Friday, October 17, 2008
တော်လှန်ရေးသမား ခေါင်းဆောင်များနှင့် ရွှေကျည်ဆန်၊ ငွေကျည်ဆန်
ကမ္ဘာ့နိုင်ငံတချို့တွင် လက်ရှိနိုင်ငံရေးစနစ်နှင့် အုပ်ချုပ်သူ လူတန်းစားများအား ယင်းနိုင်ငံနေ လူအများစုက လက်မခံလိုတော့သဖြင့် အုပ်ချုပ်သော အစိုးရကို ဆန့်ကျင်တော်လှန် တိုက်ပွဲဝင်နေကြသည်။ မြန်မာနိုင်ငံတွင် လည်း ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ် တော်လှန်ရေးများပြီးသည့်နောက်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီရေးတို့အတွက် တော်လှန်ရေးတရပ်ကို ဆက်လက်ဆင်နွှဲနေကြသည်။
မြန်မာနိုင်ငံသည် ၁၈၈၆ ခုနှစ်မှစ၍ အင်္ဂလိပ်ကိုလိုနီနိုင်ငံ ဖြစ်လာခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော တော်လှန်ရေးအဖွဲ့တို့က ဂျပန်ကို မြန်မာပြည်သို့ ခေါ်ဆောင်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ဂျာမနီအာဏာရှင် ဟစ်တလာသည် ဥရောပကို သိမ်းယူသကဲ့သို့ ဂျပန်တို့လည်း အရှေ့ တောင်အာရှနိုင်ငံများကို သိမ်းယူလိုနေသည်။ ဂျပန်တို့၏ ဖက်ဆစ်စနစ်ကို မခံရပ်နိုင်၍ ၁၉၄၅ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို မြန်မာနိုင်ငံမှ တိုက်ထုတ်ခဲ့ပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက် နေ့တွင် အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရရှိခဲ့သည်။ ကိုလိုနီစနစ်နှင့် ဖက်ဆစ်စနစ်ကို ဗိုလ်ချုပ်အောင်ဆန်း၏ ဦး ဆောင်မှုအောက်တွင် တိုင်းရင်းသားညီအစ်ကိုများ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့သောကြောင့် အောင်ပွဲရ ခဲ့သည်ကို သမိုင်းက သက်သေခံပါသည်။
ဖဆပလ အစိုးရထံမှ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်နေ၀င်း၏ စစ်အစိုးရ ကို ရှစ်လေးလုံး လူထုတိုက်ပွဲဖြင့် ဖြုတ်ချခဲ့ပြီး န၀တအစိုးရ တက်လာပြန်သည်။ ၎င်းတို့က ၂၇၊ ၅၊ ၁၉၉၀ တွင် ရွေးကောက်ပွဲ ကျင်းပပေးသည်။ ရွေးကောက်ပွဲတွင် ၎င်းတို့လိုလားသော တစညပါတီ အရေးနိမ့်သဖြင့် ၁/၉၀ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်ကို လက်ခံသော နိုင်ငံရေးပါတီများက ၁၉၉၃ ခုနှစ်တွင် စစ်အစိုးရကျင်းပသော အမျိုးသား ညီလာခံသို့ တက်ရောက်ကြပြီး၊ ၁/၉၀ကို လက်မခံသော နိုင်ငံရေးပါတီများမှာမူ ဖျက်သိမ်းခံရသည်။ ၁၉၉၅ ခုနှစ်တွင် အမျိုးသားညီလာခံမ NLD ပါတီ နုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံရေးပါတီများ စုစည်းညီညွှတ်မှုအတွက် ၁၆၊ ၉၊ ၁၉၉၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) တပ်ပေါင်းစုကို ဖွဲ့စည်းနိုင်ခဲ့ သည်။ ထိုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း (၁၇) ဖွဲ့တိတိ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲ ရေး ယူခဲ့ပြီးဖြစ်သည်။ ယင်းအဖွဲ့ (၁၇) ဖွဲ့အား နိုင်ငံရေးပါတီများနှင့် ကင်းကင်းနေရန်လည်း စစ်အစိုးရက သတိပေး တားမြစ်ထား၍ ယနေ့အထိ နိုင်ငံရေးပါတီများနှင့် မပူးပေါင်းနိုင်ဘဲ ရှိနေကြသည်။
အပစ်အခတ်ရပ်စဲရေးသည် နိုင်ငံရေးဖြေရှင်းရန်ဖြစ်၍ သေနတ်သံ ခဏတိတ်သွားခြင်းဖြစ်သည်။ အတိုင်းအ တာတခုအထိ နိုင်ငံရေးပြေလည်မှုမရှိလျှင် အချိန်မရွေး သေနတ်သံ ထွက်ပေါ်လာနိုင်ပေသည်။ ယနေ့မြန်မာ နိုင်ငံတွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးသည် နိုင်ငံရေးထက် ကုမ္ပဏီထူထောင်ရေး၊ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၊ မူးယစ်ဆေးဝါး ရောင်းဝယ်ရေး ကိုသာ ဦးစားပေးနေကြသည်။ ထို့ကြောင့် လက်အောက်ငယ်သားများ တပ်မှ စွန့်ခွာခြင်း၊ အနားယူခြင်းရှိခဲ့ သည်။
အပစ်အခတ်ရပ်စဲရေး ယူခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မိမိတို့အမျိုးသားများ၏ လယ်ယာ ခြံမြေ သိမ်းခံရခြင်း၊ မုဒိမ်းကျင့်ခံရခြင်းတို့ကို ယခင်က အတိုင်းအတာတခုအထိ ကာကွယ်နိုင်သော်လည်း ယ နေ့တွင် ကာကွယ်နိုင်ခြင်းမရှိသည်မှာ အင်အားဆုတ်ယုတ်နေ၍ဖြစ်သည်။ ကျွန်ုပ်လေ့လာမိသော အဖွဲ့တဖွဲ့ တွင် အပစ်အခတ်ရပ်စဲရေး မယူမီ ရဲဘော်အင်အား (၅၀၀၀) ရှိရာမှ ယနေ့ ရဲဘော်အင်အားမှာ (၅၀၀) ပင် မ ပြည့်တော့ပေ။ ထိုသို့ဖြစ်ရခြင်းမှာ နိုင်ငံရေးလမ်းကြောင်း မှားယွင်းမှုကြောင့်ဟု နိုင်ငံရေးကျွမ်းကျင်သူတို့က ဆို သည်။
အပစ်အခတ်ရပ်စဲရေး မယူမီက လက်နက်ကိုင်တော်လှန်ရေးခေါင်းဆောင်များအား တောဘုရင်ခြင်္သေ့မင်းများ ဟု ပြည်သူတို့က တင်စားခေါ်ကြသည်။ ချစ်ခင်လေးစားခြင်း၊ အားကိုးခြင်းရှိခဲ့ကြသည်။ အပစ်အခတ်ရပ်စဲရေး ယူရခြင်းသည် ရန်သူအား အနီးကပ် တိုက်ပွဲဝင်မည်ဟု ၎င်းတို့က ဆိုသည်။ ထိုသို့ပြောသည်ကို “ခင်ဗျားတို့ ထောင်ချောက်ထဲ ရောက်နေကြပြီ၊ မကြာမီ ဆပ်ကပ်ဆရာ စစ်အစိုးရက တောဘုရင်ခြင်္သေ့မင်းများကို မြက် ကျွေးပြီး ရုံတင်ပြသမည်” ဟု လူထုက ပြက်ရယ်ပြုသည်။
မြန်မာနိုင်ငံ နယ်စပ်ရှိ ဆူပူသောင်းကျန်းသူတို့က အမြင်မှန်ရ၍ လက်နက်စွန့်ပြီး နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်း ရေးယူနေကြသည်ဟု မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြခြင်းဖြင့် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များကြားတွင် စစ်အ စိုးရက နိုင်ငံရေးအမြတ်ထုတ်နိုင်ခဲ့သည်။ အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များသည် စီးပွားရေးနှင့် မြူဆွယ် ခံရ၍ နိုင်ငံရေးဖောက်ပြန်နေသူ အများအပြား ရှိနေသည်။
ကျွန်ုပ်နှင့်ဆက်စပ်မှုရှိသော အပစ်အခတ်ရပ်စဲရေးအဖွဲ့တခု၏ စီးပွားရေးတာဝန်ခံ၊ တော်လှန်ရေးခေါင်းဆောင် ဆိုသူနှစ်ဦးအား “ခင်ဗျားတို့ ခဲကျည်ဆန်ကိုတော့ ခံနိုင်ရည်ရှိမယ်၊ နအဖရဲ့  ရွှေကျည်ဆန်၊ ငွေကျည်ဆန်ကို တော့ ခံနိုင်ပါ့မလား” ဟု တွေ့ဆုံဆွေးနွေးပွဲတခုတွင် ကျွန်ုပ်နောက်ပြောင်ပြောခဲ့ဖူးသေးသည်။ ယခုတော့ ယင်း ပုဂ္ဂိုလ်နှစ်ဦးလုံး ငွေကြေးချမ်းသာပြီးဖြစ်၍ တော်လှန်ရေးမှ အနားယူခဲ့ကြပြီဖြစ်သည်။ အဖွဲ့တဖွဲ့၏ ခေါင်း ဆောင်ကြီးတယောက်ကို စစ်အစိုးရက တိုက်အိမ်တအိမ်၊ ကားတစီး ပေးကမ်းထားသဖြင့် စစ်အစိုးရ နိုင်ငံရေး အကျပ် အတည်း တွေ့သည့်အခါမျိုးတွင် မြန်မာ့ရုပ်မြင်သံကြားရှေ့သို့ထွက်ပြီး စစ်အစိုးရအတွက် ရှေ့နေလိုက် ပေးရသည်။ ယင်းပုဂ္ဂိုလ်ကြီးလည်း နအဖ၏ ရွှေကျည်ဆန်၊ ငွေကျည်ဆန်ဒဏ်ကို မခံနိုင်၍ နိုင်ငံရေးဖောက် ပြန်နေသူအဖြစ် ကောက်ချက်ချရပေမည်။ (အဖွဲ့နှင့် ပုဂ္ဂိုလ်အမည် မဖော်ပြခြင်းကို စာဖတ်သူများ ခွင့်လွှတ်ပါ။)
စစ်အစိုးရပြုတ်ကျရေးအတွက် (၁၉၊၈၊၂၀၀၇)နေ့တွင် ၈၈ မျိုးဆက်ကျောင်းသားများ၊ (၁၈၊၉၊၂၀၀၇) နေ့တွင် ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့၊ ထို့နောက် သံဃာ့တပ်ပေါင်းစုနှင့် လူထုတို့ အပြင်းအထန် ဆက်လက် တိုက်ပွဲ ၀င်နေသည်ကို အပစ်အခတ်ရပ်စဲရေးအဖွဲ့များက အသံမထွက်ဘဲ ငြိမ်သက်နေကြသည်။ DKBA လက်နက် ကိုင်အဖွဲ့သည် တိုးတက်သောကရင်ဗုဒ္ဓဘာသာ အစည်းအရုံးဟု အမည်ခံသော်လည်း စစ်အစိုးရက စက်တင် ဘာအရေးအခင်းတွင် ရဟန်း၊ သံဃာတော်များအား ရိုက်ပုတ်သတ်ဖြတ်၊ ဖမ်းဆီးထောင်ချနေသည်ကို တား မြစ်ကန့်ကွက်ခြင်း မရှိခဲ့ပါ။ ဗုဒ္ဓသည် နူးညံ့သိမ်မွေ့၍ ငြိမ်းချမ်းခြင်းကိုသာ မြတ်နိုးသည်။ လူသတ်လက်နက်နှင့် မြူမှုန်မျှ ပတ်သက်ခြင်းမရှိပါ။ ထို့ကြောင့် မည်သည့်လက်နက်ကိုင် အဖွဲ့မဆို ဗုဒ္ဓအမည်ကို မသုံးသင့်ပေ။ လက် နက်ကိုင်တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း အသီးသီးတို့သည် တချိန်က ဦးနေ၀င်းဦးဆောင်သော အာဏာရှင် စစ်အစိုးရအား သူသေကိုယ်သေ တိုက်ပွဲဝင်ခဲ့သော အဖွဲ့များဖြစ်ကြသည်။
မွန်ပြည်သစ်အဖွဲ့ အပစ်အခတ်ရပ်စဲရေး ယူပြီးနောက်တွင် နိုင်ချမ်းဒုန်နှင့်အဖွဲ့က စစ်အစိုးရထံ လက်နက်ချခြင်း၊ နိုင်လိန်၊ နိုင်ရန်ချဲာ၊ နိုင်ပန်းညွန့် ဦးစီးသောအဖွဲ့က လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခြင်းဖြင့် အဖွဲ့အသီးသီး ပေါ်ပေါက်လာသည်။ KNU အဖွဲ့တွင်လည်း စောသမူဟဲ၊ ဖဒိုအောင်ဆန်း၊ DKBA နှင့် ဗိုလ်ထိန်မောင်တို့အဖွဲ့ အသီးသီးက KNU မှ ခွဲထွက်ခဲ့ကြသည်။ မကြာခဲ့သော ကာလအတွင်း အပစ်အခတ်ရပ်စဲရေး လုပ်ထားသော ရလလဖမှ ဗိုလ်မှူးခွန်သူရိန်နှင့် နောက်လိုက် တရာခန့် ခွဲထွက်ပြီး KNPP နှင့် ပြန်လည်ပူးပေါင်းခဲ့သည်။ KIO အဖွဲ့တွင်လည်း ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်ရင်း တပ်မှူးများ ခဏ ခဏ သဘောထားကွဲလွဲပြီး ပြဿနာ ဖြစ်နေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်များ အပစ်အခတ်ရပ်စဲရေး ရယူခြင်းသည် အချင်းချင်း စည်းလုံး ညီညွတ်မှုကို ပြိုကွဲစေခြင်းနှင့် နအဖသက်ဆိုးရှည်ရေးအတွက် နိုင်ငံရေးအထောက်အကူ တခုသာဖြစ်ကြောင်း တွေ့ရသည်။
စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးမယူသော အဖွဲ့များလည်းရှိသည်။ KNU (ကရင်အမျိုးသား အစည်းအရုံး)၊ SSA-S (ရှမ်းပြည်တပ်မတော်တောင်ပိုင်း )၊ KNPP (ကရင်နီအမျိုးသား တိုးတက်ရေးပါတီ) စသည်တို့ ဆက် လက် တိုက်ပွဲဝင်နေသည်။ KNU သည် မိမိနယ်မြေသို့ ရောက်ရှိနေသော ၈၈ လူထုလှုပ်ရှားမှုခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များကို စုစည်း၍ NCUB အဖွဲ့ကို ဖွဲ့ခဲ့သည်။
NCUB သည် နိုင်ငံရေးအဖွဲ့များနှင့် လက်နက်ကိုင်အဖွဲ့များကို ပူးပေါင်းဖွဲ့စည်းထားသော တပ်ပေါင်းစုအဖွဲ့ ဖြစ် သည်။ ထို့ကြောင့် NCUB အဖွဲ့ကို ဦးဆောင်သော ဗိုလ်ချုပ်မြသည် စစ်အစိုးရအတွက် အသေရရအရှင်ရရ အ လိုအရှိဆုံး တော်လှန်ရေးခေါင်းဆောင် တဦးဖြစ်၍ စစ်ရေးနှင့်တမျိုး၊ ငြိမ်းချမ်းရေးနှင့်တဖုံ သွေးဆောင်ခဲ့ကြ သည်။ ကရင့်အရေး ကရင်ဖန်တီးခွင့်ရရေးသည် ဒီမိုကရေစီလမ်းကြောင်းကလွဲပြီး အခြားမရှိဟု ယုံကြည်သ ဖြင့် သူသေသည်အထိ ပြည်သူနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့သည်။ အဖွဲ့၏ကောင်းစားရေးကို ကြည့်ပြီး KNU သာ အပစ်အခတ်ရပ်စဲရေး ယူခဲ့လျှင် နယ်စပ်ရှိ နိုင်ငံရေးအဖွဲ့အစည်းများ ရပ်တည်နိုင်မည် မဟုတ်ပါ။ ဗိုလ်ချုပ်မြ၏ ရပ်တည်မှု မှန်ကန်သောကြောင့် ကရင်လူထုသာမက နိုင်ငံရေးသမားများစွာ နယ်စပ်တွင် ရပ်တည်နိုင်ခဲ့သည်။ ပြည်သူလူထုကြီး၏ လေးစားမှုကိုရသော တော်လှန်ရေးခေါင်းဆောင်ကြီးများအနက် ဗိုလ်ချုပ်မြလည်း တဦးပါ ၀င်သည်။
မြန်မာနိုင်ငံကို စစ်အစိုးရ ဆက်လက်အုပ်ချုပ်နေလျှင် ရေရှည်တွင် တိုင်းရင်းသားလူမျိုးများ မုချမျိုးပြုတ်မည်။ ဒီလိုနိုင်ငံရေးအခါအခွင့်မျိုးတွင် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအနေဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရန် အခွင့်ကောင်းဖြစ်၍ အစွမ်းကုန်တိုက်ပွဲဝင်သင့်သည်ဟု ထင်မြင်မိပါသည်။ ထိုသို့ တိုက်ပွဲဝင်ရာတွင် နအဖ၏ ရွှေကျည်ဆန်၊ ငွေကျည်ဆန်ကို အထူးသတိထားရန်လိုသည်။
ကျွန်ုပ်တို့ပြည်သူများက စစ်အစိုးရပြတ်ကျရန် အပြင်းအထန် တိုက်ပွဲဝင်ချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် များ အနေဖြင့် မြို့ထဲသို့ဝင်ပြီး စစ်အစိုးရနှင့် ပူးပေါင်းနေခဲ့သည်မှာ နိုင်ငံရေးအရ စစ်အစိုးရကို အသက်ရှူ ပေါက်ပေးသည်နှင့် တူနေ၍ အပစ်အခတ်ရပ်စဲရေးကို ပြန်လည်သုံးသပ်သင့်ပြီဟု အလေးအနက် တိုက်တွန်း လိုပါသည်။
ရာဇာဓိရာဇ်
(၂၀၀၈ ခုနှစ်၊ စက်တင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ …)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment