Friday, October 24, 2008
ဒေါင်းတမန်များ ပျံသန်းမြိုင်မြိုင်ချီ (၁) (ခရီးသွားအက်ဆေး)
နအဖတီဗွီမှ ထုတ်လွှင့်ပြသနေသည့် သတင်းတပုဒ်ကို ကြည့်ရှုနေရင်း ရှစ်လေးလုံး အရေးအခင်းကာလက နိုင် ငံရေးစကားဝိုင်းတခုတွင် နာကြားခဲ့ဖူးသည့် စကားတခွန်း နားထဲသို့ ပဲ့တင်ရောက်ရှိလာသည်။ “နိုင်ငံရေးလုပ် တယ်ဆိုတာ လှိုင်းစီးရသလိုပဲ။ လှိုင်းတွေက အဆက်မပြတ် တလုံးပြီးတလုံး တက်လာနေတယ်။ တချက်မှား တာနဲ့ လှိုင်းစီးသူဟာ မာယာများတဲ့ ပင်လယ်ထဲ စုန်းစုန်းမြုပ်သွားနိုင်သလို နိုင်ငံရေးမှာလည်း တချက်မျက်စိ လည်တာနဲ့ သွားမှာပဲ။ လုံးဝ အတိမ်းအစောင်းမခံဘူး။ ဆရာကြီးရွှေဥဒေါင်းတို့ ဆရာသိန်းဖေမြင့်တို့ကိုပဲကြည့်။ ဗိုလ်နေ၀င်း တချက်အလှည့်မှာ မျက်စိလည်သွားပြီး ခံလိုက်ရတာပဲ” ဆိုသည့် စကားကို ပြန်လည်ကြားယောင် နေမိခြင်းဖြစ်သည်။
တီဗွီဖန်သားပြင်ပေါ်တွင် ကောက်ကျစ်စဉ်းလဲသော နအဖ စစ်ဗိုလ်ချုပ်ကြီးများ၏ လက်အောက်ငယ်သား ရုပ် သေးစစ်ဗိုလ်ချုပ်များ၏ အသက်မပါသော အပြုံးများကို ယခင့်ယခင် အခါများကအတိုင်း ထူးမခြားနားစွာ တွေ့ မြင်နေရသည်။ ထူးခြားသည်က စင်မြင့်ပေါ်တွင် တမြေထဲနေ ညီနောင်လူမျိုးစုတိုင်းရင်းသား ခေါင်းဆောင်ကြီး တဦးက ရိုးသားအေးဆေးလှသည့် မျက်နှာအသွင်အပြင်နှင့် စကားပြောနေသည်ကို တွေ့မြင်ရခြင်းပင်ဖြစ် သည်။ ဗမာလူမျိုးကြီးဝါဒကို အစဉ်အဆက်ကိုင်စွဲခဲ့သော စစ်အုပ်စုဗိုလ်ချုပ်များနှင့် စစ်အာဏာရှင်စနစ်ကို နှစ် ရှည်လများ ရရာလက်နက်ဖြင့် စွဲကိုင်တိုက်ပွဲဝင်ခဲ့သည့် ခေါင်းဆောင်ကြီး၏ မျက်နှာပေါ်တွင် ပင်ပန်းဆင်းရဲလှ သည့် တော်လှန်ရေးခရီးကြမ်းတလျှောက် ဒုက္ခမျိုးစုံ ခါးစည်းရင်ဆိုင်ခဲ့ရသည်ကို သက်သေထူနေသည့် အရေး အကြောင်းများ အထင်းသား ပေါ်လွင်နေသည်။
ကြည့်ရင်းကြည့်ရင်း ကျနော်၏ မျက်စိထဲ၌ အေးဆေးတည်ကြည်စွာ စကားပြောနေသည့် တိုင်းရင်းသား ခေါင်း ဆောင်ကြီး၏ ရုပ်ပုံလွှာနှင့် သူ့အား ‘အဘ၊ အဘ’ ဟု ချစ်စနိုး ခေါ်ဝေါ်ကြသည့် ကျောင်းသားတပ်မတော် (အေဘီအက်စ်ဒီအက်ဖ်) တပ်ရင်း (၈) မှ ရဲဘော်တို့၏ ပုံရိပ်လွှာများ ရောယှက်ဝေ့၀ဲနေတော့သည်။ သူ့အား တပ်ရင်း (၈) ရဲဘော်များက ‘အဘ၊ အဘ’ ဟု ချစ်မြတ်နိုးစွာ ခေါ်ဝေါ်သံကို လွန်ခဲ့သည့် ဇန်န၀ါရီလ (၁၂) ရက် နေ့ မွန်းလွဲပိုင်းက သူးမွဲနီကျေးရွာရှိ ရဲဘော်ကိုပေါက်၏ တဲကလေးသို့ ရောက်ရှိခဲ့သည်တွင် ကျနော် စတင် ကြားဖူးခဲ့ခြင်းဖြစ်သည်။
• • • • •
ထိုနေ့မနက်က ကားနောက်ခန်းတွင် ကျနော်နှင့်အတူ ရဲဘော်နှစ်ယောက်၊ ကားရှေ့ခန်း ဒါရိုက်ဘာဘေးမှ ခုံ တွင် ကျောင်းသားတပ်မတော် တပ်ရင်း (၈) တပ်ရင်းမှူးတို့ လိုက်ပါပြီး သောင်းရင်းကမ်းနားသို့ ခရီးထွက်ခဲ့ကြ ခြင်းဖြစ်သည်။ ကျနော်က တပ်ရင်း (၈) သို့ အလည်အပတ်လိုက်ချင်သည်ဟု တပ်ရင်းမှူးကို ပြောထားသည် မှာ နှစ်ပတ်လည်လုနီးပါးရှိပြီဖြစ်သော်လည်း သူတို့သွားသည့်အချိန်နှင့် ကျနော်အားသည့်အချိန် မတိုက်ဆိုင် ၍ ယခင်အခေါက်များက မလိုက်ပါဖြစ်ခဲ့။ ဒီတခေါက်တော့ လိုက်ဖြစ်အောင်ကိုလိုက်မည်ဟု သန္နိဌာန်ချပြီး ဇန် န၀ါရီလဆန်းပိုင်းကတည်းက အလုပ်တွေလက်စသပ်ကာ လမ်းကြောင်းရှင်းထားခြင်းဖြစ်သည်။
တနာရီကျော်ခန့် မောင်းပြီးနောက် ကားက ဘဲကလော့ (မယ်လ) ဒုက္ခသည်စခန်းသို့ ဆိုက်ရောက်လာသည်။ ကျနော်က ဘဲကလော့ ဒုက္ခသည်စခန်းကို အပြင်မှနေ၍ အသွားအပြန် သုံးကြိမ်ခန့် ဖြတ်သွားဖူးသော်လည်း စခန်းအတွင်းသို့မူ ထဲထဲဝင်ဝင် မရောက်ဖူးပေ။ ယမန်နှစ်က မယ်ဆရီယန်းမှအပြန် ပထမအခေါက်တွင် ဘဲက လော့ ဂိတ်ဝတနေရာရှိ ကားမောင်းပို့သူ နော်ဘားဘလွတ်တို့ ကရင်ညီမငယ်နှစ်ဦး၏ မိဘများအိမ်သို့ ခဏတ ဖြုတ် ၀င်နားဖူးသည်မျိုးသာရှိသည်။ ထိုအခေါက်က ကျနော်နှင့် ကိုဇော်ကြီး (ကဗျာဆရာ သစ်ကောင်းအိမ်) တို့ စားရကံကြုံသဖြင့် နော်ဘားဘလွတ်တို့အိမ်မှ တည်ခင်းသည့် မုန့်ဟင်းခါးစားခဲ့ရသည်ကို အမှတ်ရနေမိ သည်။ သူတို့ညီအစ်မနှစ်ဦး၏ အိမ်တွင် ဒုက္ခသည်ကလေးငယ်များအတွက် မူကြိုကျောင်းကလေး တွဲဖက်ဖွင့် လှစ်ထားပြီး သူတို့၏မိခင်က ကြည့်ရှုစောင့်ရှောက်ထားရသည့် ကလေးငယ်လေးများကိုလည်း တွေ့ခဲ့ရသည်။
ယခုတခေါက် ဘဲကလော့စခန်းသို့ ကားဆိုက်သည့်အခါတွင် ကျနော်ဝင်နားခဲ့ဖူးသည့် နော်ဘားဘလွတ်တို့ အိမ်ရှိရာ ဂိတ်ဝကို သတိတရ ရှာဖွေကြည့်မိသော်လည်း မည်သည့်ဂိတ်ဝမှန်း ကျနော်မမှတ်မိတော့။ ဘဲက လော့ ဒုက္ခသည်စခန်းကား စခန်းဟိုဘက်ထိပ် သည်ဘက်ထိပ်ကို လမ်းလျှောက်လျှင် တနာရီကျော်ကြာသည် ဟု တပ်ရင်းမှူးက ပြောပြသည့်အခါမှ ဤမျှကျယ်ဝန်းရှည်လျားပြီး အ၀င်ဂိတ်ဝတွေများသည့်အတွက် ကျနော် မမှတ်မိခြင်းဖြစ်မည်ဟု တွေးမိလေတော့သည်။ တဆက်တည်းမှာပင် စစ်အုပ်စုအဆက်ဆက် ပေးခဲ့၊ ပေးနေဆဲ ဒုက္ခများက တိုင်းဆ၍မရအောင်ပင် ကြီးမားလွန်းပေစွဟုလည်း ကျနော်စဉ်းစားနေမိပါသည်။
ဒုက္ခသည်စခန်းအတွင်း နိမ့်မြင့်တောင်ကုန်းလေးများပေါ်တွင် စစ်အုပ်စုအဆက်ဆက်၏ ဖိနှိပ်ရက်စက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်လာကြရသည့် နိုင်ငံရေးဒုက္ခသည်၊ စစ်ပြေးဒုက္ခသည်၊ ဘာ သာရေးဒုက္ခသည် လူမျိုးပေါင်းစုံ ခိုလှုံနေထိုင်နေကြသည့် တဲအိမ်ကလေးများကို အစီအရီ တွေ့ရသည်။ အဝေး ကကြည့်လျှင် မှိုင်းညို့ညို့တောင်ကြီးနောက်ခံနှင့် မြင်တွေ့ရသည့် ဘဲကလော့ ဒုက္ခသည်စခန်းသည် ရှုမော၍မ ဆုံးသည့် ပန်းချီကားတချပ်သဖွယ်ပင်။ ထိုပန်းချီကားကို ကားလမ်းမပေါ်မှ ရပ်ငေးနေရင်း “ဒုက္ခတဲ့ … အဝေးက ကြည့်တော့လည်း ရသပေါ့” ဆိုသည့် သစ်ကောင်းအိမ်၏ ကဗျာစာသားလေးကို သတိရမိကာ သက်ပြင်းရှည်ကြီးတချက် မှုတ်ထုတ်လိုက်မိသည်။ ဤဘဲကလော့ (မယ်လ) ဒုက္ခသည်စခန်းသည် ထိုင်း-မြန် မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအနက် ဒုက္ခသည် အများဆုံးနေထိုင်သည့် အကြီးမားဆုံး ဒုက္ခသည်စခန်းကြီး ဖြစ်သည်ဟု သိရပြီး မြို့ကြီးတမြို့စာမက ကြီးမားကျယ်ဝန်းသည်ကို ကျနော် မျက်ဝါးထင်ထင် မြင်တွေ့နေရ သည်။
အခိုက်အတန့်မျှ ရပ်ငေးနေပြီးနောက် ကားရပ်ထားသည့် နေရာ၏ ရှေ့ဘက်ခပ်လှမ်းလှမ်းရှိ ဖြဲဟထားသည့် သံဆူးကြိုးအောက်မှ ငုံ့ဝင်ကာ တပ်ရင်းမှူးတို့နောက်သို့ ကျနော်လိုက်သွားသည်။ တပ်ရင်းမှူးတို့က ဘဲက လော့စခန်းထဲရှိ တပ်ရင်း (၈) ရုံးသို့ သွားခြင်းဖြစ်သည်။ အိမ်ကြိုအိမ်ကြားအတိုင်း လျှောက်လာပြီး ဘယ်ဘက် သို့ ချိုးကွေ့လိုက်သည်တွင် စာကြည့်တိုက်ကလေးတခုကို တွေ့သည်။ အင်ဖက်မိုး၊ ၀ါးထရံကာထားသည့် စာ ကြည့်တိုက်ကလေးရှိရာ ခြံဝင်းထဲဝင်သွားသည့်အခါ ၀ါးခြမ်းကျဲကျဲ ရိုက်ထားသည့် နံရံတွင FAMILY ဆိုသည့် စာကြည့်တိုက်အမည်အား စက္ကူအဖြူပေါ်၌ ရေးကပ်ထားသည်ကို တွေ့ရသည်။ အထဲတွင် စာအုပ်အတော်များ များ စုဆောင်းထားသည်ကို တွေ့ရှိရပြီး ကလေးငယ်ချီပိုထားသည့် အမျိုးသမီးများနှင့် ဆယ်ကျော်သက်အ ရွယ် ကရင်အမျိုးသမီးငယ်တချို့ စာအုပ်ဖတ်နေကြသည်ကို အမှတ်တရ ဓာတ်ပုံရိုက်ကူးဖြစ်သည်။
ထို့နောက် စာကြည့်တိုက်ကို ကြီးကြပ်သူ တပ်ရင်း (၈) မှ ကိုထော်ကြီးက သူနေထိုင်ရာ အိမ်ဘေးရှိ အင်္ဂတေ ကာ အုတ်ကြွပ်မိုးတို့ဖြင့် ဆောက်လုပ်နေဆဲ မူကြိုကျောင်းကလေးရှိရာသို့ ကျနော့်ကို ခေါ်သွားသည်။ ဂျပန်မှ သစ္စာအင်အားစု၊ သစ္စာတော်လှန်ရေးစာပေမဂ္ဂဇင်း ထုတ်ဝေသူ ရဲဘော်များနှင့် နိုင်ငံတကာရောက် ရဲဘော်များ ၏ အကူအညီဖြင့် ဤမူကြိုကျောင်းကလေးကို ဆောက်လုပ်ခြင်းဖြစ်ပြီး ယခုနှစ် ကျောင်းဖွင့်ရာသီအမီ ဖွင့်လှစ် နိုင်မည်ဟု ကိုထော်ကြီးက ပြောပြသည်။ ထို့နောက် ကျောင်းဟောင်းရှိရာသို့ လိုက်ပြဦးမည်ဆိုသည့်အတွက် ကွေ့ပတ်ကာလျှောက်သွားပြီး တံတားငယ်ကလေးတခုကို ကျော်လိုက်သည့်အခါ ‘YAMOUNNAR’ ဟု အင်္ဂ လိပ်လို ရေးထိုးစိုက်ထူထားသည့် နီညိုရောင် ဆိုင်းဘုတ်ကလေးကို ခန့်ညားစွာ တွေ့ရသည်။ ကျောင်းကလေး မှာမူ အင်ဖက်မိုး၊ ထရံကာနှင့် အိုဟောင်းဆွေးမြေ့နေပြီဖြစ်သည်။ ကျောင်းကလေးနှင့် ကပ်လျက်ရှိ ချောင်း ငယ်လေးထဲတွင် ယောင်္ကျားကလေးတချို့ ရေစပ်စပ်၌ ငါးရှာနေကြသည်လားမသိ၊ ကုန်းကုန်း ကုန်းကုန်းနှင့် အလုပ်ရှုပ်နေကြသည်ကို တွေ့ရသည်။ ကျနော်က တံတားကလေးအတိုင်းပြန်ဆုတ်ကာ တဖက်ခပ်လှမ်းလှမ်း မှနေ၍ ကျောင်းကလေးကို ကင်မရာဖြင့် မှတ်တမ်းတင်နေမိသည်။
အပြန်တွင် ကိုထော်ကြီးက စာကြည့်တိုက်ဘေးရှိ ကွယ်လွန်သူ ကဗျာဆရာ ရဲဘော်ကိုထက်မိုး၏ အိမ်ကိုပြ သည်။ ကျနော် သိကျွမ်းခင်မင်ခွင့်မရလိုက်သည့် ကိုထက်မိုး၏ သပ်သပ်ရပ်ရပ်ရှိလှသည့် အိမ်ကလေးကိုငေး နေရင်း “ဒုက္ခသည်စခန်းမှာ ဘေထုတ်တွေဝေတုန်းက” ဆိုသည့် ကိုထက်မိုး၏ ကဗျာထဲက စာသားတချို့ ကို ဟိုတစဒီတစ သတိရနေမိသည်။
သေကွဲရှင်ကွဲ လောကဓံများ
ဒို့ခေတ်မှာ ပိုများတယ်။
… … … … … … …
‘မာနယ်ပလော’ အကျ
ကောင်းကင်မရှိခဲ့တဲ့ အဲ့ဒီည
ငါတို့တပ်ရင်းမှူး ကျခဲ့တဲ့ည
ငါတို့ ကောက်ကာငင်ကာ နွမ်းပါးသွားခဲ့တာတွေ။
… … … … … … …
နိုင်ငံခြားသားက ဒုက္ခသည်စခန်းကို လာပြီး
ဒုက္ခသည်က နိုင်ငံခြားကိုသွားတယ်
ငါတို့က အသနားခံရမှာလား
သနားရမှာလား
အဟောင်းကို အကောင်းလုပ်ပေးလည်း
အလှူရှင်ဖြစ်တတ်တာပါပဲ။
ဒီပဲယင်းနဲ့ လမ်းပြမြေပုံက
နှစ်လသာ ခြားပေမယ့်
ဒီနှစ်လအတွင်းမှာ
နှစ်ခြမ်းခြားသွားတာလည်း
ခေတ်ပါပဲလေ။
သံလွင်ကမ်းဘေးမှာ
သဲတွေကို လက်နဲ့ထိုးထိုးဖွ
‘သားကို ဆေးကုဖို့ငွေ
အဖေမရှာနိုင်တော့ဘူး သားရယ်’ ။
… … … … … … …
… … … … … … …
‘ကဲ … ကဲ … ချီတက်ကြမယ်’ ဆိုသည့် တပ်ရင်းမှူး၏ လောဆော်သံကိုကြားမှ ကင်မရာကို အိတ်ထဲပြန်ထည့် ရင်း ကားရှိရာသို့ အပြေးအလွှား ပြန်လျှောက်လာခဲ့သည်။ အမိုးဖွင့်ကား နောက်ခန်းပေါ်တွင် နောက်ထပ်ရဲ ဘော်ငါးဦး ကျောပိုးအိတ်ကိုယ်စီနှင့် ထိုင်နေကြသည်ကို တွေ့ရသည်။ ကားထွက်ပြီးမကြာမီ စစ်ဆေးရေးဂိတ် တခုကို ဖြတ်ရသည်။ ထိုမှ မိနစ်(၂၀) ခန့် စီးလာပြီးသည့်နောက် သောင်ရင်းမြစ်ရေ စိမ်းညို့ညို့ကို မြင်ရတော့ သည်။
ကားပေါ်မှ ဆင်းလိုက်သည်နှင့် မြစ်ဖြတ်လေကို အားပါးတရ ရှုရှိုက်လိုက်သည်။ အနီးကလေးတွေ့နေရသည့် မြန်မာဘက်ကမ်းကို ဖြတ်ကနဲ လှမ်းကြည့်မိသည်။ ကျနော်တို့အုပ်စုကို မြင်သည်နှင့် တဖက်ကမ်းမှ စက်လှေ တစီးက ကျနော်တို့ရှိရာ ထိုင်းဘက်ကမ်းဆီသို့ ပြန်မောင်းလာသည်။ နေပူကျဲကျဲ သောင်ရင်းကမ်းစပ်တွင် တပ် ရင်းမှူးနှင့် ရဲဘော်များက အထုပ်အပိုးကိုယ်စီနှင့် စက်လှေကပ်အလာကို စောင့်နေကြသည်။ ကျနော်က သောင်ပြင်ပေါ်မှနေ၍ ခပ်လှမ်းလှမ်း သဲချောင်းထဲရှိ သစ်မြစ်ဆုံကြီးအောက်တွင် ရေချိုးဆင်းနေကြသည့် ရွာသူတချို့ကို ဓာတ်ပုံရိုက်နေသည်။ စက်လှေဆိုက်သည့်အခါ လှေပေါ်တွင် နေရာယူလိုက်ပြီး မြန်မာဘက် ကမ်းသို့ မော်ကြည့်လိုက်သည်။ လှေဆိပ်အတက် လှေကားထိပ်၌ ထောင်ထားသည့် အလံတိုင်တွင် နက်ပြာ ရောင် အလံကလေးတခု တလူလူလွင့်နေသည်ကို တွေ့ရသည်။ ကေအဲန်ယူ (သို့) ကေအဲန်အယ်လ်အေ တပ် မတော်၏ အလံဖြစ်မည်ဟု စိတ်ထဲက တွေးလိုက်သည်။
စက်လှေက ထိုင်းဘက်ကမ်းမှ စခွာလေပြီ။ နေပူကျဲကျဲအောက်တွင် လှေစီးရသော်ငြား မြစ်ဖြတ်လေ တဖြူး ဖြူးကြောင့် အေးမြသည့်အရသာကို ခံစားရသည်။ နှစ်မိနစ် သုံးမိနစ်လောက်အတွင်း မြန်မာဘက်ကမ်းကို စက် လှေကပ်တော့မည်။ အမိမြေကို ခြေမချရသည်မှာ တနှစ်ခွဲကျော်ကြာခဲ့ပြီဖြစ်သည့် ကျနော် ရင်တွေတဒိတ်ဒိတ် ခုန်လာသည်။
(ဆက်လက်ဖတ်ရှုပါရန်)
(ဒေါင်းအိုးဝေမဂ္ဂဇင်းနှင့် ခေတ်ပြိုင်ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်)
Posted by ဒေါက်တာလွဏ်းဆွေ at 4:43 PM
Labels: အက်ဆေး/၀တ္ထုတို
Subscribe to:
Post Comments (Atom)
No comments:
Post a Comment