Saturday, August 23, 2008

ရေလည်းမနောက်စေချင် ငါးလည်းမမူးစေချင်

ခန့်အောင်
(နေ့သစ်ဝက်ဘ်ဆိုက်မှ ကူးယူဖော်ပြသည်)

ကျနော် အိမ်ထောင်ကျတော့ ကျနော့်အသက်က ၂၅ နှစ်။ အခုဆိုရင်ပဲ သားကြီးက ၁၂ နှစ်တောင်ရှိပြီ။ ၄ တန်း တက်နေတယ်။ ကျနော်ကတော့ အဖွဲ့အစည်းက တာဝန်ပေးချက်နဲ့ မြို့ပေါ်မှာ နေရတယ်။ တခါတလေ လောက်ပဲ မိန်းမနဲ့ ကလေးတွေနေတဲ့ရွာကို ပြန်ရောက်ဖြစ်တယ်။ မြို့နဲ့ရွာကို ဆိုင်ကယ်နဲ့ အသွားအလာလုပ် ရတယ်။ သွားရလာရ လွယ်ကူအောင် ဆိုင်ကယ်တစီးလည်း ၀ယ်သုံးရသေးတယ်။ မြို့ကအလုပ်တွေ တာဝန် တွေကို လုပ်နေရတယ်ဆိုတော့ ရုံးနဲ့၊ ဖုန်းနဲ့၊ ကွန်ပြူတာ အင်တာနက်နဲ့ပေါ့ဗျာ။

မြို့မှာ ရုံးအဖြစ်နဲ့ အိမ်တလုံးလည်း ငှားထားရသေးတယ်။ ငှားနေတဲ့ အိမ်က အိပ်ခန်းနှစ်ခန်း၊ ဧည့်ခန်း၊ ထမင်း စားခန်း၊ ရေချိုးခန်း၊ ဘိုထိုင်အိမ်သာခွက်ပါတဲ့ အိမ်သာခန်းလည်း ပါသပေါ့။ မနေနိုင်မထိုင်နိုင်နဲ့ အိမ်ရှေ့မှာ လည်း ဂမုန်းပင်တွေ၊ ပန်းပင်တွေ စိုက်ထားလိုက်သေးတယ်။ ကိုယ်ငှားနေတဲ့အိမ်ကို အပြင်ကနေ လူစိမ်းတ ယောက်ကြည့်တဲ့ အကြည့်မျိုးနဲ့ တခါမှ ဂရုတစိုက် ပြန်မကြည့်မိခဲ့ဖူးပါဘူး။ တခါတလေ ဧည့်သည်တွေ လာ လည်ရင် အိမ်ရှေ့ဆင်ဝင်အောက်မှာ ဆိုင်ကယ်တွေ စက်ဘီးတွေ သုံးလေးစီး ဖြစ်နေတတ်သေးတယ်။ တခါ တရံ ဧည့်သည်လာလည်တဲ့အခါ ကားငှားရမှာ စိုးရိမ်တဲ့ ကျနော့်မိတ်ဆွေတချို့ ကားကို ကိုယ့်အိမ်ကိုယ် မထား ကြဘဲ ကျနော်တို့အိမ်မှာ လာထားတဲ့ အခါမျိုးလည်း ရှိတတ်သေးတယ်ပေါ့။

လမ်းထဲက စက်ချုပ်ရုံမှာအလုပ်လုပ်နေတဲ့ အလုပ်သမတွေကတော့ အိမ်ရှေ့ကဖြတ်သွားတိုင်း အိမ်ကို ကြည့် ကြည့်သွားကြတယ်။ သူတို့က ကျနော်တို့လို ဗမာပြည်သားတွေ။ ဟိုဘက်မှာ လုပ်ကိုင်စားရတာ အခြေအနေ မ ကောင်းလို့ ဒီဘက်မှာ အလုပ်လာလုပ်နေကြတာ။

အိမ်ရှေ့က ဖြတ်လျှောက်သွားတဲ့ အလုပ်သမတွေက မနက်ဆိုရင် ရှစ်နာရီ၊ နေ့လည် ဆယ့်နှစ်နာရီ၊ ညနေ လေးနာရီ ခြောက်နာရီ အဲ့ဒီအချိန်တွေမှာ အမြဲပဲ ကျနော်တို့အိမ်ရှေ့ကနေ အလုပ်ဆင်းအလုပ်ပြန် ဖြတ်ဖြတ် သွားနေကျ။ ညဆယ်နာရီ ဆယ့်တစ်နာရီအချိန် သူတို့ဖြတ်သွားတဲ့ အသံတွေကို အိပ်ရာထဲကနေ ကြားနေကျ။

ကျနော်တို့အိမ်ကို တခါတလေ လာလည်တတ်တဲ့ ဧည့်သည်တယောက်လည်း ရှိသေးတယ်။ သူကတော့ အ သက် ငါးဆယ်လောက်ရှိတဲ့ အဒေါ်ကြီးတဦးပါ။ သံချေးတက်နေတဲ့ ဂျပန်လုပ် စက်ဘီးကိုစီးပြီး အိမ်ကိုလာ တတ်တယ်။ ကွမ်းကလည်း အမြဲဝါးတဲ့ပုံပါပဲ။ သူလာပြီဆိုရင် ကြားနေကျအသံကတော့ …

“ဆရာတို့ ပုလင်းတွေရှိလား” တဲ့။

သူမေးတာက ပုလင်းတခုတည်းကို မေးတာမဟုတ်ဘူး။ ကျနော်တို့အိမ်က စွန့်ပစ်မယ့် ပစ္စည်းအမှိုက်တွေထဲက အမှိုက်စက်ရုံကို ပြန်ရောင်းလို့ရတဲ့ ပစ္စည်းတွေကို ယူလို့ရမလားဆိုတဲ့ အဓိပ္ပါယ်ပါ။ စွန့်ပစ်မယ့် ပစ္စည်းတွေထဲ သူစိတ်ဝင်စားတာတွေကတော့ စက္ကူဖာ အစုတ်အပြဲ၊ စက္ကူစုတ်၊ အရက်ပုလင်း၊ ဘီယာပုလင်း၊ ပလပ်စတစ် ဘူးခွံ။ အဲဒီပစ္စည်းတွေကို တောင်းလို့ရတာတောင်းတယ်၊ လမ်းထောင့်တွေမှာ ထောင်ထားတဲ့ အမှိုက်ပုံးတွေ ကို အားရပါးရ ရှာဖွေမွှေနှောက် ကောက်လို့ရတာကောက်တယ်။ ဒါတွေကို စုပြီး အမှိုက်စက်ရုံမှာ အလေးချိန်နဲ့ ပြန်ရောင်းတယ်။ အဲဒီက ရတဲ့ငွေနဲ့ ရပ်တည်စားသောက်နေကြတယ်လေ။ တခါတလေ ဈေးထဲမှာ သွားရင်း လာရင်းနဲ့ အဲဒီအဒေါ်ကြီးကို လင်ဗန်းတခု ရှေ့ချပြီး ထိုင်နေတာမျိုးလည်း တွေ့ရတတ်တယ်။ လင်ဗန်းထဲမှာ တော့ ကျနော်တို့နေတဲ့ ရပ်ကွက်ဘေးက ရေအိုင်တွေ၊ လယ်တွေထဲက လယ်ခရုလုံးတွေကို အခွံခွာ အပုံလေး တွေပုံပြီး ထိုင်ရောင်းနေတာ။ တခါက သူ့ကို ကျနော် မေးကြည်ခဲ့ဖူးတယ်။

“ဘာအလုပ်လုပ်လဲ”လို့ မေးတော့ သူက ကျနော့်ကို ခပ်တည်တည်နဲ့ ဖြေတယ်။
“အရင်းမဲ့ စီးပွားရေးလုပ်ငန်း” တဲ့လေ။

ဒါ ကျနော်တို့အိမ်ကို လာလည်တတ်တဲ့ မိတ်ဆွေတယောက်အကြောင်းနဲ့ ရပ်ကွက်ထဲမှာ နေ့စဉ်မြင်တွေ့ ကြုံ ဆုံနေရတဲ့ မြင်ကွင်းတွေပေါ့ဗျာ။

ကျနော်က မြို့မှာ အိမ်နဲ့၊ ရုံးနဲ့ အတည်တကျလို ဖြစ်နေတယ်။ မြို့မှာ အနေများလာတယ်ဆိုတော့ မိသားစုနဲ့ အနေကျဲလာတယ်။ သားအကြီးကလည်း ဒီနှစ်ကျောင်းဖွင့်ရင် မြို့မှာ ကျောင်းနေချင်တယ် ပူဆာလာတာနဲ့ သူ့တယောက်လောက်နဲ့တော့ ကိစ္စမရှိလောက်ဘူးဆိုပြီး ဒီနှစ်တော့ သားအကြီးကောင်ကို မြို့ခေါ်ပြီး ကျောင်း ထားလိုက်တယ်။ ကျောင်းတက်တော့ လေးတန်းကနေ စတက်ရတယ်။ ကျောင်းသွားကျောင်းပြန်က တော့ ကျောင်းဖယ်ရီကားနဲ့ပေါ့။ မနက်လင်းတာနဲ့ သူ့ဟာသူ ထမင်းချက်၊ ဟင်းတထုပ်ဝယ်၊ ရေချိုး၊ ထမင်းစား၊ အ ၀တ်အစားလဲပြီး ကျောင်းကားလာရင် ကျောင်းသွားတယ်။ တခါတလေ ကျောင်းကားနောက်ကျရင် ကျနော် က အကြိုအပို့ လုပ်ပေးရတာလည်း ရှိတတ်တယ်။ ညနေ ကျောင်းကပြန်လာရင်လည်း ငါးနာရီလောက်မှ ပြန်ရောက်လာတတ်တယ်။ ရောက်တာနဲ့ ရေချိုး၊ အ၀တ်လျှော်၊ ထမင်းစားပြီး စာကျက်။ ဒီလိုနဲ့ အိပ်ချိန် ရောက်တော့တာပါပဲ။ စနေ၊ တနင်္ဂနွေနေ့တွေမှာ သူ့ကို ဆော့ချိန်လုပ်ပေးထားတယ်။ သူလည်း သူ့ဟာနဲ့သူ လည်ပတ်နေရောပဲ။

ရွာက သူ့အမေဆီ ကျနော်ပြန်တဲ့အခါဆိုရင် သူ့အတွက်မုန့်ဖိုးကို ရက်နဲ့တွက်ပေးခဲ့ပြီး ရုံးက ရဲဘော်တွေနဲ့ အပ် ခဲ့ပြီး ပြန်လာခဲ့ရတာပေါ့။ ဒါတောင် ဖုန်းခဏခဏဆက်ပြီး ရေချိုး၊ ထမင်းစား၊ အ၀တ်လျှော်၊ စာကျက်ဆို တာတွေကို လှမ်းလှမ်းမှာနေရသေးတယ်။

ကျနော်က အိမ်ကို တလတခေါက်လောက်တော့ ပြန်ဖြစ်တယ်။ တခေါက်တော့ ကျနော်မြို့ကို ပြန်ရောက်တုန်း ကျနော်တို့ ဥက္ကဋ္ဌနဲ့ သွားတွေ့ပြီး အခြေအနေလေး ဘာလေး မေးမြန်း။ ကိုယ့်အခြေအနေလည်း ပြောပြပေါ့။ စကားပြောနေကြရင်းနဲ့ စကားလမ်းကြောင်းက ကျနော့်သားဆီကို ရောက်သွားတယ်။ ဥက္ကဋ္ဌက ပြောတယ်။

“မင်းသားကွာ တော်တော်ဆိုးတဲ့ကောင်”

“ဒီကောင် တကယ်မလွယ်တဲ့ ကောင်ကွာ” ဟု ဥက္ကဋ္ဌက ညည်းပြောပြောတော့ ကျနော်လည်း ပူထူသွားတာ ပေါ့။ ဒီကောင် ဘာမွှေထားပြန်သလဲပေါ့။ ကျနော်က ပြန်မေးလိုက်တယ်။

“ဘာဖြစ်လို့လဲ ဥက္ကဋ္ဌ”

“မင်းသားလေ ငါ့ကို လူကြားထဲမှာ ဥက္ကဋ္ဌကြီးလို့ ခေါ်တယ်ကွာ၊ ငါကလည်း ဒီကောင်က ငါ့ကို ဥက္ကဋ္ဌလို့ခေါ် တယ်ဆိုတော့ ဒီကောင် တယ်ဟုတ်ပါလားပေါ့ စိတ်ထဲထင်နေတာ။ နောက်တအောင့်လောက် ကြာတော့မှ ဒီကောင် ဘာစိတ်ကူးပေါက်တယ် မသိဘူး။ ငါ့ကို ဥက္ကဋ္ဌကြီး ယောက္ခမကြီးလို့ ထပ်ခေါ်ပြီး ထွက်ပြေးသွား တယ်။ ဒီကောင်တော့ မလွယ်ကြောပဲဟေ့” ဟု ဥက္ကဋ္ဌ မှတ်ချက်ပေးလိုက်တယ်။ ကျနော်လည်း သွားလိုက်လာ လိုက်နဲ့ ကျနော်သားကို မျက်ခြည်ပြတ်သွားတယ်။ မြို့မှာနေပြီး ရပ်ကွက်ထဲမှာ ဒီကောင် အခြေအနေတိုးတက် နေတာ သတိမထားမိလိုက်ဘူး။

တနေ့တော့ သူကျောင်းသွားနေတုန်း သူ့အ၀တ်အစားထည့်တဲ့ အံဆွဲကို မွှေလိုက်တော့ စာတစောင် ထွက် လာတယ်။ စာက ကလေးလက်ရေးနဲ့ ရေးထားတဲ့ ကလေးရည်းစားစာပါ။ သေချာကြည့်လိုက်တော့မှ ကလေးမ လေးတယောက်က သူ့ဆီကို ရေးတဲ့စာ ဖြစ်နေတယ်။ စာထဲမှာ ကလေးမလေး ရေးထားတာတွေက ကလေး လက်ရေးဆိုတော့ အတော်ကလေး ဖတ်ယူရတယ်။ ရည်းစားစာတို့ ထုံးစံအတိုင်းပါပဲ။

“သို့”
“ဘယ်သူဘယ်ဝါ”
“ဘာညာ” နဲ့ အစချီထားတာပေါ့။ စာကို ကြိုးစားပြီး ဖတ်နေရင်းနဲ့ စာအလယ်လောက်ရောက်တော့ ကျနော် မျှော်လင့်မထားတဲ့ အရာတခု သွားတွေ့တယ်။ ကောင်မလေး ရေးတာက ...
“နင့်ကို ငါမချစ်နိုင်ဘူး” တဲ့
“ဘာဖြစ်လို့လဲဆိုတော့ နင်က သူဌေးသား” တဲ့
အဲဒီလို ကလေးမလေးက သုံးသပ်ပြီး ရေးထားတယ်။ ကျနော်လည်း စာကို ဖတ်နေရင်းနဲ့ ရယ်ရမလို၊ ငိုရမလို၊ ၀မ်းသာရမလို၊ သူဌေးအထင်ခံရလို့ ထပဲကရတော့မလို ဖြစ်သွားတယ်။

ကိုယ့်တာဝန်တွေ၊ အလုပ်တွေကို သွားလာလုပ်ကိုင်နေရင်းနဲ့ ကိုယ့်သား ဘာဖြစ်နေတယ်ဆိုတာ ပြန်မကြည့် ဖြစ်၊ သတိမထားဖြစ်မိခဲ့ဘူး။ ကျနော့်သား ကြိုက်နေတဲ့ ကလေးမလေးရေးတဲ့ ရည်းစားစာ၊ ပြန်စာဖတ်မိတော့ မှပဲ ဟ … ငါ သူဌေးဖြစ်နေပါပေါ့လားပေါ့။ စာကိုဖတ်ပြီး ဟိုးခပ်လှမ်းလှမ်းက လယ်ကွင်းတွေဘက်ကို လှမ်း ကြည့်လိုက်တော့ လယ်ကွင်းထဲမှာ ကလေးတအုပ် အိုင်ပက်ပြီး ငါးဖမ်းနေတာ တွေ့ရတယ်။ အိုင်ပက်လို့ ရေ နည်းသွားတော့ ကျန်တဲ့ရေအချို့နဲ့ ဗွက်တွေကို ရေထောက်တွေနဲ့ လိုက်ရမ်းမွှေနှောက်ကြပြီး ခေါင်းလေး တွေပေါ်လာတဲ့ ငါးတွေကို ကုန်းပေါ်ကို ဆယ်ဆယ်ပြီး ပစ်တင်နေကြတယ်။ ကျနော် သက်ပြင်းချလိုက်မိ တယ်။ ကျနော် ချလိုက်တဲ့ သက်ပြင်းရှည်ဟာ အဲဒီ ငါးပက်နေတဲ့ ကလေးတွေရဲ့ ဘ၀အမောကနေ တိုက် ရိုက်စီးဆင်းလာသလိုပဲ။ အင်း … ငါးကလေးတွေ ဆီကလည်း ဖြစ်နိုင်ပါတယ် …။ ။

ခန့်အောင်

3 comments:

saw kt oo said...

gegger, begger, begger

saw kt oo said...

begger, begger, thu daung sar tway

saw kt oo said...

gegger, begger, begger