ဒေါက်တာလွဏ်းဆွေ
(ယခုလထုတ် ခေတ်ပြိုင်ဂျာနယ်၊ သြဂုတ်၊ ၂၀၀၈ တွင် ဖော်ပြထားသည့် ဆောင်းပါးဖြစ်ပါသည်)
မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်ပြီး နိုင်ငံ တကာ ခေါင်းဆောင်တွေရဲ့ ဖိအားပေး ပြောဆိုမှုတွေ ဇူလိုင်လကုန်ပိုင်းမှာ တော်တော် ဆူညံသွားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသား အားလုံးလွတ်မြောက်ရေးနဲ့ နအဖကကျင်းပဖို့ စိုင်းပြင်း နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲအပေါ် အဓိက ဖိအားပေး ပြောဆိုခဲ့ကြတာပါ။ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ (၄၁) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးနဲ့ ဇူလိုင်လ (၂၄)ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ အများစု ထွက်ပေါ်လာတာပါ။ အခုလို နအဖစစ်အုပ်စုအပေါ် ဖိ အားပေး ပြောဆိုတဲ့ အသံတွေ ဆူညံသွားတာဟာ ကု လသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင်မ်ဂမ်ဘာရီကို သြဂုတ်လထဲမှာ လာ ရောက်ဖို့ နအဖစစ်အုပ်စုက ဖိတ်ကြားခဲ့တာရယ်၊ ၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ လုံခြုံရေးကောင်စီထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တဲ့ ဂယက်တွေအပေါ် မှာလည်း တစိတ်တဒေသ အခြေခံမယ်ထင်ပါတယ်။
နိုင်ငံတကာ ခေါင်းဆောင်တွေရဲ့ ဖိအားပေး ပြောဆိုသံတွေကို နားထောင်ရတာ တစ်ယောက်တစ်ပေါက် ဆိုသလို ဖြစ်နေလို့ မြန်မာ့ဒီမိုကရေစီရေးအတွက် အတော့်ကို ရှုပ်ထွေးစရာ ဖြစ်ရတယ်လို့ပဲ ဆိုရပါမယ်။ ဇူလိုင် (၂၀)မှာ အာဆီယံကိုယ်စား အလှည့်ကျဥက္ကဌ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဂျော့ခ်ျယိုးက ဒေါ်အောင်ဆန်းစု ကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ ပြည်တွင်းရေးကို မစွက်ဖက်ဘူးဆိုတဲ့မူနဲ့ ဆက်ဆံနေတဲ့ အာဆီယံက ဒေါ်အောင်ဆန်းစုကြည် နာမည်တပ်ပြီး ပထမဆုံးအကြိမ် တောင်းဆိုလိုက်တာဖြစ်လို့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို ထုတ်ပြန်ရတဲ့ အကြောင်းမှာ နအဖငါးခုံးမကြောင့် အာဆီယံတစ်လှေလုံး ပုပ်ရတဲ့ အဖြစ်မျိုးနဲ့ တိုးမှာစိုးတာက အဓိကပါ။ အာဆီယံအစည်း အဝေးကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်ဇ် လာဖို့ရှိတယ် မဟုတ်လား။ ကွန်ဒိုလီဇာရိုက်ဇ် လာတဲ့အခါ အမေရိကန်-အာဆီယံ ဆက်ဆံရေးကို မထိပါးရလေအောင် ကိုယ့်လူကိုယ် ကာထောင်းလေး ထောင်းပေးလိုက်တဲ့ သဘောလောက်ပါပဲ။
အာဆီယံအနေနဲ့ ဒီယုန်မြင်လို့ ဒီချုံထွင်တယ်ဆိုတာကို အတိုက်အခံ အင်အားစုတွေနဲ့ မြန်မာပြည်သူတွေက ကြိုမြင်နေလို့ ဂျော့ခ်ျယိုးရဲ့ ထုတ်ပြန်ချက်အပေါ် ထူးပြီး ၀မ်းမသာခဲ့ကြပါဘူး။ အာဆီယံနိုင်ငံအများစုဟာ မြန်မာပြည် ဒီမိုကရေစီရရှိရေးထက် သူတို့အကျိုးစီးပွား ဖြစ်ထွန်းရေးကို ရှေ့တန်းတင်ပြီး နအဖစစ်အုပ်စုကို ကာဆီးကာဆီး လုပ်ပေးခဲ့တာ မြန်မာကို အဖွဲ့ဝင်အဖြစ် လက်ခံပြီးကတည်းကနေ ဒီကနေ့အထိပဲဆိုတော့ အာ ဆီယံအဖွဲ့ကြီးအပေါ် မြန်မာပြည်သူတွေက အယုံအကြည် မရှိတာဟာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။
ဒီနေရာမှာ ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလာဖန်း မကွယ်လွန်မီက အာဆီယံနဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာလေးကို ပြောပြချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းလည်း ပါနေလို့ပါ။ ကဗျာဆရာ အောင်ဝေးနဲ့ ဆရာ့အိမ်မှာ ညစာစားကြတုန်းက ဆရာ့ကို မေးဖြစ်ခဲ့တာပါ။ ကျနော်က ‘မြန်မာ့ဒီမို ကရေစီရေးအတွက် ကူညီရေးမှာ အာဆီယံနိုင်ငံတွေက စိတ်ပါလက်ပါ မရှိတဲ့အပေါ် ဆရာ ဘယ်လိုမြင်မိ ပါသလဲ’လို့ မေးတော့ ဆရာက ‘အဓိက သူတို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ Figure ကို လန့်တယ်လေ။ ဒေါ် အောင်ဆန်းစုကြည် ခေါင်းဆောင်ဖြစ်လာရင် သူတို့ မှိန်သွားနိုင်တာကိုး၊ နောက်ပြီး သဘာဝအရင်းအမြစ်တွေ ဈေးပေါပေါနဲ့ ရနေတာလည်းပါတယ်၊ နောက်ပြီး အာဆီယံထဲမှာလည်း ဒီမိုကရေစီ နည်းနည်းစစ်တာဆိုလို့ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားလောက်သာ ရှိသေးတော့ ကျန်တဲ့နိုင်ငံတွေက မြန်မာပြည် တိုက်ပွဲပြီးသွားရင် သူတို့ဆီ ကူးစက်လာမှာကို စိုးရိမ်တာလည်း ပါမယ်’လို့ ဖြေသွားခဲ့ပါတယ်။
ကွန်ဒိုလီဇာရိုက်ဇ် ရောက်လာတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အာဆီယံအနေနဲ့ စစ်အစိုးရအပေါ် ပိုမိုဖိအားပေးဖို့ လိုတယ်ဆိုတာလောက်ပဲ ပြောခဲ့ လေတော့ နအဖ နိုင်ငံခြားရေးဝန်ကြီး ဗိုလ်ဥာဏ်ဝင်းက သင်္ကြန်ရေပက်ခံထွက်တဲ့ ကလေးတွေ ပြောသလို ‘ခွက်စုတ်လေးနဲ့ ခုတ်တာလောက်တော့ ရယ်တာပေါ့ ရယ်တာပေါ့’လို့ ပြောင်ပြောလေး ပြောနေမလား တွေးမိ ပြီး စိတ်မသက်မသာဖြစ်မိရဲ့။
တကယ်တော့ နအဖစစ်အုပ်စုကို ထိထိရောက်ရောက် ဖိအားပေးလိုတယ်ဆိုရင် အာဆီယံလောက်နဲ့ မရပါဘူး။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီးကိုတောင် နအဖစစ်အုပ်စုက သိပ်အရေးစိုက်တာမှ မဟုတ်တော့တာ။ အာ ဆီယံနဲ့ ကုလသမဂ္ဂကို နိုင်ငံရေးလည်ပင်းအစ်တဲ့အချိန်မှာ အချိန်ဆွဲဖို့ အသုံးချလို့ရတဲ့ အဖွဲ့အစည်းတွေ အဖြစ် လောက်ပဲ နအဖစစ်ခေါင်းဆောင်တွေက သဘောထားတော့တာပါ။ ရွှေဝါရောင်နဲ့ နာဂစ်မှာ နိုင်ငံရေး အကျပ် အတည်းဆိုက်တုန်းက ဖိအားတွေ လျော့ကျဖို့အတွက် ကုလသမဂ္ဂနဲ့ အာဆီယံကို ခုတုံးလုပ်ပြီး အသက်ရှူ ချောင်အောင် နအဖလုပ်သွားခဲ့တာ လက်တွေ့ပဲမဟုတ်ပါလား။
ရွှေဝါရောင်တော်လှန်ရေးတုန်းက လူထုတိုက်ပွဲ အရှိန်မြင့်လာနေတုန်းမှာ နအဖက ဂမ်ဘာရီကို ရှင်းပြလိုတယ် ဆိုပြီး အလျင်အမြန် ဖိတ်ခေါ်လိုက်တယ်။ ဂမ်ဘာရီရောက်လာတော့ တိုက်ပွဲဝင်သူတွေခမျာ ဘာများထူးမလဲ လို့ မျှော်ရင်းနားစွင့်ရင်း တိုက်ပွဲအရှိန်ကျသွားတယ်။ တိုက်ပွဲအရှိန် ကျလည်းကျသွားရော ဂမ်ဘာရီပြန်တာနဲ့ သံဃာတော်တွေ၊ ကျောင်းသားပြည်သူတွေကို နအဖက ရက်ရက်စက်စက် နှိပ်ကွပ်တော့တာပါပဲ။ နာဂစ်တုန်း ကလည်း အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်စစ်သင်္ဘောတွေ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းအနီးကို ဆိုက်ကပ် လာတော့မှ နအဖသွေးပျက်ပြီး ကုလအတွင်းရေးမှူးချုပ် ဘန်ကီးမွန်းကိုယ်တိုင် အမြန်လာဖို့ ဖိတ်ခေါ်တယ်။ ကုလသမဂ္ဂကို ဖိအားတွေလျော့စေဖို့ အသုံးချလို့ကောင်းတဲ့ အဖွဲ့အစည်းကြီးမှန်း ရွှေဝါရောင်မှာကတည်းက နအဖစစ်ခေါင်းဆောင်တွေ သိခဲ့ပြီကိုး။ အဲဒီတော့ နာဂစ်မှာလည်း အာဆီယံ၊ ကုလအဖွဲ့အစည်းတွေလောက်နဲ့ပဲ ကယ်ဆယ်ရေး လုပ်ပါရစေဆိုပြီး အသက်ရှူချောင်အောင် နအဖ ရုန်းထွက်နိုင်ခဲ့ပြန်တာပေါ့။
အဲဒီဖြစ်ရပ်တွေကိုကြည့်ရင် အခု ဂမ်ဘာရီကို လာပါလာပါလို့ ဖိတ်ခေါ်တာဟာလည်း သူတို့စိတ်ကူးယဉ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် အသုံးချဖို့ကလွဲပြီး တခြားကိစ္စအတွက် ဖိတ်ခေါ်တာ မဟုတ်ဘူးဆိုတာ ရှင်းနေ ပါတယ်။ ကုလသမဂ္ဂ ကိုယ်တိုင်ကလည်း လမ်းပြမြေပုံကို မြန်မြန်အဆုံးသတ်ဖို့ တွန်းအားပေးနေလေတော့ နအဖအတွက် အတိုင်းထက်အလွန်ဆိုသလို ဖြစ်နေတော့တာပေါ့။ အဲဒါကြောင့်မို့ ဒီတစ်ခါ ပြည်သူ့ကိုယ်စား လှယ်တွေ ပေးပို့တဲ့စာထဲမှာ ကုလသမဂ္ဂကို အာဏာရှင်အလိုကျ ဘက်မလိုက်ဖို့ သတ္တိရှိရှိ ဝေဖန်ပြောကြား ထားတာ အတော်ကျေးဇူးတင်ရပါတယ်။
ဒီကြားထဲမှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဖင်စမစ်က ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေချင်တယ်၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ၂၀၁၀ရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည် အရွေးခံခွင့်ရှိမရှိ သိပါရစေဆိုပြီး ရှုပ်ရှုပ်ထွေးထွေးတွေ ပြောလာတာကို ကြားရပြန်တယ်။ နဂိုကတည်းက တစ်မတ်သား နှုတ်ထားပြီးသား ဖွဲ့စည်းပုံကို အခြေခံပြီး ကျင်းပမယ့် ရွေးကောက်ပွဲမို့ ဒေါ် အောင်ဆန်းစုကြည် အရွေးခံခွင့်ရသည်ဖြစ်စေ၊ တရားမျှတအောင် ကျင်းပပေးသည်ဖြစ်စေ အခြေခံဥပဒေကို က တရားမျှတမှု မရှိဘူးဆိုတာကို အဆိုပါဝန်ကြီးနှစ်ပါး မေ့လျောနေလို့များ ပြောနေလေရော့သလားမသိ။ အဲဒီတော့ ၀န်ကြီးနှစ်ပါးရဲ့ ပြောစကားတွေက နအဖရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို နှပ်ကြောင်း ပေးသလို ဖြစ်နေတော့တယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်က စစ်အစိုးရရဲ့ လမ်းပြမြေပုံ ခရီးမပေါက်နိုင်ဆိုတာနဲ့ ကုလ သမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာခါလီဇတ်က မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်း လဲရေးအပိုင်းမှာ တိုးတက်မှုရှိအောင် မလုပ်ဘူးဆိုရင် အခြားနည်းလမ်းတွေနဲ့ ဖိအားပေးဖို့ စဉ်းစားရလိမ့်မယ်၊ ဂမ်ဘာရီ ခရီးစဉ်ကို အချိန်ဆွဲဖို့အတွက် အသုံးချမယ်ဆိုရင် မှားမယ်ဆိုတဲ့ သတိပေးစကားတွေကြောင့်သာ အလင်းရောင် ပျပျလေး မြင်နေရသေးပါလားဆိုပြီး စိတ်အားတက်မိရတယ်။ ဒါပေမယ့် အဲသလောက် သတိ ပေး ပြောကြားတာကိုလည်း နအဖက ပျင်းတောင်ပျင်းသေးတယ် လုပ်နေမှာပါ။
အဲဒီတော့ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေမှာ အခုလောက် ဖိအားပေး ပြောဆိုနေမှုတွေနဲ့တော့ ဒေါ်အောင် ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်အောင် နအဖကို အကျပ်ကိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာနေပါတယ်။ နအဖကြောက်တဲ့ ဖိအားက ဘာလဲဆိုတာ ရွှေဝါရောင်နဲ့ နာဂစ်မှာ ကျနော်တို့ တွေ့ခဲ့ရပါပြီ။ နအဖကြောက်တာဟာ လူထုအုံကြွမှုဆိုတဲ့ ဖိအားနဲ့ နာဂစ်မှာ စစ်သင်္ဘောတွေ လာကပ်သလို လက်တွေ့ကျကျ ခြိမ်းခြောက်နိုင်တဲ့ ဖိအားတွေမျိုးဆိုတာကို အထင်းသား တွေ့ခဲ့ရပါပြီ။
အဲဒီတော့ ၂၀၁၀ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက် ဖို့ဆိုတာ …
(၁) ရွှေဝါရောင် လူထုအုံကြွမှုထက်ကြီးတဲ့ နောက်ထပ်လူထုတိုက်ပွဲနဲ့ ဖိအားပေးနိုင်မယ့် အခြေအနေရှိမရှိ (အ ချိန်မရွေးပေါက်ကွဲနိုင်တဲ့ လက်ရှိအနေအထားမှာ နိုင်ငံရေးအင်အားစုတွေ ညီညီညွတ်ညွတ် တိုက်ပွဲခေါ်နိုင်မှုနဲ့ နာဂစ်အကျပ်အတည်းကနေ ဖြစ်လာနိုင်ခြေ အများကြီး ရှိနေပါတယ်)
(၂) နအဖစစ်အစိုးရယန္တရား ရပ်ဆိုင်းရေးအတွက် နည်းမျိုးစုံ ဖိအားပေးလုပ်ဆောင်မှု
(၃) မြန်မာ့ဒီမိုကရေစီရေးကို လိုလားတဲ့ အင်အားကြီးနိုင်ငံတွေက တုတ်ပြရေးမူကို ကျင့်သုံးနိုင်မနိုင် (ဆူဒန် စစ်ခေါင်းဆောင်လို နအဖစစ်ခေါင်းဆောင်တွေကို လူသားဆိုင်ရာ ရာဇ၀တ်မှုတွေနဲ့ နိုင်ငံတကာခုံရုံး တင်နိုင် အောင် ကြိုးစားတာမျိုး အပါအ၀င်) ဆိုတဲ့ လက်တွေ့ကျတဲ့ ဖိအားမျိုးတွေ ခပ်မြန်မြန် ပေးနိုင်ဖို့လိုပါတယ်။ နို့မ ဟုတ်ရင်တော့ စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မလွှတ်ဘဲ ကုလ သမဂ္ဂ၊ အာဆီယံ၊ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ရဲ့ မျက်နှာသာပေးမှုတွေနဲ့ ၂၀၁၀ ကို အသာတကြည် ကျော်ဖြတ် သွားပြီး တစ်နိုင်ငံလုံးကို ရာသက်ပန် စစ်ကျွန်ပြုသွားနိုင်ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
ဒေါက်တာလွဏ်းဆွေ
Monday, August 4, 2008
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လိုအပ်တဲ့ ဖိအားများ
Subscribe to:
Post Comments (Atom)
1 comment:
အပြောလွယ်သလောက်အလုပ်ခက်ပါတယ်ဆိုတာ
ဆရာသိစေလိုပါတယ်နော်
Post a Comment