းသားကြီးများ လုပ်ချင်ကြလွန်းသဖြင့် ကိုယ့်စင်ကိုယ်ထိုး ကိုယ့်ပိုးကိုယ် ဖြေဖျောက် ရန် ကသည့် ဇာတ်ပွဲတွင် စစ်အာဏာရှင်တို့က မိတ်ကပ်အဖွေးသား သေနတ်ခါးထိုးကာ တောင်ရှည်ပုဆိုး တပုံပုံ ခေါင်းပေါင်း တလူလူဖြင့် ဟန်ရေးပြနေချိန်တွင် ခွေးသေကောင် ဠင်းတ ငမ်းသကဲ့သို့ ဗမာပြည်ကွန်မြူ နစ်ပါတီ ပြောရေးဆိုခွင့်ရှိသူများအနေနှင့် ပြည်သူလူထုအား လမ်းညွှန်ပါတီ ဦးဆောင်ပါတီတရပ်၏ နေရာမှ ၂၀၁၀ ရွေးကောက်ပွဲ၏ ဖြစ်နိုင်ခြေမရှိသော ဖြစ်နိုင်ခြေများကို ဟောကြားလမ်းညွှန် ကြေညာချက်ထုတ်နေ မည့်အစား ပိုမိုထိရောက်သော ကိစ္စရပ်များအတွက် ဦးဆောင်ရန် ဆန္ဒမရှိတော့ပြီလော၊ အရည်အချင်း မရှိ တော့ပြီလော။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် အင်အားစုများအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ၏ ရလဒ်ကို စွန့်လွှတ် ကာ လူထု၏ ယုံကြည်အားကိုးမှုကို နင်းခြေဥပေက္ခာပြုမည်လော။ စာပေအတတ်ပညာနှင့် အတွေးအခေါ် နုံနဲ့ အားနည်းစွာ မြင်သမျှ သိသမျှ ဖြတ်သန်းခဲ့သမျှအပေါ် အဆင်ပြေသလို တင်ပြရေးသားထားသော ကျနော့် နိဂုံးချုပ်ချက်အရ ထုံးစံအတိုင်း ပါတီဆန့်ကျင်ရေးဟု စွပ်စွဲလိုလျှင်သော်လည်းကောင်း၊ တန်ပြန်တော်လှန်ရေး သမားဟု တံဆိပ်ကပ်လိုလျှင်သော်လည်းကောင်း ကျနော့်အနေဖြင့် တုန့်ပြန်မည်မဟုတ်ပါ။ သို့သော် ထပ်မံ တိုက်တွန်းလိုသည်မှာ တော်လှန်ရေးသမားတိုင်း၊ ပြည်သူလူထုကို ချစ်မြတ်နိုးကာ စစ်အာဏာရှင်စနစ် အောက်မှ လွတ်မြောက်စေလိုသူတိုင်း အရပ်သား၊ တော်လှန်ရေးသမား၊ န.အ.ဖ စစ်သား မခွဲခြားဘဲ အနှစ်နှစ် ဆယ် နိဂုံးချုပ် စာတမ်းငယ်များအဖြစ် ၀ိုင်းဝန်းစဉ်းစား ရေးသားနိုင်ကြလျှင် ရေးသားကြပြီး မည်ကဲ့သို့ စစ်မှန် လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတော် ပြန်လည်ထူထောင်ကြမည်နည်းဟူသော အတွေးအခေါ်သစ်များ ရကြ စေလိုပါကြောင်း လေးစားအားကိုးမှုဖြင့် တင်ပြလိုက်ရပါသည်။
အညတရ ရဲဘော်တစ်ဦး
Thursday, October 23, 2008
အနှစ်နှစ်ဆယ်ကျော် ကျနော်တို့ခေတ်၏ ပဋိပက္ခ (နိဂုံးချုပ် စာတမ်း)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment