Friday, September 19, 2008
မြန်မာ့အရေး၊ ထိုင်းနိုင်ငံရေး တစေ့တစောင်းနှင့် အသက်ရှူချင်းကွဲသူများ
ကျနော်တို့ တိုင်းပြည်မှာ ပြည်သူလူထုက တရားဝင် ရွေးကောက်တင်မြှောက်ခဲ့တဲ့ လူထုက အုပ်ချုပ်ခွင့် အခွင့်အာဏာ ပေးထားခဲ့တဲ့ တရားဝင်အစိုးရ (dejure government) တရပ် မရှိခဲ့တာ အခုဆို ၄၆နှစ်ရှိခဲ့ပါပြီ။ ရာစုနှစ်ထက်ဝက်နီးပါးကို တရားဝင်မဟုတ် လူထုက အခွင့်အာဏာ ပေးထားတာမဟုတ်တဲ့ အစိုးရ (defacto government) တနည်းအားဖြင့် စစ်အာဏာရှင်တွေ လက်လွှဲလက်ပြောင်းလုပ် မတရားအုပ်ချုပ်တာကို ခံခဲ့ကြ ရ၊ ခံနေကြရဆဲ ဖြစ်ပါတယ်။
အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်ကြီးသုံးခုကို အဖောက်ဖောက် အပြန်ပြန် အလွဲသုံး စားပြုထားရုံသာ မဟုတ်ဘဲ အရေးကြီးတဲ့ စတုတ္ထမဏ္ဍိုင် သတင်းစာနဲ့ စာနယ်ဇင်း မီဒီယာတွေ အားလုံးရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်တားဆီးပြီး ပြည်သူတွေကို နား မျက်စိပိတ်၊ တိုင်းပြည်ကို သံမဏိကန့်လန့်ကာ နောက် ပိတ်ဆီးကာရံထားခဲ့တာ ကာလကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့ အခြေခံစီးပွားရေး အဆောက်အအုံ ကြီး အမှားမှား အယွင်းယွင်းနဲ့ ချွတ်ခြုံကျဖြစ်ခဲ့ရပါတယ်။
အဲဒီတော့ တခြား ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေး၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေဟာလည်း ချို့ယွင်းအား နည်း တစစ ပျက်စီးယိုယွင်းလာခဲ့တယ် ဆိုတာကတော့ သာမန်တွေးခေါ်နိုင်စွမ်းရှိတဲ့ သူတွေတောင် မြင်သာ ထင်ရှား ဖြစ်ခဲ့ပါပြီ။ တိုင်းပြည်နဲ့ လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့သူတိုင်း ကြေကွဲဝမ်းနည်းမဆုံး နှမျော တသ ယူကျုံးမရ ဖြစ်မဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအဆိုးသံသရာကြီးဟာ မပြီးဆုံးသေးပါဘူး။ အဆုံးစွန် ဆုံး ပျက်သုဉ်းမှုဆီကိုတောင် ဦးတည်စပြုနေပြီလို့ ပြောလို့ရနေပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာရဲ့ အဓိကလက်သည် တရားခံကတော့ တိုင်းပြည်ကို ခုထိ အတင်းအဓမ္မ အုပ်ချုပ်နေဆဲဖြစ်တဲ့ စစ်အစိုးရပဲ ဖြစ်ပါတယ်။ အဓိက တရားခံကိုပဲ ကျနော် ဆိုလိုတာပါ။ တခြားဆက်နွယ် တရားခံတွေ၊ ကြံရာပါတွေ၊ ချို့ယွင်းအားနည်းချက် တွေလည်း အများကြီးရှိနေမှာပါ။ ဒါတွေကိုလည်း ပညာရှင်တွေ၊ စာရေးဆရာ ကဗျာဆရာတွေ၊ နိုင်ငံရေးသ မားတွေက အခါအခွင့်သင့်တိုင်း ဝေဖန်သုံးသပ် ထောက်ပြခဲ့ကြပါတယ်။
ကျနော်ကတော့ ကိုယ့်အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံရေး ဖြစ်စဉ်တွေကို တစေ့တစောင်း စောင့်ကြည့် လေ့လာရင်း၊ တခြားနိုင်ငံတကာ နိုင်ငံရေးအလှည့်အပြောင်းနဲ့ ဖြစ်စဉ်တွေကို စိတ်ဝင်တစား ဖတ်ရှူလေ့လာ ရင်းနဲ့ ကိုယ့်နိုင်ငံနဲ့ ပြည်သူတွေရဲ့ ကံကြမ္မာအတွက် စိတ်မသက်မသာ ဖြစ်ရသလို မခံချိမခံသာလည်း ဖြစ်နေ မိပါတယ်။ တကယ်တော့ တိုင်းပြည်တပြည်ကို အုပ်စိုးနေတဲ့ အစိုးရနဲ့ အဲဒီအစိုးရကို ကျောထောက်နောက်ခံ ပေး ထားတဲ့ စစ်တပ်၊ ရဲနဲ့ အကျဉ်းထောင်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ သိပ်အရေးကြီးပါတယ်။
ထိုင်းနိုင်ငံဟာ စည်းမျဉ်းခံဘုရင်စံနစ်ကို စတင်ကျင့်သုံးပြီး ဒီမိုကရေစီ အစိုးရတရပ်နဲ့ ဒီမိုကရေစီ နိုင်ငံတခုအ ဖြစ် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအားထုတ်လာခဲ့တာ နှစ်ပေါင်း (၇၆) နှစ်ရှိခဲ့ပါပြီ။ ကြားမှာ ဒီမိုကရေစီလမ်း ကြောင်းကနေ တိမ်းစောင်းသွေဖီ ပျက်ယွင်းသွားတာ အကြိမ်ကြိမ်ရှိခဲ့ပါပြီ။ ဒီမိုကရေစီစံနစ်ရဲ့ အဆင့်အခြေအ နေတရပ်ကနေ နိမ့်ကျတဲ့ အဆင့်အခြေအနေတရပ်ကို လျှောကျခဲ့ရဖူးခဲ့ပြီ။ ဒါပေမယ့် တိုင်းပြည်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်တင်ဖို့ ကျားကုတ်ကျားခဲ ကြိုးစားခဲ့ကြပါတယ်။ ဒီနေရာမှာ အစိုးရအဖွဲ့ရော၊ အစိုးရအဖွဲ့ ကို ကျောထောက်နောက်ခံပေးထားတဲ့ စစ်တပ်ရော မှားယွင်းခဲ့ကြပေမယ်။
ဒါပေမယ့် တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးစီးပွား၊ ကိုယ့်အာဏာရေးထက် ဦစားပေး အလေးအနက် ထားခဲ့ကြပါတယ်။ အစောပိုင်းကာလ (၇၀ စုနှစ်ကာလ/၁၉၉၂) ကသောင်းကနင်း ဖြစ်ရပ် တွေမှာ ပြည်သူလူထုနဲ့ ကျောင်းသားတွေ သေကြေပျက်စီးဒဏ်ရာရ ထိခိုက်နစ်နာမှုတွေ အများကြီးဖြစ်ခဲ့ပါ တယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်း ဖြစ်ရပ်တွေမှာတော့ အစောပိုင်းက ရရှိခဲ့တဲ့ သင်ခန်းစာတွေကို ဆင်ဆင်ခြင်ခြင် အသုံးချပြီး ရှေ့ကအမှားမျိုး မမှားရအောင်၊ ရှေ့ကအဖြစ်ဆိုးမျိုး မကြုံတွေ့ကြရအောင် သတိကြီးကြီးနဲ့ ရှောင်ရှားနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ၂၀၀၆ခုနှစ် စက်တင်ဘာ ၀န်ကြီးချုပ် မစ္စတာတပ်ဆင် လက်ထဲကနေ စစ်တပ်က အာဏာသိမ်းယူမှုကို အနီးဆုံး ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ဒီမိုကရေစီစံနစ်ရဲ့ အဆင့်တရပ် ကနေ နောက်ဆုတ် လျှော့ကျသွားခဲ့တာ မှန်ပေမယ့် အာဏာသိမ်းယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟာ ပြည်သူလူထုကို ရန်သူလို သဘောမထားခဲ့သလို ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးအောင် ဘာတခုမှမလုပ် ခဲ့ပါဘူး။ ဆန့်ကျင်ဖက်အားဖြင့် ကာကွယ်စောင့်ရှောက်ပေးသွားခဲ့တာ တွေ့ရပါတယ်။
ဒီအပြင်မှာ အများပြည်သူရဲ့ ဆန္ဒသဘောထားနဲ့ တောင်းဆိုချက်ကို လေးစားလိုက်နာပြီး တနှစ်အတွင်း ပြည်သူလူထုလက်ထဲကို အာဏာပြန်အပ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြန်ရေးဆွဲခဲ့တာ ရှိခဲ့ပေမယ့် တတ်နိုင်သမျှ အာဏာသိမ်း စစ်ကောင်စီက ပါဝင်စွက်ဖက်မှု မလုပ်ရ အောင် ရှောင်ရှားခဲ့တာ တွေ့ရပါတယ်။ နောက် ပေးထားတဲ့ ကတိစကားအတိုင်း (အာဏာသိမ်း စစ်ဗိုလ်ချုပ် ကြီး တယောက်အနေနဲ့ အာဏာကို ဆက်ပြီးရယူဖို့ ကြိုးစားရင် ရယူနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တာတောင်) ပြည်သူလူထု လက်ထဲကို အာဏာပြန်အပ်ဖို့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့သလို ဂုဏ်သိက္ခာရှိရှိ တိုင်းပြည်ရဲ့ နိုင်ငံရေးကို ၀င်မစွက်ဘဲ နောက်ဆုတ်ပေးခဲ့ပါတယ်။
အာဏာသိမ်းကာလ တနှစ်နဲ့တင် တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာခဲ့တာ တွေ့ရပါ တယ်။ ကောက်ချက်ချရရင် အာဏာသိမ်းယူခဲ့တဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟာ တိုင်းပြည်နဲ့ ပြည်သူလူထု ထိခိုက် နစ်နာမှာကို အမှန်တကယ် စိုးရိမ်ခဲ့ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ စေတနာ အမှန်တကယ် ရှိခဲ့ပါတယ်။ လူကြီးလူကောင်း ပီသသလို စစ်သားကောင်း ပီပီသသနဲ့ သူပေးထားခဲ့တဲ့ ကတိစကားကို ထိန်း သိမ်းခဲ့ပါတယ်။ တခြားစစ်တပ်အရာရှိ ကြီးငယ်တွေ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကလည်း လူ လိမ္မာသား ယဉ်ပါးဆိုတဲ့အတိုင်း၊ ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုတဲ့အတိုင်း ပြည်သူလူထုအပေါ် ယဉ်ယဉ်ကျေးကျေး ပြုမူဆက်ဆံပြီး လုံခြုံရေးကို ထိန်းသိမ်းပေးနိုင်ခဲ့ကြတာ တွေ့ရပါတယ်။
ကိုယ့်ပါတီ အာဏာရရေး၊ ကိုယ့်အာဏာရရှိရေးအတွက် အဓိက အားထုတ်ခဲ့ ခြစားဖောက်ပြန်ခဲ့တဲ့ နိုင်ငံရေး သမားတွေဟာ ပြည်သူလူထုရဲ့ အမျက်ဒေါသသင့်တာခံခဲ့ရပြီး အာဏာသိမ်း ဗိုလ်ချုပ်ကြီးနဲ့ တပ်မတော်သား တွေကို လူထုက အပြုံးနဲ့ ပန်းကုံးနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ခုကျနော်တင်ပြနေတာက ဖြစ်ရပ်ပါ။ (အာဏာသိမ်းတဲ့ ကိစ္စနဲ့ တချို့လူထုရဲ့ တွေးခေါ်ပြုမူပုံတွေနဲ့ ပတ်သက်လို့တော့ ဒီမိုကရေစီရေးအရ စိတ်ဓာတ်ရေးရာအရ ပြော ဆိုဝေဖန် ထောက်ပြစရာတွေ ရှိပါတယ်။ အဲဒီအချိန်တုန်းက ဘန်ကောက်မြို့မှာ နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား စာရေးသူအနေနဲ့ ကျနော်တို့နိုင်ငံနဲ့ အာဏာသိမ်းမှုချင်း၊ စစ်တပ်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံချင်း ယှဉ်ကြည့်ပြီး မြန်မာနိုင်ငံက အာဏာသိမ်းထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့၊ မတရားတဲ့ အမိန့်အာဏာအတိုင်း နာခံဆောင်ရွက်ပြီး ကိုယ့်ပြည်သူလူထုကို ပြန်ပစ်ခတ်သတ်ဖြတ် နှိပ်စက်ခဲ့တဲ့ တပ်မတော်သား ဆိုသူတွေကို ပြင်းပြင်းထန်ထန် စက်ဆုပ်ရွံရှာခဲ့မိပါတယ်။ ကံကောင်းကြတဲ့ ထိုင်းပြည်သူလူထုအတွက် ၀မ်းသာပီတိဖြစ်ခဲ့ရသလို ကံမကောင်း ရှာကြတဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် ၀မ်းနည်းကြေကွဲရပါတယ်။
ခု ၂၀၀၈ ခုနှစ် စက်တင်ဘာလမှာ ထပ်တခါ ကြုံတွေ့ရပြန်တဲ့ ထိုင်းနိုင်ငံရေး အလှည့်အပြောင်းကို တစေ့တ စောင်း ကြည့်လိုက်တဲ့အခါလည်း ထိုင်းကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paochinda ရဲ့ ရပ်တည်ချက်၊ စေတနာနဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေကို မလေးစားဘဲ မနေနိုင်အောင် ဖြစ်ရပါတယ်။ ၀န်ကြီးချုပ် မစ္စတာ စမတ်ဟာ တိုင်းပြည်နဲ့ ပြည်သူလူထုထက် ကိုယ့်ပါတီနဲ့ ကိုယ့်အတ္တ မာန်မာနတွေပေါ်မှာ ပိုပြီးအလေးထား ခဲ့ပါတယ်။ အကျယ်တ၀င့်တော့ ဝေဖန်သုံးသပ် မနေတော့ပါဘူး။ ဝေဖန်သုံးသတ်မယ်ဆိုရင် ပီအေဒီ (People’s Alliance for Democracy) ရဲ့ နိုင်ငံရေးသစ်ဆိုတာပေါ်မှာပါ ဒီမိုကရေစီရဲ့ အခြေခံမူတွေအရ ဝေဖန်သုံး သပ်စရာတွေလည်း ရှိနေပါလိမ့်မယ်။
ဒီနေရာမှာ ကျနော့်ရဲ့တင်ပြလိုရင်းနဲ့ အလှမ်းဝေးသွားမှာစိုးတဲ့အတွက် ကျနော်တင်ပြလိုရင်းကိုပဲ ဆက်ပြီး တင်ပြပါမယ်။ ၀န်ကြီးချုပ် မစ္စတာစမတ်က ဘန်ကောက်မြို့တော်မှာ အရေးပေါ်အခြေအနေ(The State of Emergency) ကြေငြာခဲ့ပေမယ့် ကြည်းတပ် ဗိုလ်ချုပ်ကြီးဟာ အစိုးရအိမ်တော်ဝန်းအတွင်းက ပီအေဒီ အဖွဲ့ဝင် တွေ၊ ထောက်ခံသူတွေနဲ့ ပြည်သူလူထုတွေကို အင်အားသုံး ဖယ်ရှားပစ်ဖို့ မလုပ်နိုင်ဘူးလို့ ယတိပြတ်ငြင်းဆန် ခဲ့တာ တွေ့ရပါတယ်။
အရေးပေါ် အခြေအနေကို အကောင်အထည်ဖေါ် ကြီးကြပ်အုပ်ချုပ်ရတဲ့ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး တ ယောက်အနေနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အင်အားကို သူ့စိတ်တိုင်းကျ အသုံးပြုခွင့်ရှိသလို လမ်းတွေပေါ်က ငါး ယောက်ထက်ပိုပြီး စုဝေးနေကြတဲ့သူတွေ၊ ဆန္ဒပြပွဲမှာ ပါဝင်ပူးပေါင်းဖို့ ချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသူတွေကို အင်အားသုံး ဖြိုခွဲတားဆီး၊ ဖမ်းဆီးချုပ်နှောင်ခွင့် ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကြီးဟာ အဲဒီလို မလုပ်နိုင်ကြောင်း ကြံ့ကြံ့ခံ ငြင်းဆန်ခဲ့ပါတယ်။ သတင်းမီဒီယာတွေက မေးမြန်းလာတာကို ဖြေကြား သွားတဲ့ ဗိုလ်ချုပ်ကြီးရဲ့ အဖြေကို သတင်းစာမှာ ဖတ်လိုက်ရတဲ့ အချိန်မှာတော့ ကြည်းတပ် ဗိုလ်ချုပ်ကြီး Anupong Paochinda ကို ကျနော် အကြိမ်ကြိမ် ဦးညွှတ် အရိုအသေပြုလိုက်ပါတယ်။
ထိုင်းပြည်သူတွေကိုယ်စား “ကျေးဇူးအများကြီး တင်ပါတယ် ဗိုလ်ချုပ်ကြီးခင်ဗျား” လို့ စိတ်ထဲက ကျေးဇူးစ ကား ဆိုခဲ့မိပါတယ်။ ဗိုလ်ချုပ်ကြီးက …
“စစ်တပ်က အာဏာသိမ်းလိုက်ရင် ပြဿနာတွေ ပိုပြီးဖြစ်လာလိမ့်မယ်။ အာဏာသိမ်းဖို့ဆိုတဲ့ တံခါးပေါက်ကို ပိတ်ထားလိုက်ပြီးပါပြီ။”
“တကယ်လို့ စစ်တပ်က အရေးယူဆောင်ရွက်မှု တခုခုလုပ်ရမယ်ဆိုရင် ကျနော်တို့က ပြည်သူတွေဘက်က ရပ်ရမှာပဲ။ ပြည်သူလူထုကို ဆန့်ကျင်ပြီး တပ်အင်အားကို ကျနော်မသုံးဘူး”
“ကျနော်တိုက်တွန်းချင်တာက လွှတ်တော်က ပိုပြီးတာဝန်ယူသင့်တယ်။ နိုင်ငံတကာက စစ်တပ်က၀င်ပြီး ဆောင်ရွက်တာကို လက်ခံမှာမဟုတ်ဘူး” လို့ ပြတ်ပြတ်သားသား ဖြေကြားသွားပါတယ်။ လူထုကို အကြမ်း ဖက်နှိမ်နှင်းဖို့ သေနတ်နဲ့ပစ်ဖို့ သူ့ကို ဘယ်တော့မှ မခိုင်းနဲ့ မလုပ်နိုင်ဘူး။ သူ့တာဝန်က ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ဖို့သာ ဖြစ်တယ်” လို့ ပြောလိုက်တာပါပဲ။ အခုအိမ်စောင့်ဝန်ကြီးချုပ်ကို အရေးပေါ် အခြေ အနေ ပြန်ရုပ်သိမ်းပေးဖို့ တိုက်တွန်းပြောဆိုခဲ့တာလည်း ဗိုလ်ချုပ်ကြီး Anupong ပါပဲ။
ကျနော်တို့တိုင်းပြည်မှာတော့ ရဟန်းသံဃာတော်တွေနဲ့ ကျောင်းသား ပြည်သူလူထုတွေကို စစ်တပ်နဲ့ လုံထိန်း တပ်ဖွဲ့ဝင်တွေက ရိုက်နှက် ပစ်ခတ် သတ်ဖြတ်ပစ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးဟာ ခုဆို တနှစ်ပြည့် မြောက်ခဲ့ပါပြီ။
စစ်ဗိုလ်ချုပ်ချင်း တူပေမယ့် အသက်ရှူချင်း ကွဲပါတယ်။ စေတနာ မေတ္တာချင်း တခြားစီပါ။ စစ်သားချင်း တူပေ မယ့် အသက်ရှူချင်း ကွာပါတယ်။ စေတနာ မေတ္တာချင်း တခြားစီပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေအပေါ် ဒီလောက်ထိ စေတနာကင်းမဲ့ ရက်စက်ကြမ်းတမ်းတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စိတ်နေစိတ်ထားနဲ့ တွေးခေါ်မျှော်မြင် ပုံတွေကို ကျနော်အများကြီး ထိတ်လန့်အံ့သြရသလို နားမလည်နိုင်အောင်လည်း ဖြစ်ရပါတယ်။
ပေးလိုက်တဲ့ အမိန့်ဟာ တရားမျှတရဲ့လား၊ မှန်ရဲ့လားဆိုတာ လုံးဝမစဉ်းစားဘဲ နာခံပြီး ကိုယ့်မိဘပြည်သူတွေ
ညီအကို မောင်နှမတွေကို ပြန်ပြီးဖိနှိပ်ညှင်းပမ်း ပစ်ခတ်သတ်ဖြတ်နေတဲ့ တပ်မတော်သားဆိုသူတွေရဲ့ စိတ်နေ စိတ်ထားနဲ့ တွေးခေါ်မျှော်မြင်ပုံကိုလည်း ထိတ်လန့်အံ့သြ နားမလည်နိုင်အောင် ဖြစ်ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အမှားကို ပြင်ဆင်တာ၊ အမိုက်ပျောက်ပြီး အလင်းရောက်တာဟာ ကောင်းပါတယ်။ နောက် ကျတယ်လို့ မရှိပါဘူး။ မမျှော်လင့်သင့် မမျှော်လင့်ရဲတော့ပေမယ့် ဗုဒ္ဒဘာသာဝင်ဆိုသူ မြန်မာစစ်ဗိုလ်ချုပ် ကြီးများ အမြန်ဆုံး သတိသံဝေဂရပြီး တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အလိုဆန္ဒကို အလေးဂရုပြု၊ အာဏာကို ပြည်သူတွေလက်ထဲ ပြန်အပ်ပြီး စစ်တန်းလျားကိုပြန်တာ အကောင်းဆုံး ဖြစ်မယ်လို့ တိုက်တွန်းချင်ပါတယ်။
မိဘမကောင်းတဲ့ သားသမီးတွေ၊ ဆရာမကောင်းတဲ့ တပည့်တွေဖြစ်တဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေအနေနဲ့လည်း ကိုယ့်ထမင်းရှင်စစ်စစ်ဖြစ်တဲ့ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားစေတနာထားပြီး ပြည်သူ့ဖက်က ရပ်တည်ခြင်းသည်သာ ဗုဒ္ဒဟောကြားခဲ့တဲ့ မင်္ဂလာတရားတော်နဲ့ ပြည့်စုံပါလိမ့်မယ်။ အချိန်မီ သတိသံဝေဂရ၊ ပြုပြင်တည့်မတ်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါတယ်။
စိုးနေလင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment