(ရှင်းလင်းသူ၏ အာဘော်သာ ဖြစ်ပါသည်)
ဒီဗွီဘီသတင်းထောက် ဦးထက်ရာဇာ အင်တာဗျူးနေစဉ်
သို့ /သက်ဆိုင်သူများခင်ဗျာ …
ကျနော်ပြုလုပ်ခဲ့တဲ့ မြန်မာဘလော့ဂါများသတင်းနဲ့ ပတ်သက်လို့ အနည်းငယ် ဆွေးနွေးလိုပါတယ်။ အမှန်အ တိုင်း ပြောရရင်တော့ ဒီစာကို ကျနော်ပြန်လည်ရေးသားစရာကို အကြောင်းမရှိပါ (ဘာကြောင့်လဲဆိုတော့ ကျနော့်သတင်း လုံးဝမှားယွင်းမှုမရှိဘူးလို့ အကြွင်းမဲ့လက်ခံထားလို့ ဖြစ်ပါတယ်)။ သို့ပေမယ့် လွတ်လပ်စွာ ပြန်လည်ချေပခွင့်ရှိတယ်လို့ ယူဆမိတဲ့အတွက် ဒီစာကိုရေးရခြင်း ဖြစ်ပါတယ်။
အစကနေ စပြောရရင် ဒီသတင်းကို မရေးသားခင် ၃ ရက်လောက်အလိုမှာကတည်းက ဒီသတင်းကို ကျနော်ရ ထားပြီး ဖြစ်ပါတယ်။ ပိုပြီးသေချာအောင်နဲ့ သေသေချာချာ ဂဃနဏ ပြောနိုင်မယ့် သတင်းရင်းမြစ်တွေကို လိုက်လံစုဆောင်းနေခဲ့တာပါ။ ဒီသတင်းမရေးသားခင် အနည်းဆုံး မြန်မာပြည်တွင်းက ဘလော့လုပ်နေသူတွေ ရော ဘလော့ဂါတွေနဲ့ နီးစပ်သူတွေရော ၅ ယောက်ထက်မနည်း စကားပြောပြီး ဖြစ်ပါတယ်။ သူတို့တတွေ ကိုယ်တိုင်က သူတို့အသံကို မသုံးဖို့ ကတိတောင်းထားသလို ပွဲပိတ်ခံရတာတော့ သေချာကြောင်း အကြောင်း ပြန်ကြားခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းသာမက ပြည်ပက ဘလော့လုပ်နေသူတွေဖြစ်တဲ့ မခင်မင်းဇော်၊ ကိုဈာန်၊ မမေငြိမ်းတို့ကို လည်း စုံစမ်းမေးမြန်းဖြစ်ခဲ့ပါတယ် (သူတို့ လက်ရှိထိုင်းနိုင်ငံမှာ ရှိနေပါတယ် မေးကြည့်လို့ ရပါတယ်)။ သတင်း လုပ်မယ့်နေ့မှာ သေသေချာချာပြောနိုင်တဲ့ စာနယ်ဇင်းသမားတဦးက သူ့အသံကို ခွင့်ပြုကြောင်းနဲ့ နံမည်မပါ ရင် ရပါတယ်ဆိုတဲ့ ခွင့်ပြုချက်ကြောင့် အပိတ်ခံရတဲ့အကြောင်း အဲဒီစာနယ်ဇင်းသမားအသံကို သုံးလိုက်ပါ တယ်။ သူတစ်ယောက်ထဲနဲ့ မေးပြီးရေးရင် မသေချာမှာစိုးလို့ အခြားဆန့်ကျင်ဖက်ထောင့်ဖြစ်တဲ့ ကြီးမှူးကျင်း ပမယ်ဆိုတဲ့ မြန်မာနိုင်ငံကွန်ပျုတာပညာရှင်များအသင်း ဖုန်းနံပါတ် ၆၅၂၂၇၆ ကို ထပ်ပြီးဆက်သွယ်ပါတယ်။ သတင်းထဲမှာ သုံးထားတဲ့အတိုင်း အဲဒီဝန်ထမ်းက ပြုလုပ်ခွင့်မပေးတာ ဟုတ်တယ်လို့ ပြန်ဖြေတာကို အား လုံးလည်း သတင်းထဲမှာ ကြားကြမှာပါ။ နောက်သတင်းရင်းမြစ် တစ်ယောက်ကတော့ မြန်မာဘလော့ဂါ တစ် ယောက်ပါ။ သူကတော့ အပိတ်ခံရတဲ့အပေါ် ဝေဖန်သုံးသပ်တာပါ။
ဆိုတော့ သတင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင် …
၁။ အပိတ်ခံရတယ်လို့ စာနယ်ဇင်းသမားတစ်ယောက်က ပြောတယ်။
၂။ ကြီးမှူးကျင်းပမယ့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်များအသင်းက တာဝန်ရှိသူတစ်ယောက်က အပိတ်ခံရ တယ်ဆိုတာကို အတည်ပြုပြောကြားတယ်။
၃။ ကြားနေသတင်းရင်းမြစ် တစ်ယောက်ရဲ့ ဝေဖန်သုံးသပ်ချက်ပါတယ်။
ဆိုတော့ ဒီသတင်းဟာ ဘယ်နေရာက မှားယွင်းနေပါသလဲ။ အပိတ်မခံရတာကို အပိတ်ခံရတယ်လို့ ရေးရင် တော့ ကျနော့်သတင်းအမှားပါ။ အခုဟာက တကယ်အပိတ်ခံရတာကို အပိတ်ခံရတဲ့အကြောင်း ရေးတာကို မှားတယ်ဆိုရင်တော့ ဘယ်ဟာတွေ မှားသလဲဆိုတာ တိတိကျကျ အချက်အလက်နဲ့ ရေးသားဖို့ လိုပါလိမ့်မယ်။ ရပ်ကွက်ထဲက လူတွေရေးသလို ပိုက်ဆံရတိုင်း လုပ်နေကြတယ် စတဲ့အသုံးအနှုန်းတွေ သုံးဖို့မသင့်တော်ပါ။ သတင်းတစ်ပုဒ်လုံးကို သေသေချာချာ ပြန်လည်နားထောင်ပြီးမှ ကျနော့်ထံကို စာရေးသားစေချင်ပါတယ်။ အ သံနဲ့လွှင့်တဲ့ သတင်းတစ်ပုဒ်ကို နားမထောင်ဘဲ ၀က်ဘ်ဆိုက်မှာ ရေးတာလောက်နဲ့ ဝေဖန်မဆန်းစစ်စေလိုပါ။ ကျနော့်သတင်းနဲ့ ပတ်သက်လို့ ဒီလောက်ပဲ ပြန်လည်ရေးသားလိုပါတယ်။ ဒီသတင်းဟာ လုံးဝမှားယွင်းတဲ့ သတင်းတစ်ပုဒ် မဟုတ်ဘူးဆိုတာတော့ မျက်စိပိတ်မငြင်းဘူးဆိုရင် အားလုံးသိနိုင်ပါလိမ့်မယ်။ အသုံးပြုထား တဲ့ မူရင်းအသံဖိုင်များပါ ပူးတွဲပေးပို့ လိုက်ပါတယ်။
အားလုံးကို ကျေးဇူးတင်စွာဖြင့် …
ထက်ရာဇာ
3 comments:
မြန်မာပြည်တွင်းက ဘလော့လုပ်နေသူတွေရော သူတို့နဲ့ နီးစပ်တဲ့သူတွေဆိုတာ ပွဲဖြစ်မြောက်ရေး လုပ်နေသူတွေ မဟုတ်ပါ။ ပွဲဖြစ်မြောက်ရေး လုပ်နေသူ ဘယ်နှစ်ဦးရှိတယ်ဆိုတာ ဘလော့တွေမှာ ကြည့်ရင်သိနိုင်ပါတယ်။ သူတို့ ပြောတဲ့စကားတွေသာ တရားဝင်ထုတ်ပြန်ပြောဆိုချက်ဖြစ်ပါမယ်လို့ ပြောထားခဲ့ပြီးသားပါ။
ပွဲဖြစ်မြောက်ရေးစီစဉ်သူတွေဆိုရာမှာလည်း စီစဉ်သူတစ်ဦးတစ်ယောက်က ပြောရုံနဲ့တောင် သေချာပြီလို့ မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီစဉ်သူတွေက ကိုယ့်အပိုင်းနဲ့ကိုယ် တာဝန်ယူပြီး လုပ်နေကြရတာ ဖြစ်တဲ့အတွက် တခါတလေ အချိတ်အဆက်မမိ ဖြစ်နေရင် သတင်းမှားတွေ ဖြစ်နိုင်တဲ့အတွက် စီစဉ်သူ အနည်းဆုံး ၄ ဦးခန့်ပြောမှသာ ဒါကို မှန်ကန်တဲ့ သတင်းလို့ အတိအကျ ယုံကြည်စိတ်ချနိုင်မှာပါ။ နောက်တစ်ချက်က သေသေချာချာပြောနိုင်တယ်ဆိုတဲ့ သတင်းသမားကိစ္စပါ။ သေသေချာချာပြောနိုင်တယ်ဆိုတာ ဘယ်လိုများ သိနိုင်ပါသလဲ။ ပွဲစီစဉ်သူများထက်တောင် ပိုပြီး သေချာသိနိုင်ပါသလား။
နောက်တစ်ချက် MCPA ဝန်ထမ်းက ပြုလုပ်ခွင့်မပေးတာ ဟုတ်တယ်လို့ ပြန်ဖြေပါတယ်တဲ့။ ဟုတ်ကဲ့။ ဘယ်သူက ပြုလုပ်ခွင့်မပေးတာပါလဲ။ MCPA ဥက္ကဌက ပြုလုပ်ခွင့်မပေးတာလား၊ အစိုးရက ပြုလုပ်ခွင့်မပေးတာလား။ MCPA ကို လှမ်းမေးတဲ့သူများဆီက တဆင့်ပြန်ကြားရသမျှ သူတို့ကို အစိုးရက ပြုလုပ်ခွင့်ပိတ်ပင်တယ်လို့ ပြန်ဖြေကြောင်း တစ်ယောက်ကမှ မပြောကြပါ။ ကျွန်တော်တို့ ကိုယ်တိုင် လူကိုယ်တိုင်သွားမေးတော့လည်း အဲဒီလိုမျိုး လုံးဝပြောဆိုခြင်းမရှိပါဘူး။ ဒါဘယ်သူဘက်ကမှ ဘက်လိုက်ပြောဆိုခြင်းမဟုတ်ပါ။ အမှန်ကို အမှန်အတိုင်း၊ ကြားရတဲ့အတိုင်း ပြန်ပြောခြင်းပါ။ ကိုထက်ရာဇာရဲ့ သတင်းမှာတော့ စစ်အစိုးရက ပိတ်ပင်တယ်လို့ ခေါင်းစဉ်မှာပါ ထင်ရှားပေါ်လွင်အောင် ရေးသွားပါတယ်။
ကိုထက်ရာဇာ ပြောသလို သတင်းကို ပြန်လည်သုံးသပ်ပါဦးမယ်။
၁။ "အပိတ်ခံရတယ်လို့ စာနယ်ဇင်းသမားတစ်ယောက်က ပြောတယ်" လို့ဆိုပါတယ်။
ဘယ်သူက ပိတ်တာပါလို့ အတိအကျ ပြောနိုင်ပါသလား။ အစိုးရဆိုရင် ဘယ်ဌာနရဲ့ တာဝန်ရှိသူ သို့မဟုတ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်လို့ ပြောနိုင်ပါသလား။
၂။ "MCPA က အပိတ်ခံရတာကို အတည်ပြုပြောကြားတယ်" လို့ဆိုပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အစိုးရက ပိတ်တယ်လို့ ပြောပါသလား။ ပြောတယ်ဆိုရင် အချက်အလက်အတိအကျ ပြောပါသလား။ MCPA က ကျွန်တော်တို့ကိုပြောသမျှ အထဲမှာရော၊ ဖုန်းနဲ့မေးသူတွေက ကျွန်တော်တို့ကို ပြောပြရာမှာရော အပိတ်ခံရတယ်လို့ သုံးနှုန်းသွားတာမျိုး လုံးဝမရှိပါ။ MCPA ရဲ့ကြီးကြပ်မှုနဲ့ ဆက်လက်မလုပ်ဆောင်နိုင်ပါလို့ပဲ ပါပါတယ်။ ဘယ်သူက ပိတ်တယ်လို့ လုံးဝ မပြောပါ။
၃။ ကြားနေရင်းမြစ်တစ်ယောက်နဲ့ ပတ်သတ်လို့လည်း ပြောပါရစေ။ ကိုထက်ရာဇာအနေနဲ့ ပွဲစီစဉ်သူတွေကို တစုံတရာ ဆက်သွယ်မေးမြန်းပြီး အတည်ပြုချက်ရယူဖို့ထက် သတင်းသမားတို့၊ ပြည်ပ ဘလော့ဂါတို့၊ ကြားနေအရင်းအမြစ်တို့ကို ဘာကြောင့်များ ပိုပြီး ဦးစားပေး ဆက်သွယ်မေးမြန်းခဲ့ရပါသလဲ။ ပွဲစီစဉ်သူတွေကို ဆက်သွယ်ရတာ ခက်ခဲတယ်လို့တော့ အလွယ်မပြောစေချင်ပါ။ ပွဲစီစဉ်သူတွေ ဘယ်သူတွေပါဆိုတာ သူတို့ဘလော့အားလုံးမှာ တင်ပြထားကြပြီးသားပါ။ ကိုထက်ရာဇာတောင် အခုလို ကွန်မန့်ဝင်ရေးသွားပြီးသားဆိုတော့ ဘယ်သူတွေဆိုတာ မသိလို့ပါ ဒါမှမဟုတ် ဆက်သွယ်မေးမြန်းဖို့ မလွယ်ကူလို့ပါလို့တော့ ဖြေနိုင်မယ်မထင်ပါ။
ကိုထက်ရာဇာ အကြိမ်ကြိမ်ပြောသလို ကျွန်တော်လိုက်ပြောရရင် အပိတ်ခံရတယ်ဆိုတာ ဘယ်ဌာနက ဘယ်သူက ဘယ်သူ့ကို ပြောပါတယ်ဆိုတာ အတိအကျ မသိရှိပဲ ရေးတာဟာ မှားပါတယ်။ ရပ်ကွက်ထဲက လူတွေထက် ကိုထက်ရာဇာက ဘာတွေများ သာလွန်မြင့်မြတ်နေပါသလဲ။ ကျွန်တော်တို့အပါအဝင် အားလုံး ရပ်ကွက်ထဲမှာ နေကြတာဖြစ်တဲ့အတွက် ကိုထက်ရာဇာရဲ့ အသုံးအနှုန်းကလည်း မသင့်တော်ပါ။
Seminar ဖြစ်မြောက်ရေးစီစဉ်သူတွေရဲ့ တရားဝင်ပြောဆိုချက်တစ်ခုမှ မပါပဲ အခြားအခြားသော သူများရဲ့ ထင်မြင်ပြောဆိုချက်များနဲ့ သတင်းတစ်ပုဒ်ကို မရေးသားစေလိုပါ။ တကယ်လို့ ရေးသားခဲ့မယ်ဆိုရင်လည်း ကိုဇော်ဇော်ပြောခဲ့သလို အခွင့်အရေးအတွက် လုပ်တဲ့သူတွေကိုယ်တိုင် ရှင်းကြပါ။ ပွင့်ပွင့်လင်းလင်း ရှင်းနိုင်တယ်ဆိုရင် ရှင်းကြပါ။
2007 မှာ ကျင်းပခဲ့တဲ့နေရာနဲ့ တက်ရောက်တဲ့ လူဦးရေ လုံးဝ မှားယွင်းခြင်း၊ ဧည့်သည်အဖြစ် တက်ရောက်ဟောကြားမယ့်သူ လုံးဝမှားယွင်းခြင်းတို့ကို အချို့သော သတင်းရေးသားသူများအတွက် မှားနေကျ ပုံမှန် အမှားများအနေနဲ့ အထူးတလည် မပြောဆိုတော့ပါဘူး။
နောက်ဆုံးအနေနဲ့ ဒီသတင်းဟာ သတင်းအချက်အလက် အမှားများစွာပါဝင်ပြီး ပြောကြားတဲ့သူများရဲ့ အထောက်အထားခိုင်လုံမှု မရှိခြင်း၊ အကြောင်းအရာ အနှစ်သာရအားဖြင့် မည်သူ့ကိုမျှ ကောင်းကျိုးတစုံတရာ မဖြစ်စေနိုင်ပဲ ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်ခြင်းတို့ကြောင့် တန်ဖိုးမဲ့တဲ့ သတင်းတစ်ပုဒ်လို့ပဲ အားနာစွာနဲ့ ပြောကြားပါရစေခင်ဗျာ။
ဘာကို eye က ပြောသွားသလဲဆိုတာ ကျနော်နားမလည်ပါ။ ဆိုလိုတာက သတင်းအမှန်လိုချင်ရင် eye ကို မေးရမယ်ဆိုတာကိုလား။ ဒါမှမဟုတ် ပွဲကတော့ ဖြစ်မှာပါ။ ထက်ရာဇာရဲ့ သတင်းက မှားနေတာပါကိုလား။ ဝေ့လည်ကြောင်ပတ်တွေလျှောက်ပြောယုံနဲ့တော့ နအဖဆီမှာလည်း မျက်နှာရမှာ မဟုတ်ဘူး။ ခင်ဗျားလည်းသိတာပဲ။ ၂၀၀၇ စက်တင်ဘာတုန်းက နအဖ ဘယ်လောက် ဘလော့ဂ်တွေကို မုန်းတယ်ဆိုတာ။ နောက် အင်တာနက် မြန်နှုန်းကို လျှော့ချလိုက်တာတွေကို။ အမည်ခံပြီ့း သူများကို အမနာပ ပြောမယ်ဆိုလည်း ပြောပေါ့ဗျာ။
ဟုတ်ကဲ့။ ကိုမြင့်ဇေ။ နအဖဆီက မျက်နှာရဖို့ဆိုရင် ဒါမျိုးတွေ အပင်ပန်းခံလျှောက်လုပ်မနေပါဘူး။ ခင်ဗျားက ဘယ်နိုင်ငံကလဲ ကျွန်တော် မသိဘူး။ ဒါပေမယ့် ဘလော့ဂ်တွေကို ဘယ်လောက်မုန်းတယ်ဆိုတာ ကိုယ်တိုင် လက်တွေ့ မျက်မြင် ခံစားနေရတဲ့သူကို လာပြောရင် ဟားတိုက် ရယ်လိုက်ဖို့ပဲ ရှိတာပေါ့ဗျာ။
Post a Comment