တိုက်ပွဲနိုင်ငံရေးနှင့် ပါတီနိုင်ငံရေးမှ အခြေခိုင်သော ဒီမိုကရေစီစနစ်ဆီသို့ (၁)
အနှစ်သာရရှိတဲ့ တပ်ပေါင်းစု ဖွဲ့စည်းရေး
ဒေါက်တာလွဏ်းဆွေ
အနှစ်သာရရှိတဲ့ တပ်ပေါင်းစု ဖွဲ့စည်းရေး
ဒေါက်တာလွဏ်းဆွေ
ဖိနှိပ်အုပ်ချုပ်ခံ အခြေအနေအရပ်ရပ်ကနေ အခြေခိုင်တဲ့ ဒီမိုကရေစီစနစ်ဆီရောက်အောင် ဦးတည်ချီတက်တဲ့ နေရာမှာ အချိန်ကာလ (၂)ခုကို နိုင်ငံရေးပုံသဏ္ဍာန် (၂)မျိုးနဲ့ ကျော်လွှားဖြတ်သန်းရစမြဲ ဖြစ်ပါတယ်။ ပထမ ကာလ က ဖိနှိပ်မှုအမျိုးမျိုးကနေ လွတ်မြောက်အောင် ရုန်းကန်တိုက်ပွဲဝင်ရတဲ့ အချိန်ကာလဖြစ်ပြီး အဲဒီကာလ ကို တိုက်ပွဲနိုင်ငံရေး (Struggle Politics) ပုံသဏ္ဍာန်နဲ့ ခဲရာခဲဆစ် ဖြတ်သန်းရတတ်ပါတယ်။ ဒုတိယကာလ ကတော့ ဖိနှိပ်မှုအောက်ကနေ ရုန်းထွက်လွတ်မြောက်ပြီးတဲ့နောက် ပြည်သူလူထုကနေ တိုက်ရိုက်မဲပေးရွေး ချယ်တဲ့ ကိုယ်စားလှယ်တွေ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အချိန်ကာလဖြစ်ပါတယ်။ အဲဒီကာလကိုတော့ ပါတီ နိုင်ငံရေး (Party Politics) ပုံသဏ္ဍာန်နဲ့ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံဟာ ပဒေသရာဇ်စနစ် ချုပ်ငြိမ်းပြီးတဲ့နောက်ပိုင်း အဲဒီလိုမျိုး တိုက်ပွဲနိုင်ငံရေးကာလနဲ့ ပါတီနိုင်ငံရေးကာလဆိုတဲ့ အချိန်ကာလနှစ်ခုကို ပထမအကျော့ ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပွင့်အာ ဖွံ့ဖြိုးစ ဒီမိုကရေစီစနစ်ကို အာဏာရှင်ဗိုလ်နေ၀င်းနဲ့ အပေါင်းအပါတွေက စစ်ဖိနပ်နဲ့ နင်းခြေဖျက်ဆီးပစ်ခဲ့လို့ ဒီမို ကရေစီဆိတ်သုဉ်းတဲ့ အနေအထားကို ပြန်လည်ရောက်ရှိခဲ့ရပါတယ်။ အခုလည်း ကျနော်တို့ မြန်မာပြည်သူ ပြည်သားအားလုံးဟာ ဒီမိုကရေစီပန်းတိုင်ကို ပြန်လည်လှမ်းကိုင်နိုင်အောင် ဒုတိယအကျော့အနေနဲ့ အရင်းအ နှီးကြီးစွာ ပေးဆပ်ပြီး ထပ်မံဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ ဘုရင်စနစ်နောက်ပိုင်း ကျနော်တို့ မြန်မာပြည်သူ တွေ ကြုံတွေ့ခဲ့၊ ကြုံတွေ့နေရတဲ့ ဖိနှိပ်အုပ်ချုပ်ခံကာလကို ပိုင်းခြားမယ်ဆိုရင် လူမျိုးခြား အင်္ဂလိပ်တွေနဲ့ ဖက် ဆစ်ဂျပန်တွေ သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ အချိန်ကာလနဲ့ စစ်အာဏာရှင်တွေကနေ ကိုယ့်လူမျိုးအချင်းချင်းကို ဗိုလ် ကျစိုးမိုးခဲ့တဲ့ တော်လှန်ရေးကောင်စီခေတ်-မဆလခေတ်၊ န၀တခေတ်-နအဖခေတ်ဆိုတဲ့ အချိန်ကာလတွေ အကျုံးဝင်မှာဖြစ်ပါတယ်။
အဲဒီတော့ ပထမအကျော့ရဲ့ တိုက်ပွဲနိုင်ငံရေးကာလကို ပြောမယ်ဆိုရင် မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာထဲ သွတ်သွင်းလိုက်ပြီလို့ ၀ိတိုရိယဘုရင်မကိုယ်စား အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဒပ်ဖရင်က ကမ္ဘာကို ကြေညာခဲ့တဲ့ ၁၈၈၆ခုနှစ် ဇန်န၀ါရီလ(၁)ရက်နေ့ကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့အထိကို ပြောရမှာဖြစ်ပြီး ပထမအကျော့ရဲ့ ပါတီနိုင်ငံရေးကာလကိုတော့ ၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ကနေ ဗိုလ် နေ၀င်းနဲ့ အပေါင်းအပါတွေ အာဏာသိမ်းခဲ့တဲ့ ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့အထိ သတ်မှတ်ရမှာ ဖြစ်ပါ တယ်။ ဒုတိယအကျော့ရဲ့ တိုက်ပွဲနိုင်ငံရေးကာလကကိုတော့ ၁၉၆၂ခုနှစ် မတ်လ(၂)ရက်နေ့ကနေ ဒီကနေ့အ ချိန်အထိ ရင်ဆိုင်ဖြတ်သန်းနေရဆဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ်အောက်ကနေ လွတ် မြောက်ပြီး ပါတီနိုင်ငံရေးကာလဆီ ပြန်လည်ရောက်ရှိအောင် အခုအချိန်အထိ တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာလည်း အဲဒီလို ဖိနှိပ်အုပ်ချုပ်ခံဘ၀ကနေ တိုက်ပွဲနိုင်ငံရေးကာလကို ဖြတ်သန်းပြီး ဒီမိုကရေစီ လမ်း ကြောင်းပေါ် ရောက်ရှိလာခဲ့ကြတဲ့ တိုင်းပြည်တွေ ၁၉၈၈ခုနှစ် နောက်ပိုင်းမှာတင်ပဲ အတော်တော်များများ တွေ့ရမှာ ဖြစ်ပါတယ်။ အရှေ့ဥရောပနိုင်ငံအများစုနဲ့ အရှေ့တောင်အာရှက ထိုင်း၊ အင်ဒိုနီးရှားနဲ့ အရှေ့တီ မောတို့ဟာ ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီ အရေးအခင်းပြီးနောက်ပိုင်းမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်ရှိလာကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံသာ ဒီမိုကရေစီသားတော်ကို မွေးဖွားဖို့ အရင်ဆုံးဗိုက်နာပြီး အခု အထိ မမွေးနိုင်သေးတဲ့ အနေအထားမျိုးကို ရောက်နေရတာဖြစ်ပါတယ်။ ဘယ်လိုဘယ်ဝါကြောင့် အဲသလို ဖြစ်နေရတာလဲဆိုတာကို အခုအချိန်မှာ ပြန်လည်ဆန်းစစ်ကြဖို့ လိုနေပါပြီ။ ဆန်းစစ်ခြင်းဟာ ကြန့်ကြာရခြင်း အတွက် အပြစ်ဖို့ဖို့မဟုတ်ဘဲ ဘယ်လိုနည်းနဲ့ အမြန်ဆုံးမွေးဖွားနိုင်အောင် ၀ိုင်းဝန်လုပ်ဆောင်နိုင်မလဲဆိုတဲ့ အဖြေကို ရရှိဖို့ဖြစ်ပါတယ်။
ကမ္ဘာပေါ်က တိုင်းပြည်အသီးသီးမှာ တိုက်ပွဲနိုင်ငံရေးကာလကို အဆုံးသတ်ကြတဲ့ အဓိကနည်းလမ်းတွေက တော့ (၁) လက်နက်ကိုင်တိုက်ပွဲနည်းလမ်း (၂) တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းနဲ့ (၃) လူထုအုံကြွမှု တိုက်ပွဲနည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ပထမအကျော့ တိုက်ပွဲနိုင်ငံရေးကာလကို အဆုံးသတ်ခဲ့ရာမှာ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်တဲ့ တော်လှန်ရေးခေါင်းဆောင်တွေဟာ လက်နက်ကိုင်တိုက်ပွဲနည်းလမ်းနဲ့ တွေ့ဆုံဆွေး နွေးရေး နည်းလမ်း (၂) ခုကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးအောင်ပွဲရရှိခဲ့တဲ့ အကြောင်းအရင်းဟာ အသုံးပြုတဲ့ နည်းလမ်း (၂)ခု မှန်ကန်ခဲ့မှုအပြင် တော်လှန်ရေးအင်အားစုရဲ့နောက်မှာ လူထုရှိနေအောင် စည်းရုံးနိုင်မှုနဲ့ တပ်ပေါင်းစုဖွဲ့ပြီး ခေါင်းဆောင်တွေကြား ညီညွတ်ရေး တည်ဆောက်နိုင်မှုတို့ကလည်း အခရာ ကျခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ကွဲကြပြဲကြတာကတော့ တကဏ္ဍပေါ့။
အခုဒုတိယအကျော့ တိုက်ပွဲနိုင်ငံရေးကာလကတော့ လူထုအုံကြွမှုတိုက်ပွဲနည်းနဲ့ အဆုံးသတ်ခါနီးမှာ ခေါင်း ဆောင်တွေကြားထဲ ညီညွတ်ရေးတည်ဆောက်ပြီး အာဏာကို လက်ဦးမှုရအောင် မဆုပ်ကိုင်နိုင်ခဲ့လို့ ဇာတ် မျောကြီး ဖြစ်ခဲ့ရတာကို အပြန်ပြန်အလှန်လှန် သုံးသပ်ကြည့်ရင် အထင်အရှားတွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ဘယ်သူ့ကိုမှ အပြစ်ဖို့နေတာ မဟုတ်ပါဘူး။ နောက်ထပ် အဲဒီလိုထပ်မဖြစ်အောင် ဖြစ်ခဲ့ရတဲ့ အနေအထားကို ပြန်လည်သုံးသပ်ကြည့်တဲ့ သဘောပါပဲ။ အဲဒီလို ဇာတ်မျောရင်းမျောရင်းနဲ့ စစ်အုပ်စုက ဖိနှိပ်သထက် ဖိနှိပ်လာ ခဲ့ပြီး နောက်ဆုံးမှာ ပြည်တွင်းက ဦးဆောင်ပါတီ အန်အယ်လ်ဒီကော ပြည်သူလူထုပါ မလှုပ်နိုင်မရှားနိုင် အခြေ အနေကို ရောက်ရှိခဲ့တော့တာပဲ ဖြစ်ပါတယ်။
အခုအချိန်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အားကိုးတဲ့ မျှော်တော်ယောင်လမ်းစဉ်လည်း ပေါက်ဖော်နဲ့ အ ထည်ကြီးပျက်နိုင်ငံတွေက ဗီတိုအာဏာသုံးသွားလို့ လည်ပင်းညောင်းတာပဲ အဖတ်တင်ခဲ့ရပါပြီ။ တွေ့ဆုံဆွေး နွေးရေး နည်းလမ်းကလည်း မိုက်လုံးကြီးလှတဲ့ နအဖအနေအထားက ကုတ်နဲ့ကလော်ထုတ်မှ ဆင်းပြေးမယ့် အခြေအနေဖြစ်နေလို့ အလှမ်းကဝေးနေဆဲပါပဲ။ လက်နက်ကိုင်နည်းလမ်းကတော့ လတ်တလော ကမ္ဘာ့နိုင်ငံ ရေး ရာသီဥတုက ကိုယ့်ဘက်ကို မျက်နှာသာမပေးတဲ့ အချိန်ဖြစ်နေတယ်။ အခြေအနေမကောင်းလို့ ကိုယ်မ လုပ်ရဲ၊ မလုပ်နိုင်တိုင်း မဖြစ်နိုင်ဘူးလို့ပြောရင်တော့ အတော်မိုက်မဲရာကျပါလိမ့်မယ်။ လူကြံရင် စည်းရုံးနိုင်ရင် လက်နက်ကိုင်နည်းလမ်းနဲ့ အဆုံးသတ်တိုက်ပွဲကို ဆင်နွှဲနိုင်ခဲ့တဲ့ သာဓကတွေ ဒုနဲ့ဒေးရှိခဲ့တာပဲ။ လုပ်မယ်ဆို ရင် ကိုယ့်အားကိုယ်ကိုးပြီး အတော့်ကို ကျားကုတ်ကျားခဲနဲ့ ညီညီညွတ်ညွတ်လုပ်မှရမယ့် အနေအထားမျိုးဖြစ် တယ်လို့သာ ပြောရမယ်ထင်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်လမ်းစဉ်နဲ့ တောင့်ခံနေတဲ့အဖွဲ့တွေအနေနဲ့ လက်ရှိအနေအထား(Status Quo)လေးကို ထိန်းထားနိုင်ခြင်းကပဲ လက်နက်အားကိုးတဲ့ စစ်အုပ်စုအပေါ် ဖိ အားပေးထားတဲ့ သဘောဖြစ်လို့ အချည်းနှီး မဖြစ်တာကတော့ လုံးဝသေချာပါတယ်။
အဲဒီတော့ သတ္တုချလိုက်ရင် တိုက်ပွဲကိုအဆုံးသတ်ဖို့အတွက် အနီးစပ်ဆုံးဟာ လူထုအုံကြွမှုနည်းလမ်းပဲဆို တာ ရှင်းနေပါပြီ။ ဒါကို ပြည်တွင်းက ခေါင်းဆောင်တွေ ကြိုးစားနေကြသလို ပြည်ပက ခေါင်းဆောင်တွေကလည်း ပြည်ပရဲ့အနေအထားနဲ့ ဖြစ်နိုင်ခြေရှိတဲ့နည်းလမ်းကို အလျင်အမြန် ကြံဆကြဖို့လိုပါတယ်။ ကြံဆတယ်ဆို တဲ့နေရာမှာ နိုင်ငံတကာမှာရှိတဲ့ သံရုံးတွေရှေ့သွားပြီး ဆန္ဒပြတာမျိုး၊ ပြည်တွင်းမှာလုပ်တဲ့အတိုင်း လိုက်ပြီး ယိမ်းကတဲ့ နိုင်ငံရေးလှုပ်ရှားမှုမျိုး နည်းလမ်းဟောင်းတွေကို ဆိုလိုတာမဟုတ်ပါဘူး။ အတွင်းအပြင် ညှပ်ပူး ညှပ်ပိတ် လုပ်နိုင်မယ့် နည်းလမ်းမျိုးကို စုပေါင်းရှာကြဖို့ အကြံပြုချင်တာပါ။ အခုအချိန်မှာ နိုင်ငံရေးအရ လွတ် လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့ အနေအထားကလည်း ပြည်တွင်းက လူတွေထက်စာရင် ပြည်ပကလူတွေက အခွင့်သာတယ်လို့ ပြောရမှာပါ။ ပြည်ပမှာရောက်နေတဲ့ လူထုကလည်း သန်းနဲ့ချီပြီး ရှိနေပြီမဟုတ်ပါလား။ နိုင်ငံရေးဆိုတာ လူထုကိုစည်းရုံးရတဲ့ အလုပ်ဆိုတော့ လူထုကို စည်းရုံးချင်တဲ့ နိုင်ငံရေးသမားတွေအတွက် အလွန်ကောင်းတဲ့ အခြေအနေပေါ့။
နောက်ပြီး အမေလူထုဒေါ်အမာနဲ့ ဆရာဒဂုန်တာရာတို့လို အစဉ်အလာကြီးတဲ့ ပုဂ္ဂိုလ်တွေကလည်း တပ်ပေါင်း စုဖွဲ့ပြီး ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြဖို့ ပြောနေဆိုနေပါပြီ။ တပ်ပေါင်းစုက ရှိနေပြီးသားပဲလို့ ပြောရုံနဲ့ မရပါဘူး။ ဖဆပလဦးဆောင်တဲ့ တပ်ပေါင်းစုလိုမျိုး စိတ်ဓာတ်အရပေါင်းစည်းပြီး လူထုကို အမှန်တကယ် စည်းရုံးထားတဲ့ ခိုင်မာတဲ့တပ်ပေါင်းစုကို ဆိုလိုတာပါ။ အဲဒီလို တပ်ပေါင်းစုမျိုးရဲ့နောက်မှာမှ လူထုက အချိန် မရွေးလိုက်ပါဖို့ အသင့်ရှိမှာပါ။ အဲဒီလိုမဟုတ်ဘဲ တပ်ပေါင်းစုကို သိပါသလားလို့ စစ်တမ်း (Survey) လိုက် ကောက်နေရရင်တော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။
အနှစ်သာရရှိတဲ့ တပ်ပေါင်းစုကို ဖွဲ့ဖို့ဆိုတာကလည်း အနာခံတတ်တဲ့ ခေါင်းဆောင်တွေ ရှိဖို့လိုပါတယ်။ အနာမ ခံနိုင်ဘဲ ရနေတဲ့ အကျိုးစီးပွားလေးတွေကို အသေအလဲ ဖက်တွယ်နေကြမယ်ဆိုရင်တော့ ညီညွတ်တဲ့ စည်း လုံးတဲ့ စိတ်ဓာတ်ခိုင်ကျည်တဲ့ တပ်ပေါင်းစုမျိုးကို ဖွဲ့နိုင်မှာမဟုတ်ပါဘူး။ အနာခံပြီး အမှန်တကယ် စွန့်လွှတ် စွန့်စားမယ့် ခေါင်းဆောင်တွေ များများပေါ်လာမှသာ လူထုနဲ့နီးစပ်ပြီး အနှစ်သာရရှိတဲ့ တပ်ပေါင်းစုဆိုတာ ပေါ် ပေါက်လာမှာပါ။ အဲဒီလို အနှစ်သာရရှိပြီး လူထုနဲ့တသားတည်းရှိတဲ့ တပ်ပေါင်းစုကို ဖွဲ့နိုင်ပြီဆိုရင် လူထု တိုက်ပွဲပေါ်ပေါက်ရေးဟာ နီးစပ်လာပြီး ဇာတ်မျောကြီးဖြစ်နေတဲ့ ဒုတိယအကျော့ နိုင်ငံရေးတိုက်ပွဲကာလကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်မယ်လို့ ထင်မြင်မိကြောင်း အလေးထား တင်ပြလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
(၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ခေတ်ပြိုင်ဂျာနယ်မှ ...)
No comments:
Post a Comment