Wednesday, September 17, 2008

၈ လေးလုံးနဲ့ စက်တင်ဘာအာဏာသိမ်း လူသတ်ပွဲအတွေ့အကြုံများ

၈ လေးလုံးနဲ့ စက်တင်ဘာအာဏာသိမ်း လူသတ်ပွဲ အတွေ့အကြုံများ
ဆရာကံ (တပ်မ ၂၂)

၁၉၈၈ ခုနှစ် သြဂုတ်လက ဘားအံမြို့မှာ လူထုများဆန္ဒပြနေပြီး နာရီစင်အနီး ဘုရားကြီးဝင်းထဲမှာ သပိတ်စ ခန်းဖွင့်ထားပါတယ်။ အဲဒီသပိတ်စခန်းကို (၂) ရက်အကြာ နံနက် ၀၃း၀၀ နာရီအချိန်မှာ ကျနော်တို့ တပ်ရင်း က တပ်ခွဲ (၂) ခွဲနဲ့ သပိတ်စခန်းကိုဝိုင်းစေပြီး ဘုရားကြီးဝင်းအတွင်းက ထောင်နဲ့ချီတဲ့ လူထုကို အပြီးအပိုင် မောင်းထုတ်ခိုင်းပါတယ်။ မထွက်ပါက ပစ်ခတ်ရန်အတွက် အဲဒီအချိန်က အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်တင်လှက အမိန်ပေးခဲ့ပါတယ်။ ဘုရားကြီးဝင်းအတွင်းက လူထုအားလုံး ကြောက်လန့်ပြီး အ၀တ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးကြပါတယ်။ ဒီအချိန်မှာ ဘုရားကြီးဝင်းအတွင်း ကျန်ခဲ့တဲ့ ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်များအားလုံးကို တပ်မမှူးမှ သိမ်းဆည်းခိုင်းပါတယ်။ ဒါတွေကို (တပ်မ) ပိုင်ပစ္စည်း လို့ သတ်မှတ်ပါတယ်။ အဲဒီအချိန်ပိုင်းမှာပဲ တပ်မ (၂၂) ကို တပ်ရင်း (၅) ရင်းနဲ့ ထုတ်နှုတ်ပြီး ရန်ကုန်ကို ရှေ့ တန်း ထွက်ရမယ်လို့ အမိန့်ရတဲ့အတွက် တပ်ရင်း (၅) ရင်း ရန်ကုန်မြို့ကို သွားရပါတယ်။ အဲဒီအချိန်မှာ ကျ နော်ဟာ အမှတ် ၂၂ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ တပ်ရင်းတရင်းမှာ စစ်သက် ၁ နှစ်ခွဲရှိတဲ့ လူသစ် ဘဝသာ ရှိပါသေးတယ်။

ရန်ကုန်မြို့ကို ပါသွားတဲ့ တပ်ရင်းကတော့ ခမရ (၂၀၄) မြိုင်ကလေး၊ ခမရ (၂၀၅) မြိုင်ကလေး၊ ခမရ (၂၀၇) သိမ်ဇရပ်အနီး၊ ခမရ (၂၀၈)၊ ခမရ (၂၁၀) တပ်ရင်း (၅) ရင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ရောက်တဲ့အခါ တပ်ရင်း အလိုက် နေရာချထားပေးပါတယ်။

(၁) မြို့တော်ခန်းမ ဆူးလေပတ်ဝန်းကျင်မှာ တပ်ရင်းတရင်း
(၂) အင်းစိန် ဘီပီအိုင်၊ အာအိုင်တီမှာ တပ်ရင်းတရင်း
(၃) အသံလွင့်ရုံ၊ ၈မိုင်လမ်းဆုံမှာ တပ်ရင်းတရင်း
(၄) တောင်ဥက္ကလာ၊ မြောက်ဥက္ကလာမှာ တပ်ရင်းတရင်း
(၅) သာကေတမှာ တပ်ရင်းတရင်း သတ်မှတ်ထားပြီး အောင်ဆန်းကွင်း၊ သုဝဏ္ဏကွင်း၊ ကျိုက္ကဆံကွင်းများကို စစ်ဒေသမှူး၊ ဗျူဟာမှူးများ နေရာချထားပေးပါတယ်။ အဲဒီတပ်များဟာ မြို့နယ်အလိုက် တာဝန်ယူရပါတယ်။

မိမိတပ်ရင်း တာဝန်ကျတဲ့ မြို့နယ်အလိုက် ကားနဲ့ တနေကုန်လှည့်ပေးရပြီး တပ်ခွဲတခွဲမှာ စစ်ကားကြီး (၃) စီးတွဲ၊ ကားပေါ်မှာ မိုက်တလုံးစီချိတ်၊ ကားဘေးဘယ်ညာ သံဆူးကြိုးခွေ (၂) ခွေစီ ချိတ်ဆွဲထားပါတယ်။ ဒီသံ ဆူးကြိုးခွေဟာ လူထုအုံကြွတဲ့အခါ လူထုအလယ်မှာ ကားမောင်းသွားပြီး သံဆူးကြိုးခွေ ဖြေချဖို့ဖြစ်ပါတယ်။

နောက်ပြီး တပ်ရင်းအလိုက် နေ့၊ ည လူထုနှိမ်နှင်းဖို့၊ ရိုက်နှက်ဖို့၊ ပစ်ခတ်ဖို့ သင်တန်းတက်ရပါတယ်။ အဲဒီသင် တန်းတက်တဲ့အခါ အဓိက ပစ်ခတ်ရေး၊ ရိုက်နှက်ရေးမှာ တိုင်းရင်းသားလူမျိုး စစ်သည်တွေကို ရွေးချယ်ပြီး၊ ပစ်ခတ်ရိုက်နှက်လို့ သေကြေ ဒဏ်ရာရသူများကို ဗမာလူမျိုးစစ်သည်တွေက လူနာကောက် ကားပေါ်ပစ် တင်ဆိုပြီး တာဝန်ပေးထားပါတယ်။ အဲဒီစတင်ပစ်မိန့်ပေးတဲ့နေ့မှာ မြို့တော်ခန်းမနဲ့ ဆူးလေဘုရားတဝိုက် လူထုတွေ ရာနဲ့ချီသေပြီး ဒဏ်ရာရသူများကိုလည်း မသေမရှင် ကားပေါ်ပစ်တင်၍ တာမွေသင်္ချိုင်းမှာ ပေ ၅၀ ပတ်လည် ဘူဒိုဇာနဲ့ တူးထားတဲ့ ကျင်းထဲကို သွန်ချပါတယ်။ အဲဒီထဲမှာ မသေတဲ့လူလည်း အများကြီး ကျင်း ထဲသွန်ချပြီး ဘူဒိုဇာကားကြီးနဲ့ မြေဖို့ပါတယ်။ အဲဒီကျင်းထဲမှာ လူထောင်နဲ့ချီရှိတယ်လို့ ပြောပါတယ်။ အဲဒီနား မှာ တပ်ခွဲတခွဲ ပတ်လည် စောင့်နေရပါတယ်။

အသံလွင့်ရုံနားမှာလည်း ပစ်ခတ်လို့ သေကြဒဏ်ရာရကြတာ အများကြီးပါပဲ။ အင်းစိန် ဘီပီအိုင်၊ အာအိုင်တီ မှာလည်း အဲဒီလိုပဲ ပစ်ရပါတယ်။ တောင်ဥက္ကလာပ၊ သာကေတ ကုန်းကျော်တံတား၊ သာကေတ ကျောက် တိုင်အနီး၊ သံလျင်တံတား၊ မြောက်ဥက္ကလာ န၀ဒေးလမ်းဆုံ၊ မြောက်ဥက္ကလာ ကုန်းကျော်တံတား၊ သင်္ဃန်း ကျွန်းစံပြဈေး အနားတဝိုက် …။ အဲဒီနေရာတွေ အားလုံးဟာ လူထုတွေ သေကြေ၊ ဒဏ်ရာရသူ အများဆုံး ပစ်ခတ်မှုအများဆုံး နေရာတွေ ဖြစ်ပါတယ်။ သွားသွန်တဲ့ နေရာကတော့ အဲဒီတနေရာပဲ သိပါတယ်။

အဲဒီ ၈၈ လူထုဆန္ဒပြပြီး ပစ်ခတ်ဖြိုခွင်းတဲ့ အချိန်မှာ တပ်မှူးတွေက ဒဏ်ရာရတဲ့ လူထုတွေ၊ သေတဲ့ လူထု တွေဆီမှာ ပါလာတဲ့ ငွေတွေ၊ လက်စွပ်တွေ၊ ဆွဲကြိုးတွေ၊ နားကပ်တွေကို သူနဲ့ရင်းတဲ့ ရဲဘော်တွေကို အတင်း ဖြုတ်ခိုင်းပါတယ်။ တချို့တပ်မှူးတွေဆို ရွှေတွေ ငွေတွေအများကြီး လူထုထံက လုယက်ဖြုတ်ယူတာ တွေ့မြင် ရပါတယ်။ အရေးအခင်းကာလမှာ နေ့ညလမ်းပေါ်မှာ လူ (၅) ယောက်ထက် မစုရ၊ (၅) ယောက်ထက်စုပြီး စကားပြောမိရင် ချက်ချင်းဖမ်း၊ ကားပေါ်ခေါ်တင်၊ ရဲစခန်းပို့၊ အမှုဖွင့်၊ ငွေဒဏ်ရိုက်ပါတယ်။

၁၉၈၈ ခုနှစ် ၁၂ လပိုင်းလောက်မှာ ကျနော့်တို့တပ်မက ကျန်တဲ့ (၅) ရင်းပေါင်းပြီး ပထမ (၅) ရင်းကို သွားချိန်း ပေးရပါတယ်။ အဲဒီအချိန်မှာ ရန်ကုန်မြို့မှာ နည်းနည်းတော့ ငြိမ်သွားပါပြီ။ အဲဒီအချိန်ရောက်တော့ ရန်ကုန် မှာရှိတဲ့ လူထုတွေ ၂၂ ဆိုတဲ့ ဘက်တံဆိပ်ကိုတွေ့ရင် အလိုလိုနေရင်းနဲ့ ကြောက်နေကြပါတယ်၊ နောက်ပြီး တော့ မုန်းလည်းမုန်းကြပါတယ်။

ကျနော်တို့တပ်တွေဟာ ဆန္ဒပြတဲ့အချိန်က ဘယ်နားမှာ အများဆုံးဖြစ်သလဲ၊ ဘယ်ရပ်ကွက်မှာ အများဆုံး ဖြစ်သလဲ၊ ဘယ်နားမှာ လူဆိုးတွေများသလဲ၊ အရက်သမားများသလဲ။ အဲဒါကို စစ်ကားကြီးနဲ့ တလမ်းဝင် တလမ်းထွက် လိုက်ပတ်ခိုင်းပါတယ်။ သွားတဲ့အချိန်မှာ ရဲဘော်ကိုယ်စီ ဒိုင်းတခုစီ၊ နံပတ်ဒုတ်တချောင်းစီ ပေးထားပါတယ်။ စစ်ကားဖြတ်သွားတဲ့အချိန် လမ်းပေါ်မှာ မူးနေတဲ့လူတွေ တွေ့ရင်၊ ကားနားဖြတ်လာတဲ့ လူတွေတွေ့ရင် ဆင်းရိုက်ခိုင်းပြီး မေးမြန်းမှုမရှိ ကားပေါ်ခေါ်တင် ကြိုးနဲ့တုပ် စစ်ဆေးမှုမရှိ ရဲစခန်းအချုပ်ထဲ သွားထည့်ပါတယ်။ တချို့အရပ်သားတွေဆိုရင် ဘာမသိ ညာမသိ အဖမ်းဆီးခံရ၊ အရိုက်နှက်ခံရ၊ အချုပ်ခံရ ပါတယ်။ တချို့ဆို ကြည့်လို့မရရင် ဘာအပြစ်မှမရှိဘဲ အရိုက်နှက်ခံ အထိုးကြိတ်ခံရတယ်။

လူကြီးဆိုတဲ့လူဟာ ရဲ၊ ရဝတတွေနဲ့ ညှိနှိုင်းပြီး ဘာမှမဖြစ်တဲ့ လူထုတွေကို ဖမ်းဆီးအမှုဖွင့်၊ လူထုထံက ဘယ် လောက်ကုန်ကျတယ်ဆိုပြီး ညှိ ငွေတောင်းတယ်၊ ပြီးတော့ မျှဝေယူတယ်။ ဒါကို ကျနော်တို့ အောက်ခြေတွေ အားလုံးသိတယ်၊ ပြောပိုင်ခွင့်မရှိ၊ မပြောရဲပါဘူး။ နောက်ပြီး ညတိုင်း ညတိုင်း ကျနော်တို့အောက်ခြေတွေပဲ အိပ်ရေး ပျက်ရပါတယ်။ ရပ်ကွက်အလိုက် တအိမ်ဝင် တအိမ်ထွက် ဧည့်စာရင်း စစ်ခိုင်းပါတယ်။

တပ်ခွဲမှူးလုပ်တဲ့ လူဟာ ရဝတရုံးမှာ သောက်စား၊ ပျော်ပါးပြီး အောက်ကငယ်သားတွေကို ဒီည လူဘယ်နှစ် ယောက် ဖမ်းလာခဲ့ဆိုရင် ရအောင်ဖမ်းလာရတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ မပြည့်မချင်း မိုးလင်းအောင် ဧည့်စာရင်း စစ်ရတယ်။ ဧည့်စာရင်း စစ်တာက နာမည်ခံပါပဲ၊ အပြစ်မရှိတဲ့ လူထုတွေကို လိုက်ဖမ်း ဒဏ်ငွေ တောင်းပြီး ပြန်လွှတ်တာပဲ ဖြစ်ပါတယ်။ အဲဒီနေရာမှာ ရဝတ က သူကြည့်မရတဲ့ လူတွေ၊ စားနိုင်သောက်နိုင် တဲ့ လူတွေကို မှတ်ထားပြီး တပ်ခွဲမှူးလုပ်တဲ့သူကိုပြော၊ ဒါကို အောက်ခြေကို သွားဖမ်းခိုင်း၊ အမှုဖွင့်၊ ဒဏ်ငွေ တောင်းပြီး ပြန်လွှတ်၊ ဒီလိုပဲ လုပ်နေတာပါပဲ။ တပ်ရင်းမှူးလုပ်တဲ့လူက ဒီတလအတွင်းမှာ တပ်ခွဲမှူးတွေ ငွေဘယ်လောက် ရှာပေးရမယ်၊ ဘယ်လောက် အပ်ရမယ်၊ သတ်မှတ်ထားပါတယ်။

ကျနော့်တို့တပ်ရင်းတွေ ရန်ကုန်ရောက်တော့ ဆန္ဒပြရင် ဖြိုခွင်းဖို့ဆိုပြီး ဖြိုခွင်းရေးသင်တန်း တက်ရပါတယ်။ ပထမအကြိမ် တပ်ရင်းက တပ်ခွဲလိုက် ထုတ်နုတ်အင်အား ထုတ်နုတ်ပြီး အင်းစိန် အာအိုင်တီကျောင်းဝင်းမှာ (၇) ရက်တိတိ တက်ရပါတယ်။ အဲဒီသင်တန်းမှာ ပစ်ခတ်တဲ့ (၁၀) ယောက်အဖွဲ့ (၃)ဖွဲ့၊ တယောက်နဲ့ တ ယောက် (၂) လံကွာ၊ ရှေ့ဆုံး (၁၀) ယောက်က ရပ်ပစ်၊ ဒုတိယ (၁၀) ယောက် ဒူးထောက်ပစ်၊ တတိယ (၁၀) ယောက် မှောက်ပစ်၊ အဲဒီ (၁၀) ယောက်နောက်မှာ စစ်ကားကြီး (၃)စီး တစီးနဲ့ တစီး (၃)လံကွာ တန်းစီရပ်ပြီး ကားပေါ်မှာ စက်လတ်တလက်စီ တင်ထားပါတယ်။ ပစ်တဲ့နေရာမှာ ပထမတန်း ကျည်တဘောက်စီ မတ်တပ် ရပ် ပစ်ပြီးတာနဲ့ ဒုတိယတန်း ရှေ့ကိုပြေးတက်ပြီး နေရာယူ ဒူးထောက်ပစ်ခိုင်းပါတယ်။ တတိယတန်း မှောက် ပစ်အဖွဲ့လည်း အဲလိုပါပဲ။ ပြီးတာနဲ့ ကားပေါ်ရှိ စက်လတ်အဖွဲ့ ပစ်ဖို့ဖြစ်ပါတယ်။

အဲဒီနောက်မှာ ပစ်ခတ်လို့ ဒဏ်ရာရ၊ သေကြေတဲ့ လူထုမှန်သမျှအတွက် မြေကြီးသယ်တဲ့ ကားကြီး (၅) စီးရပ် ထားပြီး သေကြေ၊ ဒဏ်ရာရသူမှန်သမျှ ကားပေါ်ပစ်တင်ရန် ကားတစီးမှာ ရဲဘော် (၁၀) ယောက်စီ အသင့် တင်ထားပါတယ်။

ပထမအကြိမ် အဲဒီသင်တန်းကို အာအိုင်တီကျောင်းဝင်းမှာ တက်ပြီး ဒုတိယအကြိမ် သုဝဏ္ဏကွင်းမှာ အဲဒီလိုပဲ ပြန်တက်ရပါတယ်။ နောက်ပြီး တပ်ရင်းတိုင်း တပ်ခွဲတိုင်းမှာ အနီးကပ် တိုက်ခိုက်ဖို့ တိုင်ကွမ်ဒို၊ ကရာတေး၊ ကရာတေးဒို၊ ဂျူဒို ဆိုတဲ့ အနီးကပ် တိုက်ခိုက်ရေးသင်တန်း တက်ခိုင်းပါသေးတယ်။ အဲဒီအချိန်မှာ ရဲဘော်တွေ ဘယ်ပဲသွားသွား သေနတ် အီကွစ်မင့် အပြည့်အစုံ၊ ဒိုင်းတခု၊ နံပါတ်တုတ်၊ ဖိုင်ဘာဦးထုပ်၊ လှံစွပ် နေ့စဉ်အသင့် ပြင်ခိုင်းထားပါတယ်။

အဲဒီအချိန် ရဲဘော်တဦးစီ တပ်ဆင်မှုမှာ ကျည်ဆံ ၂၅၀ တောင့်၊ ဘောက် ၅ ဘောက်၊ လှံစွပ်တချောင်း၊ လက်ပစ်ဗုံးတလုံးစီနဲ့ နိုင်လွန်ကြိုးခွေတချောင်းစီတို့ ကိုယ်စီတပ်ဆင်ပေးထားပါတယ်။ ဧည့်စာရင်းစစ်တာ အကြောင်းပြ၊ အချိန်မတော် အိမ်ပေါ်တက်၊ အိပ်နေတဲ့ မိသားစုခြင်ထောင်ကို အတင်းဆွဲလှန်၊ တချို့မိသားစု တွေဆို ဖင်ပေါ်ခေါင်းပေါ်၊ တချို့တပ်မှူးတွေဆို သက်သက်မဲ့ ဧည့်စာရင်း အကြောင်းပြပြီး လူထုတွေကို ဒုက္ခ ပေးခဲ့ကြပါတယ်။

တချို့ရဲဘော်တွေ တပ်မှူးတွေဆို အဲသလို အိမ်တွေပေါ်မှာ လှပပြီး မျက်နှာသစ်တဲ့ ပစ္စည်းတွေတွေ့ရင် အိမ် ရှင် မသိအောင် ခိုးယူသွားသေးတယ်။ ဒါကို ကျနော်တို့က တိုင်းရင်းသား ရဲဘော်တွေဆိုတော့ ဘာကိုမှ ပြန်မ ပြောရဲဘဲ နည်းနည်းပြောသံထွက်ခဲ့ရင် ပါးရိုက်ခံရပါတယ်။ အဲဒီအချိန်မှာဆို လူကြီးတွေ အဆင့်လိုက် စီးပွား ဖြစ် လူထုအပေါ် အမြတ်ထုတ်၊ အောက်ခြေအဆင့် ဘာမသိတဲ့ ရဲဘော်တွေကို အမိန့်ပေးခိုင်းနေပါတယ်။ ဒါကို လူထုအများစုက နားလည်ကြပါတယ်။ အောက်ခြေကို လူထုတွေက သနားကြပါတယ်။ ကျနော်ဆို တချို့လူ ထုတွေနဲ့ မိဘရင်းလို ရင်းနှီးခဲ့ပါတယ်။ ဒီလိုအလုပ်မျိုး မလုပ်ချင်ဘဲ လုပ်နေရတယ်ဆိုတာ အားလုံးရှင်းပြလို့ လူထုများလည်း သဘောပေါက်ကြပါတယ်။

အဲဒီတုန်းကဆိုရင် အထက်လူကြီးတွေ ခိုင်းတိုင်း၊ ပြောတိုင်း လုပ်နေရတာကို မလုပ်နိုင်ဘူး ငြင်းဆန်ခဲ့ရင် ရိုက်နှက်ပြီး ထောင်ထဲချက်ချင်း ထည့်ခံရပါတယ်။ ဒါမှမဟုတ် တောထဲရှေ့တန်း အပို့ခံရပါတယ်။ သာကေတ ကျောက်တိုင်ကနေ ကုန်းကျော်တံတားဘက်အတက်မှာ ဘုန်းကြီး (၂)ပါးနဲ့ အဲဒီနောက်မှာ လူထု (၁၀)ယောက် လောက် အေးအေးဆေးဆေး လာနေတဲ့ဟာကို တပ်မ ၂၂ ကပဲ ပစ်သတ်ခဲ့ပါတယ်။

အရေးအခင်းကာလမှာ လူထုကို ပစ်တာကို စစ်မြေပြင်မှာ တိုက်တာထက် သူတို့ပျော်ကြပါတယ်။ ဒါကြောင့် မို့လို့ တချို့တပ်မှူးတွေ ရဲဘော်တွေဆို လူထုကိုကြည့်ပြီး မျက်ရည်ကျခဲ့ရပါတယ်။

အဲဒီအချိန်ကဆို လူထုအပေါ် အနိုင်ကျင့်ချင်တိုင်း ကျင့်နေပါတယ်။ ဒီအပြုအမူဟာ ရန်ကုန်မြို့် အရေးအခင်း ကာလ တာဝန်ကျနေတဲ့ တပ်ရင်းတိုင်းလိုလိုပါပဲ။ တချို့တပ်မှူးတပ်သားတွေဟာ လူထုအပေါ် အနိုင်ကျင့်၊ အမြတ်စားဆိုတဲ့လုပ်ရပ်တွေကို လုံးဝလက်မခံတာ အများကြီးရှိပါတယ်။ တချို့တပ်မှူးငယ်တွေဆို မကောင်း တဲ့ လုပ်ရပ်တွေကို တားမြစ်လို့ ပါးရိုက်ခံရပြီး အရေးယူခံရတာ ရှိသေးတယ်။

၈၈ ခုနှစ်ကုန်တဲ့ အချိန်ထိ အင်းစိန် အာအိုင်တီကျောင်း အုတ်နံရံမှာ ကျည်ဆံထိထားတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ သွေးကွက်တွေ ခြောက်ကုန်ပြီး ရေနဲ့မဆေးထားပါ။ အရေးအခင်းကာလမှာ နအဖပြောတာက သေတဲ့ လူဦးရေ ၃၀၀၀ လောက်သာ ဖော်ပြပေမယ့် တကယ်သေသူတွေရော မသေမရှင် လူတွေကိုပါ ကျင်း ထဲကို ကားနဲ့သွန်ချတာ သောင်းဂဏန်းလောက် ရှိပါတယ်။

ဆရာကံ (တပ်မ ၂၂)

1 comment:

lumone said...

အဖြစ်ပျက်များက နှစ် 20 ပြည့်ပြီဆိုပေမဲ့ လုံးဝမေ့လို့မရနိုင်ပါ..ဒီလို စာတွေပြန်ဖတ်ရလေ ..ဟစ်တလာ ထက်ဆိုးတဲ့ စစ်တပ်ကို နာကြည်းလေပါဘဲ..