Monday, September 29, 2008
ညများ … အနှစ်နှစ်ဆယ် (ကဗျာ)
တညလုံး
မအိပ်ဘဲ ထိုင်စောင့်နေခဲ့တာ
လေချွန်သံကလေး ကြားရနိုးနိုး
ခြေသံလျှပ်လျှပ်
ရင်တလှပ်လှပ် ခုန်ရနိုး
တညလုံး ထိုင်စောင့်နေခဲ့တယ်။
အင်္ကျီနဲ့ လုံချည်ကလေးတွေလည်း
ပရုပ်လုံးရနံ့နဲ့ ခေါက်ရိုးကျိုးပြီးသား
အိပ်ရာကိုလည်း ဖုံမခစေရဘူး
စာအုပ်စင်ကလေးဆို
သပ်သပ်ယပ်ယပ်နဲ့ လည်ပင်းရှည်အောင် မျှော်လို့
အားလုံးဟာ အချိန်နဲ့အမျှ ပင်လယ်ထဲ
ယုံယုံကြည်ကြည် စီးဝင်နေကြတယ်။
စာသင်ကျောင်းကလေးကလည်း
ပျောက်သွားတဲ့ သူ့ကို
ဘယ်ကိုမှ မရွေ့တဲ့အလွမ်းနဲ့ ဖွေရှာလို့
လမ်းကလေးတွေကလည်း
သူ့ခြေဖ၀ါးနဲ့ ခတ်နှိပ်ခဲ့တဲ့ ဒဏ်ရာကလေးတွေကို
တယုတယ ပွတ်သပ်ရင်း
သူပြန်လာမယ့် လမ်းကို သစ္စာရှိရှိငေးလို့ ….။
`ဘယ်သူမှ မျက်ရည်မကျရဘူးတဲ့´
အမေ မသေခင်က အားလုံးကို မှာခဲ့တာ
ခုတော့
အမေ့ကိုယ်စား
သူနေခဲ့တဲ့ အိမ်ကလေးဟာ
စုတ်ပြတ်ယိုင်နဲ့နေရင်းက
တညလုံး မအိပ်ဘဲ
အနှစ်နှစ်ဆယ်တိုင်အောင် သူ့ကို စောင့်မျှော်နေဆဲကို ။ ။
(ဒီမိုကရေစီရေးတိုက်ပွဲဝင် ကျဆုံးသူများသို့ …)
ကမာပုလဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment