ချစ်တင် (မင်းလှ-မကွေးတိုင်း)
၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၈၅) နေရာ ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အများ ပြည်သူလူထုကြီး၏ တခဲနက်ထောက်ခံမှုတို့ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၉၂) နေရာတွင် အနိုင် ရရှိခဲ့သည်။ စာရေးသူမှာလည်း မကွေးတိုင်း မင်းလှမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ် စားပြု ၀င်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သူတဦးဖြစ်သည်။
၁၉၉၀ ပြည့်နှစ် ဇူလိုင်လ (၂၈-၂၉) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျင်းပသော ဂန္ဒီအစည်းအ ဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဖွဲ့ချုပ်မှ ထုတ်ဝေသည့် စာတမ်းအပေါ် မကွေးတိုင်း ကိုယ်စားပြု၍ ဆွေးနွေး ခွင့်ရရှိသူတဦးလည်း ဖြစ်ပါသည်။ ၎င်းဆွေးနွေးပွဲတွင် ပြည်သူ့လွှတ်တော်နှင့် ပတ်သက်၍ ဆွေးနွေးတင်ပြ အ ပြီးတွင် (၂၇-၂-၉၀) နေ့ န၀တမှ ထုတ်ပြန်သည့် ကြေညာချက် ၁/၉၀ ပါ ဥပဒေပြုမှုအာဏာ၊ စီမံခန့်ခွဲမှုအာ ဏာ၊ တရားစီရင်ရေးအာဏာ (၃) ရပ်ကို န၀တကသာ ကျင့်သုံးခွင့်ရှိသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များက ယာယီဖွဲ့စည်းပုံရေးခွင့်မရှိဘဲ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကြရန်တာဝန်ရှိသည့် ပုဂ္ဂိုလ် များ ဖြစ်သည်ဆိုသည့်အချက်နှင့် ပတ်သက်၍ ယင်း ၁/၉၀ အပေါ် ထပ်မံဆွေးနွေးပွဲများ ပြုလုပ်ရန်လိုအပ် ကြောင်းတင်ပြခဲ့သော်လည်း ထိုအချိန်က သဘာပတိအဖြစ်ဆောင်ရွက်သူ ဦးကြည်မောင်မှ အဖွဲ့ချုပ်ကထုတ် ပြန်သည့် တာဝန်အပေါ်တွင်သာ ဝေဖန်ဆွေးနွေးရန်နှင့် ၁/၉၀ ကို ဆွေးနွေးခွင့်မပြုကြောင်း တားမြစ်ခံခဲ့ရပါ သည်။
ဂန္ဒီခန်းမဆွေးနွေးပွဲအပြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဂန္ဒီခန်းမကြေညာစာတမ်းအား ထုတ်ပြန်၍ ပြည် သူလူထုကြီး၏ ဆန္ဒနှင့်အညီ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ အခန်း (၂) ပုဒ်မ (၃) အရလည်း ကောင်း၊ ဒီမိုကရေစီစနစ်၏ အနှစ်သာရများအရလည်းကောင်း၊ နိုင်ငံတကာ ကျင့်ထုံးကျင့်နည်းများနှင့် လျော် ညီစွာလည်းကောင်း၊ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပြည်သူ့လွှတ်တော်ခေါ်ယူ ဖွဲ့စည်းပေးရန် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြကုန်သော ကျွန်ုပ်တို့က နိုင်ငံတော်ငြိမ် ၀ပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အား ဤနေ့ဤရက်မှစ၍ တညီတညွတ်တည်း တောင်းဆိုလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပေသည်။
လွှတ်တော်ခေါ်ယူရေးကို တောင်းဆိုသော်လည်း သတ်မှတ်ထားသည့် စက်တင်ဘာလမကုန်မီအတွင်းတွင် အ ဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်သည် န၀တထံမှ မည်သည့်အကြောင်းပြန်ကြားမှု တစုံတရာ မရရှိသေးဘဲ ကြေ ညာချက် ၅/၉၀ ကို ထုတ်ပြန်ခဲ့ပြန်သည်။ ယင်း ၅/၉၀ ကြေညာချက်၏ အဓိကအနှစ်သာရမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ကျွန်ုပ်တို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရေးဆွဲမည်ဆိုသည့်အချက်ဖြစ်သည်။ ထိုအချက် အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုက မကျေနပ်ကြဘဲ တိုင်းနှင့်ပြည်နယ်အသီးသီးမှ ယင်းကြေ ညာချက်အား ကန့်ကွက်မှုပြုကာ ဂန္ဒီခန်းမကြေညာစာတမ်းအပေါ် သွေဖည်ခြင်းနှင့် န၀တ၏ ၁/၉၀ နောက်သို့ လိုက်သွာပြီဖြစ်ကြောင်း စသည်ဖြင့် ဝေဖန်ကန့်ကွက်မှုဖြစ်လာ၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တိုင်းနှင့်ပြည် နယ်အသီးသီးသို့ သွားရောက်၍ ၅/၉၀ အား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
သို့သော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများစုမှာ ကြေညာချက် ၅/၉၀ အပေါ် မကျေနပ်ချက်အား အခြေ ခံ၍ မန္တလေးတိုင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို မန္တလေးတွင်အစည်းအဝေးလုပ်မည်ဖြစ်ကြောင်း လိုက်လံဖိတ်ကြားခဲ့သဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့ မန္တလေးအစည်းအဝေးသို့ တက်ရောက်ခဲ့ ကြပါသည်။
၅/၉၀ ထုတ်ပြန်ရေးအတွက် CEC တွင် ဆွေးနွေးခဲ့စဉ်က ဦးခင်မောင်ဆွေနှင့် ဦးစိန်လှဦးမှာ အင်းစိန်အကျဉ်း ထောင်အတွင်းတွင် မှတ်တမ်းလွှာ ၁၃/၉၀ ထုတ်ဝေမှုနှင့်ပတ်သက်ပြီး ရောက်ရှိနေချိန်တွင် ကျန် CEC များဖြစ် သော ဒေါ်မြင့်မြင့်ခင်နှင့် ဦးကျော်မင်းတို့မှ ကန့်ကွက်သော်လည်း ဦးစိုးသိမ်းနှင့် ဦးချမ်းအေးတို့မှ သဘောတူ ဆိုပြီး ထုတ်ပြန်ခဲ့ပါသည်။ ၅/၉၀ ထုတ်ပြန်ပြီး နောက်တရက်တွင် ဦးခင်မောင်ဆွေ ပြန်လည်လွတ်မြောက် လာသည့်အခါ၌ အင်းစိန်ထောင်ထဲတွင် ထောက်လှမ်းရေးမှ ဦးခင်မောင်ဆွေအား “ခင်ဗျားတို့အဖွဲ့က ၅/၉၀ ထုတ်ပြန်လိုက်ပြီ” ဟု ကြိုတင်ပြောသွားကြောင်း သိရှိခဲ့ရပါသည်။ နောက်ပိုင်း ထောင်ထဲတွင် ၅/၉၀ အား ၀ံချမ်းလိုင်းဟူ၍ ကိုဝံသနှင့် ဦးချမ်းအေးတို့မှ ရေးသားခြင်းဖြစ်ကြောင်း သတင်းဖြစ်ခဲ့ပါသည်။
စာရေးသူလည်း မန္တလေးသို့ စက်တင်ဘာ (၂၈) ရက်တွင် ရောက်ရှိခဲ့ပါသည်။ ထိုနေ့က မန္တလေးတိုင်းရုံးတွင် ၅/၉၀ နှင့်ပတ်သက်၍ မန္တလေးတိုင်းအတွင်းရှိ မြို့နယ်စည်းရုံးရေးမှူးများအားခေါ်ယူ၍ ဗဟိုမှ ဦးချမ်းအေး ခေါင်းဆောင်၍ ဦးစိန်လှဦးနှင့် ဦးတင်ထွန်းတို့မှ ရှင်းလင်းဆွေးနွေးပွဲကျင်းပနေကြောင်း သိရှိခဲ့ရသည်။ သို့အ တွက် ထိုနေ့က မန္တလေးတိုင်းရုံးသို့ လွှတ်တော်ကိုယ်စားလှယ်များ မသွားရောက်ကြပါ။
၁၉၉၀ ပြည့်နှစ် စက်တင်ဘာ (၂၉) ရက်နေ့တွင် စာရေးသူနှင့် လွှတ်တော်ကိုယ်စားလှယ်အချို့အား မန္တလေး အ နောက်မြောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်အောင်မှ ၎င်းမောင်းသည့် Hilux ကားဖြင့် လာရောက် ခေါ်ဆောင်ခဲ့ပါသည်။ မန္တလေးဘူတာရုံကြီးတွင် ခေတ္တခဏစောင့်နေစဉ် ရန်ကုန်ရထားဝင်လာသ ဖြင့် ဦးမောင်ကိုနှင့် ဒေါ်ဝင်းမေတို့အား ကြိုဆိုခေါ်ဆောင်ကာ အမရပူရသို့ ဆက်လက်ခေါ်ဆောင်သွားခဲ့ပါ သည်။ ဦးမောင်ကို၏ ပြောပြချက်အရ ဒေါက်တာစိန်ဝင်းမှာ မလာရောက်နိုင်ကြောင်းနှင့် အစည်းအဝေးမှ ပေး အပ်သည့်တာဝန်ကို ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းအား အသိပေးပြောကြားခဲ့ကြောင်း ပြောပြခဲ့ပါသည်။
အမရပူရနယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘဘွား၏နေအိမ်တွင် ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် (၂၅) ဦးခန့်နှင့် ကိုယ်စားလှယ်မဟုတ်သူ (၅) ဦးခန့်တို့ နံနက် (၁၀) နာရီခန့်တွင် စတင်၍ လျှို့ဝှက်အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ တက်ရောက်လာသူများမှာ ရန်ကုန်တိုင်းမှ ဦးလှထွန်း၊ ဦး လှသန်း၊ ဦးကျော်သွင်၊ ဦးမောင်ကို၊ ဒေါ်စန်းစန်း၊ ဒေါ်စန်းစန်းဝင်း၊ ဧရာဝတီတိုင်းမှ ဦးမြ၀င်း၊ ဒေါက်တာ ဇော်မြင့်၊ ဒေါက်တာစန်းအောင်၊ မကွေးတိုင်းမှ စာရေးသူနှင့် ဦးပိုက်ကို၊ စစ်ကိုင်းတိုင်းမှ ဦးဝင်းကို၊ ဦးစောလှိုင်၊ ဦးမြင့်ကြည်၊ ဦးခင်မောင်သိန်း၊ ဦးသောင်းမြင့်၊ ဦးသိန်းဖေ၊ ဒေါက်တာမြင့်နိုင်၊ ဒေါ်ဝင်းမေ (တိုင်း/ စည်ပင်)၊ မန္တလေး တိုင်းမှ ဦးဘိုလှတင့်၊ ဦးဘဘွား၊ ဒေါက်တာစိုးလင်း၊ ဒေါက်တာဇော်မြင့်မောင်၊ ဦးပီတာလင်းပင်၊ ဦးသိန်းဦး၊ ဦး တင်အောင်အောင်၊ ဒေါ်အုံးကြည်၊ ဦးလှဖေတို့ဖြစ်ကြပါသည်။
ဆွေးနွေးပွဲတွင် ကိုယ်စားလှယ်အသီးသီးမှ မိမိတို့၏အမြင်နှင့် သဘောထားများကို တင်ပြဆွေးနွေးကြပြီး အဖွဲ့ ချုပ်မှ ထုတ်ပြန်သည့် ၅/၉၀ နှင့်ပတ်သက်၍ လက်မခံကြောင်းနှင့် ကန့်ကွက်ကြောင်း စာရေးတင်ကာ တက် ရောက်သူများ လက်မှတ်ထိုး၍ အဖွဲ့ချုပ်သို့တင်ပြရန်နှင့် ရှေ့ဆက်ဘာလုပ်သင့်သည်ကို ဆွေးနွေးတိုင်ပင်ပြီး စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းသင့်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ဒုတိယနေ့ ဆက်လက်ဆွေးနွေးရေးအတွက် တိုင်းတတိုင်းစီမှ လွှတ်တော်ကိုယ်စားလှယ် (၃) ဦးကျစီ မိမိတို့တိုင်းအလိုက်ရွေးချယ်ပေးပြီး ဒုတိယနေ့ ဆွေး နွေးပွဲသို့ တက်ရောက်စေပါသည်။ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ဒုတိယနေ့အဖြစ် မန္တလေးအနောက်တောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကွက်ရုံးတရုံးတွင် ရန်ကုန်မြို့မှ ဦးလှထွန်း၊ ဦးလှသန်း၊ ဒေါက်တာမောင်မောင်လတ်နှင့် ဦးသာဆိုင် (ထိုနေ့မှ ရောက်ရှိ)၊ ပဲခူးတိုင်းမှ ဦးရဲထွန်း၊ ဦးသိန်း ထွန်း၊ ဦးထွန်းအောင် (ထိုသုံးဦးစလုံး ထိုနေ့မှရောက်ရှိ)၊ မန္တလေးတိုင်းမှ ဒေါက်တာဇော်မြင့်မောင်၊ ဦးဘိုလှ တင့်၊ ဦးလှဖေ၊ မကွေးတိုင်းမှ စာရေးသူနှင့် ဦးအောင်ဆန်းမြင့်၊ ဧရာဝတီတိုင်းမှ ဦးမြ၀င်း၊ ဒေါက်တာစန်း အောင်၊ ဒေါက်တာဇော်မြင့်၊ စစ်ကိုင်းတိုင်းမှ ဦးဝင်းကို၊ ဦးစောလှိုင်နှင့် ဒေါ်ခင်စန်းလှိုင်တို့ တက်ရောက် ဆွေးနွေးကြသည်။
ယမန်နေ့က ၅/၉၀ နှင့်ပတ်သက်၍ ထိုနေ့မှ ထပ်မံရောက်ရှိလာသူများက ဆွေးနွေးအပြီးတွင် စင်ပြိုင်အစိုးရတ ရပ်ကို ဖွဲ့စည်းရန်၊ မည်သို့မည်ပုံဖွဲ့စည်းကြမည်ကို မနက်ဖြန် (၁-၁၀-၉၀) ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး တိုင်းတ တိုင်းမှ တဦးကျစီဖြင့် ရွေးချယ်ပေးရန်နှင့် ယင်း(၆) ဦးအား Hard Core အဖြစ်သတ်မှတ်ခဲ့ပါသည်။ ၎င်း (၆) ဦးမှာ ဦးဘိုလှတင့် (မန္တလေးတိုင်း)၊ ဦးဝင်းကို (စစ်ကိုင်းတိုင်း)၊ ဦးမြ၀င်း (ဧရာဝတီတိုင်း)၊ ဦးလှထွန်း (ရန် ကုန်တိုင်း)၊ ဦးထွန်းအောင် (ပဲခူးတိုင်း)၊ စာရေးသူ (မကွေးတိုင်း) တို့ဖြစ်ကြပါသည်။
၎င်း Hard Core (၆) ဦးအား (၁-၁၀-၉၀) ရက်နေ့တွင် မန္တလေးတိုင်းမှ ဒေါက်တာဇော်မြင့်မောင်နှင့် ဦးသိန်းဦး တို့မှ ဆွေးနွေးမည့်နေရာသို့ လိုက်လံပို့ဆောင်ပေးခဲ့ပါသည်။ ပထမ မန္တလေးအနောက်မြောက်မြို့နယ်ရှိ ဒေါက် တာတင့်ဆွေ ပိုင်ဆိုင်သည့်အိမ်သို့ သွားရောက်ခဲ့ပါသည်။ သို့ရာတွင် သော့ဖွင့်မရသဖြင့် နောက်ထပ်တနေရာ သို့ ထပ်မံပို့ဆောင်ပေးရာ မန္တလေး-ပြင်ဦးလွင်သွား ကားလမ်းဘေး ဆန်စက်တခုသို့ ပို့ဆောင်ပေးခဲ့ပါသည်။
၎င်းဆန်စက်အတွင်းတွင် မိမိတို့ (၆) ဦးသည် စင်ပြိင်အစိုးရတရပ် မည်ကဲ့သို့ ဖွဲ့စည်းမည်ကို ဆွေးနွေးကြရာ တွင်မန္တလေးတိုင်းမှ ဦးဘိုလှတင့်ကစ၍ မန္တလေးတွင် သံဃာအင်အား မိမိတို့ဘက်တွင် အမြောက်အမြားရှိနေ သည့်အတွက် ဘုန်းတော်ကြီးကျောင်းတကျောင်းတွင် လွှတ်တော်ကိုယ်စားလှယ်များစုစည်း၍ စင်ပြိုင်အစိုးရ တရပ် ကို ဖွဲ့စည်းကြေညာပြီး သံဃာထုအင်အားဖြင့် အကာအကွယ်ရယူလုပ်ဆောင်ရန် ဆွေးနွေးပါသည်။ ထို ဆွေးနွေးချက်နှင့် ပတ်သက်ပြီး စင်ပြိုင်အစိုးရတရပ်ပေါ်ပေါက်တော့လာမည်၊ သို့သော် န၀တမှ အင်အားအလုံး အရင်းဖြင့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ၀င်ရောက်စီးနင်းဖျက်ဆီးလျှင် ဖွဲ့စည်းသောအစိုးရတရပ်မှာ ပျက်စီးသွားမည်ဖြစ်သည်။
ဆက်လက်၍ ရှင်သန်လှုပ်ရှားနိုင်သော အစိုးရတရပ်ဖြစ်ရန် အရေးကြီးကြောင်း၊ ယင်းလုပ်ရပ်ကို သဘောမတူ ကြောင်း စာရေးသူက ဆွေးနွေးခဲ့ပါသည်။ ရန်ကုန်တိုင်းမှ ဦးလှထွန်းက ဆွေးနွေးရာတွင် ဒုတိယနည်လမ်းအ နေဖြင့် ရန်ကုန်မှ မိမိတို့အားထောက်ခံသော သံရုံးတရုံးအတွင်းသို့ ၀င်ရောက်၍ ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်များ ဖြင့် စင်ပြိုင်အစိုးရတရပ်ကို ထူထောင်ရန် အကြံပြုဆွေးနွေးခဲ့သည်။ ၎င်းရန်ကုန်ပြန်ရောက်လျှင် ရန်ကုန် ရှိသံရုံးနှင့် အဆက်အသွယ်ရှိသော ပုဂ္ဂိုလ်များဖြင့် အကောင်အထည်ဖော်နိုင်ရန် ကြိုးစားကြည့်မည်ဟု ဆွေးနွေး ခဲ့ပါသည်။ သို့အတွက် ဦးလှထွန်းအား ကြိုးစားကြည့်ရန် တာဝန်ပေးခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၀)-(၂၅) ဦးခန့် နယ်စပ်တနေရာသို့ သွားရောက်ပြီး စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းနိုင်လျှင် ပိုကောင်းမည်ဟု စာရေးသူမှ ဆွေးနွေးသည်။ သို့မှသာ ယင်းစင်ပြိုင်အစိုးရတရပ် အသက်ရှင် လျက် ရပ်တည်လှုပ်ရှားသွားနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးရာ စစ်ကိုင်းတိုင်းမှ ဦးဝင်းကိုက စာရေးသူ ဆွေးနွေး ချက်အပေါ် သဘောကျကြောင်း၊ မိမိသည်ကချင် (KIA) အဖွဲ့ခေါင်းဆောင် ဘရန်ဆိုင်းနှင့် ခင်မင်ကြောင်း၊ အ ဆက်အသွယ်ရှိကြောင်း ဆွေးနွေးတင်ပြခဲ့ရာ အားလုံးမှ တောတွင်းတနေရာသို့ သွားရောက်၍ စင်ပြိင်အစိုးရဖွဲ့ စည်းရန် အစီအစဉ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။
စင်ပြိုင်အစိုးရတရပ်ဖွဲ့စည်းရာတွင် (Figure) နိုင်ငံရေးအရှိန်အ၀ါရှိသော ခေါင်းဆောင်များကို စည်းရုံး၍ တိုင်း ရင်းသားခေါင်းဆောင်များထဲမှ တဦးပါဝင်နိုင်ရန် စည်းရုံးကြိုးပမ်းရန်လိုကြောင်း၊ ၀န်ကြီးချုပ်အနေဖြင့် ဗဟိုအ လုပ်အမှုဆောင်အဖွဲ့မှ ဦးခင်မောင်ဆွေအား စည်းရုံး၍ ခေါ်ဆောင်နိုင်ရန် စာရေးသူအား တာဝန်ပေးအပ်ပါ သည်။ ထိုအချိန်က ဦးခင်မောင်ဆွေမှာ မကွေးတိုင်းစည်းရုံးရေးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သည့်အပြင် စာရေး သူနှင့် ရင်းနှီးသူဖြစ်သောကြောင့် တာဝန်ပေးအပ်ခြင်းဖြစ်ပါသည်။ တိုင်းရင်းသားခေါင်းဆောင်ထဲမှ ဦးအုံး မောင် (ရွှေညောင်လွှတ်တော်ကိုယ်စားလှယ်) ကို ရအောင်စည်းရုံးရန် ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် Hard Core (၆) ဦးအား လျှို့ဝှက်သင်္ကေတများဖြင့် ဆက်သွယ်နိုင်ရန်အတွက် A,B,C,D,E,F ဟူ၍ စာရေးသူအား C အဖြစ်သတ်မှတ်ခဲ့ပေးပြီးနောက် ကျွန်ုပ်တို့ (၆) ဦး နောက်တကြိမ် နိုဝင်ဘာလထဲတွင် ထပ်မံ တွေ့ဆုံရန် သတ်မှတ်ပြီး ဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။
ချစ်တင် (မင်းလှ-မကွေးတိုင်း)
(၂၀၀၈ ခုနှစ် အောက်တိုဘာလထုတ် ခေတ်ပြိုင်ဂျာနယ်မှ …)
Wednesday, October 8, 2008
ဂန္ဒီခန်းမ၊ စင်ပြိုင်အစိုးရနှင့် ဘ၀တကွေ့ နိုင်ငံရေး - အပိုင်း (၁)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment