Friday, August 8, 2008

မေ့မရတဲ့ ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ်

မနက်ဖြန် ၈.၈.၂၀၀၈ ဆိုရင် ရှစ်လေးလုံး အရေးအခင်း အနှစ်နှစ်ဆယ်ပြည့် နှစ်ပတ်လည် ဖြစ်ပြီပေါ့။ ၁၉၈၈ ခုနှစ်မှမွေးတဲ့ ကလေးတယောက်ဟာ လူလားမြောက် အရွယ်ရောက်တဲ့ အချိန်တောင် ရောက်နေပြီနော်။ ရှစ် လေးလုံး အရေးအခင်းမှာ အသက်ပေးခဲ့ရတဲ့ ကျောင်းသားပြည်သူတွေရဲ့ အရိုးတွေလည်း ဆွေးလို့။ ဒီအရေး အခင်းမှာ အသက်ပေး ဆုံးရှူံးခဲ့ရတဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းများလောက်သာ မမေ့နိုင်ဘဲ သတိရကြမယ် ထင်ရဲ့။ ၁၉၈၈ အရေးအခင်း မဖြစ်ခင်အထိ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရင်းရင်းနှီးနှီး မကြားခဲ့ဘူးတာ အ မှန်ပါ။ လူ့အခွင့်အရေးဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုလည်း သေသေချာချာ နားမလည်သေးပါဘူး။

ဒါပေမယ့် မိမိဆန္ဒကို ထုတ်ဖေါ်ပြသခဲ့ကြတဲ့ လက်နက်မဲ့ ပြည်သူ လူကြီးလူငယ် ကျောင်းသားကလေးသူငယ် တွေအပေါ်ကို လက်နက်နဲ့ ရက်ရက်စက်စက် လူမဆန်စွာ အင်အားသုံးပြီး သတ်ဖြတ်ခဲ့တဲ့ ရှစ်လေးလုံး မြို့ တော်ခန်းမရှေ့က လူသတ်ပွဲမှာတော့ ကျွန်မနဲ့ ကျွန်မမောင်လေး သီသီလေး လွတ်မြောက်ခဲ့သလို သေနတ် သံဆိုတာ ကြားတောင် မကြားဖူးရာက အမြောက်သံကိုပါ နီးနီးးကပ်ကပ် ကြားသိ ကြောက်လန့်ခဲ့ရပါတယ်။

ဘာကြောင့် ဒီလိုရက်ရက်စက်စက် လုပ်ခဲ့တာလဲ ဆိုတာကို အဖြေရှာ ကြည့်မိပါတယ်။ အာဏာကို မလွတ်တမ်း ဆုတ်ကိုင်ချင်တာကြောင့် ကိုယ့်တိုင်းသူပြည်သားတွေအပေါ် လူသတ်ပွဲ ကျင်းပခဲ့တဲ့အထိ ရက်စက်ခဲ့တဲ့ န၀တ အဖွဲ့ရဲ့ လုပ်ရပ်ကိုတော့ ကျွန်မဘယ်တော့မှ မေ့နိုင်တော့မှာ မဟုတ်တော့ပါဘူး။ မြန်မာနိုင်ငံသမိုင်းမှာ အင်မ တန်မှ ဆိုးသွမ်းတဲ့ ရက်စက်မှု အမည်းကွက်ကြီး တခုအဖြစ် ရှိနေဆဲပါ။ တကယ့်သမိုင်းကို ဘယ်လိုပဲ ကွယ် ပျောက်အောင် လုပ်ဦးတော့ တကယ်ဖြစ်ခဲ့တဲ့ သမိုင်းအဖြစ်ပျက်တခုဟာ ဘယ်တော့မှ မပျောက်ပျက်နိုင်ပါ ဘူး။

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် နေ့လည် ၂ နာရီကျော်လောက်မှာ ထောင်သောင်းချီတဲ့ လူကြီးလူငယ် ယောင်္ကျား မိန်းမ ပြည်သူလူထုပေါင်းစုံပါဝင်တဲ့ ဆန္ဒပြ သပိတ်မှောက်တဲ့ ပြည်သူတွေဟာ မြို့နယ်ပေါင်းစုံကနေ ရန်ကုန် မြို့လယ်ရဲ့ မြို့တော်ခန်မရှေ့ကို လူအများ လိုလားတောင့်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး တဖွဲဖွဲ ၀င်လာ ခဲ့ကြတယ်။ ရှစ်လေးလုံးနေ့မှာ လူထုသပိတ်တိုက်ပွဲ လုပ်ကြမယ်လို့ ကြားသိထားပေမယ့် ဒီလောက်ထိ ကြီးမား ကျယ်ပြန့်လိမ့်မယ်လို့ ထင်မထားပါဘူး။

မတ်လအရေးအခင်းမှာ ကျောင်းသားကိုဖုန်းမော် ကျဆုံးပြီးကတည်းက ဖွဲမီးလို တငွေ့ငွေ့လောင်ခဲ့တဲ့ ပြဿ နာကြောင့် ရန်ကုန်မြို့နယ် အနှံ့အပြားမှာ မကြာခဏ ဆန္ဒပြကြတဲ့ အဖြစ်တွေက ဆက်တိုက်ဆိုသလို ဖြစ်နေခဲ့ တာ ကြားသိနေပါတယ်။ ဒီလိုဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားတွေနဲ့ ပါဝင်ခဲ့တဲ့ ပြည်သူတွေကို လုံထိမ်းတွေက လမ်းထိပ်တိုင်းမှာ စောင့်ပြီး အကြမ်းပတမ်း ဖမ်းဆီးတာတွေ ကြုံတွေ့မြင်ခဲ့ရတော့ ရှစ်လေးလုံး လူထုသပိတ်ပွဲ ဟာ ဖြစ်ပါ့မလားလို့ တွေးမိခဲ့တယ်။ ဒါပေမယ့် ဒီလိုဖြစ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့်ရော တနေ့တခြား စားဝတ် နေရေး ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေကြရတဲ့ အများပြည်သူတွေရဲ့ အခက်အခဲတွေကြောင့်ရော အမှန်တရား အတွက် ဖိနှပ်ခံရပါများလာတွေကြောင့်ရော မခံနိုင်တော့ဘဲ ရုန်းကန်ပွင့်ထွက်လာကြတဲ့ အကျိုးဆက်တွေက ရှစ်လေးလုံး လူထုဆန္ဒပြပွဲကြီးအဖြစ် ဦးတည်ခဲ့တယ်လို့ ထင်ပါတယ်။

ဆူးလေဘုရားလမ်းပေါ်မှာ လိုလားတောင့်တချက်တွေကို ဟစ်ကြွေးပြီး ၀င်ရောက်လာတဲ့ လူထုကြီးကိုကြည့် ပြီး ကျွန်မတို့ သက်တမ်းတလျှောက် မဆလလက်ထက်မှာ အားလုံးကောင်းပါသည်ခင်ဗျားဆိုပြီး အမြဲတမ်းမြင် ခဲ့ ကြားခဲ့ရသမျှတွေဟာ အမှန်တရားကို ဖုံးကွယ်ထားတဲ့ အလိမ်အညာ မျက်နှာဖုံးကွာကျခဲ့တဲ့ အဖြစ်ကို တအံ့ တသြ မြင်တွေ့ခံစားမိပါတယ်။ နေ့လည်ကတည်းက ၀င်လာမစဲ တသဲသဲလို့ ဆိုရလောက်အောင် မြို့နယ် ပေါင်းစုံက ဆန္ဒပြလူထုတွေ ၀င်လာတာ အချိန်နဲ့အမျှပါပဲ။ ဆူးလေလမ်းမှာ ရှိနေတဲ့ တိုက်အထပ်တွေမှာ နေသူတွေက အပေါ်ကနေ လက်ခုပ်တီးပြီး အားပေးကြ၊ အောက်ထပ်မှာ နေကြသူတွေက သောက်စရာ ရေတို့ အစားအစာ မုန့်ပဲသားရေစာတွေ ကမ်းပေးကြသလို လမ်းဘေးမှာ ရပ်ကြည့်အားပေးသူတွေက ဆန္ဒပြတဲ့ အဖွဲ့ထဲ လိုက်သွားသူလိုက်သွား လက်ကိုင်ပုဝါကမ်းတဲ့သူက ကမ်းနဲ့ တဖွဲဖွဲ စွတ်ရုံရွာနေတဲ့ မိုးလေးမို့ လမ်းလျှောက်လို့ကောင်းရုံ ဖြစ်လေတော့ လူထုကြီးဟာ စည်စည်ကားကား တက်တက်ကြွကြွ ရှိနေလိုက်တာ၊ ဒီလောက်ညီညွတ်တဲ့ အင်အားနဲ့ ပြည်သူလူထုရဲ့ ဆန္ဒသဘောထားကို အုပ်ချုပ်သူတွေက သက်ညှာလိုက် လျောလိမ့်မယ်လို့ ယုံကြည်စိတ်ချနေခဲ့တယ်ထင်ရဲ့။ ကျွန်မကိုယ်တိုင်လည်း ဒီလိုပဲ ထင်ထားယုံကြည်မိတာပါ။

ဒီလိုနဲ့ မြို့တော်ခန်းမရှေ့မှာ လူတွေစုလာခဲ့ပါတယ်။ တရားဟောတဲ့သူ တချို့က ဟောကြပြောကြပါတယ်။ ညနေ ၆ နာရီလောက်ရောက်တော့ ဆန္ဒပြလူထုကြီးအတွက် မြို့ထဲမြို့နယ်တွေဖြစ်တဲ့ ကျောက်တံတား၊ ပန်း ဘဲတန်း စတဲ့မြို့နယ်တွေထဲကို ထမင်းထုပ် အလှူခံကြပါတယ်။ ကျောင်းသားတချို့နဲ့ မြို့ထဲရပ်ကွက်နေ လူခံ တွေက နှီးတောင်းတွေ ကိုယ်စီနဲ့ လမ်းတိုင်းတိုက်တိုင်းကို အလှူခံကြတော့ ၀မ်းသာအားရနဲ့ လှူလိုက်ကြ တာ၊ တောင်းကြီးတောင်းငယ်တွေ အပြည့်အမောက် စားစရာ ထမင်းထုပ် ငှက်ပျောသီး၊ သောက်စရာ ရေ ဆေး လိပ် အစရှိသဖြင့်ပေါ့။ ဆန္ဒပြလူထုနဲ့ ပြည်သူတွေ အဲဒီလိုဖြစ်နေတဲ့ အချိန်မှာပဲ ဆူးလေဘုရားလမ်းဘက်မှာ ဘီအမ် ဟီးနိုးတွေနဲ့ မာဇဒါ အီတူးသောင်ဇင် ကားတွေ အများအပြား ကားလမ်းနှစ်ဖက်စလုံးမှာ လာပြီး ရပ် ထားကြတယ်။ မြို့ထဲကို လိုင်းကားတွေ နေ့ခင်းကတည်းက မ၀င်တော့တာမို့ အဲဒီကားတွေပဲ ရှိနေတာပါ။

ညအချိန် ရောက်လာပါပြီ။ မြို့တော်ခန်းမရှေ့က လူထုကြီးထဲ တရားဟောနေဆဲ ဖြစ်သလို၊ မြို့ထဲနေသူတွေ ကလည်း ပွဲဈေးတန်း လမ်းလျှောက်လာသလို ကလေးလက်ဆွဲလို့လာတဲ့ မိသားစုတွေ လူကြီးလူငယ် လူရွယ် အစုံ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေတောင်မှ မြို့တော်ခန်းမရှေ့ကို လာကြည့်ကြတာ တွေ့နေရပါတယ်။ မြို့တော်ခန်းမရှေ့ တ၀ိုက်မှာသာမက အရှေ့ဖက်ဆိုရင် မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းလမ်းထိပ်ထိ၊ အနောက်ဖက်ဆိုရင် ရသာမုန့်တိုက်ကနေ မဂိုလမ်းထိပ်ထိ၊ မဟာဗန္ဓုလလမ်း လျှောက်လမ်းပေါ်မှာ လူတွေမှ အပြည့်ရှိနေပြီး ပဲခူးက ဆင်းလာမယ့်အဖွဲ့ ရှိတယ်ဆိုတဲ့ သတင်းကြောင့် အားလုံး စောင့်မျှော်နေကြပါတယ်။

လူတွေအားလုံးဟာ စစ်တပ်အနေနဲ့ တခုခုလုပ်လိမ့်မယ်ဆိုတဲ့ သံသယတောင်မရှိဘဲ ပွဲဈေးတန်း လျှောက်သ လို စိတ်အေးလက်အေး ရှိနေခဲ့ကြပါတယ်။ ဒီလိုနဲ့ ညဥ့်ကနက်လာပါတယ်။ ည ၉ နာရီကျော်တဲ့အထိ လာ ကြည့်တဲ့ သူတွေက သွားကြလာကြတုန်းပါပ။၊ ဆန္ဒပြလူထုကြီးဟာ သောင်းနဲ့ချီပြီး ရှိနေမယ်ထင်တယ်။ ည ၁၁ နာရီလောက်မှာ ကျွန်မနဲ့ ကျွန်မမောင်လေး မြို့တော်ခန်းမဘက် ထွက်ခဲ့ပါတယ်။ လူတွေက များလွန်းလို့ လူအုပ်ထဲဝင်ကြည့်ဖို့ မလွယ်တာနဲ့ ဆူးလေဘုရားနဲ့ မြို့တော်ခန်းမထောင့်မှာ ခဏရပ်ကြည့်ပြီး မဟာဗန္ဓုလ လမ်းနဲ့ ရသာမုန့်တိုက်ဖက် ထွက်လာကြပါတယ်။ ရသာမုန့်တိုက်ရှေ့ကနေ လှမ်းကြည့်လိုက်တော့ မဂိုလမ်း ထိပ်ထိ လူတွေအပြည့်နဲ့ လမ်းမကြီးကို မြင်လိုက်ရပါတယ်။ ပဲခူးက လာမယ့်အဖွဲ့ကို စောင့်နေကြတုန်းပါ။ ဒါနဲ့ မြို့တော်ခန်းမဘက် ပြန်လှည့်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ မြို့တော်ခန်းမထဲကနေ အသံချဲ့စက်နဲ့ သတိပေးနှိုးဆော်ချက်ကို ကြေညာနေပါတယ်။ အမြန် ဆုံး လူစုခွဲပေးကြပါ၊ သတိပေးခြင်းကို မလိုက်နာပါက စစ်တပ်က ပစ်ခတ်ပြီး လူစုခွဲရပါမယ်တဲ့။ လူထုကြီးက တော့ အဲဒီသတိပေး ကြေငြာချက်အတွက် နည်းနည်းမှ လှုပ်လှုပ်ရွရွ မဖြစ်ကြပါဘူး။ ကျွန်မတို့ရပ်နေတဲ့ အ ခိုက်မှာပဲ အဆက်မပြတ် ကြေညာနေပါတယ်။ ဒါနဲ့ ကျွန်မတို့မောင်နှမ အိမ်ပြန်ခဲ့ပါတယ်။ ကျွန်မက ဆူးလေမီး သတ်မှာ နေတာပါ။ ကျွန်မတို့ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ ည ၁၁ နာရီခွဲလောက်မှာ ဘရင်းကယ်ရီ ယာ အမြှောက်ကားတွေ စပြီးပစ်ခတ်လူစုခွဲပါတယ်။ ကျွန်မ မှတ်ထားသလောက်တော့ ၁၀ ချက်မကပါဘူး။ သူတို့ စပစ်တဲ့အချိန် ဆူးလေမီးသတ်မှာ မီးတွေမှောင်သွားပြီး တိုက်နံရံတွေတောင် တုန်ခါသွားတယ်လို့ ခံစားရပါ တယ်။ ဘယ်လိုအသံရယ်လို့ မသဲကွဲတဲ့ ဝေခွဲလို့မရတဲ့ အသံတွေ ဆူညံကုန်ပါတယ်။

တနေ့လုံး လူတွေဆန္ဒပြနေပေမယ့် လမ်းမီးတိုင် မီးပွိုင့် အဆောက်အဦး ဘာတခုမှ အဖျက်အဆီး အတိုက်အ ခိုက် မလုပ်ခဲ့ပါဘူး၊ သူတို့ ဒီလိုလူစုခွဲလိုက်တော့မှ ထွက်ပြေးရင်း မီးပွိုင့်တွေရိုက်ခွဲကြ ခဲတွေနဲ့ ပေါက်ကြ မီးရှို့မယ်လို့ အော်ကြဟစ်ကြနဲ့ ယုတ်မာရက်စက် အကြမ်းဖက်တဲ့ စစ်တပ်ကို တုန့်ပြန်ကြတယ်၊ ၁၁ နာရီခွဲနဲ့ ၁၂ နာရီကြားမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေပါ။ တညလုံး အိပ်လို့ မရတော့ပါဘူး။ မီးတွေ ပိတ်ထားပေမယ့် ဆူးလေလမ်းပေါ်မှာ ဆန္ဒပြသူတွေ အော်ဟစ်သံတွေ လက်ခုပ်တီးသံတွေ လက်ခေါက်မှုတ်သံတွေ စစ်တပ်ကို အော်ဟစ်သံတွေကို တညလုံး ကြားနေရပါတယ်။

မြို့တော်ခန်းမရှေ့မှာ ပစ်ခတ်ခံရလို့ ဒဏ်ရာရသူတွေ သေသူတွေ အားလုံးရောထွေး သိမ်းကြုံးပြီး ညတွင်း ချင်း ကြံတောကို သယ်ယူသွားပြီး မီးရှို့ပစ်တယ်လို့ သိကြရပါတယ်။ စည်ပင်သာယာက မီးသတ်ကားတွေနဲ့ မြို့တော်ခန်းမရှေ့က သွေးချောင်းစီးခဲ့တဲ့ နေရာကို ဆေးကြောသုတ်သင်ပစ်ကြတယ်။ နံနက်လင်းတဲ့အခါ ခြေ ရာလက်ရာ မကျန်အောင် အပြတ်ရှင်းကြပါတယ်။ ရှစ်လေးလုံးည ရန်ကုန်မြို့လယ်မှာ လုပ်ခဲ့တဲ့ စစ်တပ်ရဲ့ လူ သတ်ပွဲအစပေါ့။

ကျွန်မအောက် မောင်လေးနဲ့ သူ့သူငယ်ချင်း သုံးလေးယောက်ဟာ မြို့တော်ခန်းမရှေ့ လူအုပ်ထဲကနေ အ သက်လုပြီး ပြေးခဲ့ရပါတယ်။ မြို့တော်ခန်းမရှေ့ကို လေးဖက်လေးတန်ဝိုင်းပြီး ပြေးပေါက်မရှိအောင် ပစ်တာမို့ အသက်လုပြီး ပြေးကြရတာပါ။ ရေမြောင်းတွေဘက် လှိမ့်ချပြီး ဗဟိုတရားရုံး ခြံစည်းရိုးသံတိုင်တွေကို ကျော် ပြီး ပြေးခဲ့ရတာမို့ ဒဏ်ရာဒဏ်ချက်တွေနဲ့ နောက်တနေ့မနက်မှာ ပြန်ရောက်လာခဲ့ပါတယ်။

နောက်တနေ့ ၉.၈.၈၈ နေ့မှာလည်း ဆက်လက်ပစ်ခတ် နှိမ်နှင်းတာပါပဲ။ ဆန္ဒပြသူတွေကလည်း ဆက်လက်ပြီး ပြနေဆဲမို့ အားပေးတဲ့ ပြည်သူတွေကလည်း လက်ခုပ်တီး အားပေးတုန်းပါ။ စစ်တပ်ကလာရင် ပြေးလိုက် အော်လိုက်နဲ့ပေါ့။ နေ့လည် ၁ နာရီလောက်မှာ အနော်ရထာလမ်းမပေါ်က ဆန္ဒပြလူစုကို စစ်တပ်က ဆူးလေနဲ့ အနော်ရထာလမ်းထောင့်က ပွိုင့်မှာ နေရာယူပြီး လူအုပ်ထဲကို ပစ်လိုက်တာ တယောက်ထိပြီး သေဆုံးပါတယ်။ အဲဒီလောင်းကို မီးပွိုင့်ထောင့် ကြက်လျှာစွန်းမှာ ဆွဲယူထားပြီး အတော်ကြာမှ စစ်ကားပေါ်ပစ်တင်ပြီး အ လောင်းကို သယ်သွားပါတယ်။

အဲဒီရက်ပိုင်းတွေမှာတော့ ပစ်လိုက်သတ်လိုက်တာ ဗုဒ္ဓဘာသာ ထွန်းကားကိုးကွယ် ယုံကြည်တဲ့ မြန်မာပြည်မှ ဟုတ်ရဲ့လားတောင် မသိတော့ပါဘူး။ ကိုယ့်အာဏာနဲ့ ရာထူးမြဲဖို့အတွက် အမှန်တရားကို မျက်ကွယ်ပြု လူအများဆ္ဒကို လက်မခံ လက်နက်မဲ့ ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့တဲ့ စစ်တပ်အာဏာပိုင်တွေကို လူတွေမှ ဟုတ်ပါရဲ့လားလို့ တွေးမိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတာနဲ့ န၀တ အဖွဲ့ဖွဲ့ပြီး ညတိုင်း သတင်းကြေညာတိုင်း ဥပဒေတွေ တခုပြီးတခုထုတ် မဟုတ်တာတွေ နေ့တိုင်းပြော ဒါတင်မကသေးဘူး၊ တရားဥပဒေအထက်မှာ သူတို့နေပြီး အာဏာကို မတရားဆုပ်ကိုင်၊ ကိုယ့်တိုင်းသူပြည်သားများကို လူရယ်လို့ မသတ်မှတ်၊ တိုင်းပြည်အတွက်တော့ လုပ်ပေးရမယ့် တာဝန်ကိုမလုပ် တိုင်းပြည်က ရယူပိုင်ဆိုင်ခွင့်တော့ မတရားရယူထား၊ ဒီလိုနဲ့ တိုင်းပြည်ရဲ့ အဆီအနှစ်တွေကိုစား အသားကိုမျိုပြီး အမှန်တရားအတွက် အလုပ် လုပ်နေသူတွေကို အစဖျောက်သုတ်သင် သူတို့လုပ်ချင်ရာတွေကိုလုပ်ပြီး ပြည်သူတွေကို ဖိနှိပ်ဂုတ်သွေးစုတ် နေတာလည်း အနှစ်နှစ်ဆယ်ရှိပါပေါ့။ အဲဒီလိုလုပ်နေတဲ့သူတွေရဲ့ လက်အောက်မှာ နေခဲ့ရတာ နိုင်ငံတကာမှာ မျက်နှာငယ်ခဲ့ရ အောက်ကျနောက်ကျနိုင်ခဲ့ရ။ တကယ်ကို မခံချင်စရာ ရင်နာစရာတွေပါ။ ဒီတော့ ကျွန်မတို့ ဘာလုပ်ကြမလဲ၊ ဒီလို ယုတ်မာရက်စက် လူမဆန်တဲ့ နအဖလက်အောက်မှာ ကုန်းခံကြမလား၊ ရုန်းကန်ကြ မလား၊ လူတိုင်းလူတိုင်း ကိုယ်တတ်နိုင်တဲ့တာဝန် ကိုယ်လုပ်နိုင်တဲ့ အနေအထားကို ရယူပြီး ဆန့်ကျင်ကြပါစို့။

ရွှေဆည်းဆာ
၇.၈.၂၀၀၈

No comments: