ရဲရင့်အောင် (နယူးဒေလီ)
အညွန့်မကျိုးတဲ့ လူထုတိုက်ပွဲ
နအဖစစ်အုပ်စုဟာ လူထုနဲ့ အကျိုးစီးပွားချင်း ဆန့်ကျင်ရုံသာမက အနီးဆုံးမှာ ကပ်နေတဲ့၊ ရှောင်မရတဲ့ ရန်သူ ပါ။ အတိတ်မှာရော၊ ပစ္စုပ္ပန်မှာပါ ရန်သူပါ။ လူထုရဲ့ အကျိုးကို ဆက်ပြီး မျက်ကွယ်ပြုဦးမှာလည်း သေချာပါ တယ်။ ဒါကြောင့် ထိပ်တိုက်ရင်ဆိုင်မှုက ရှိနေမှာပဲ ဖြစ်ပါတယ်။ ဖမ်းမှသာ ဖမ်းပေရော့၊ သေမှသာ သေပေ ရော့။ ဆူပွက်ပေါက်ကွဲရပါဦးမယ်။
ရန်သူက ဘီလူးမှန်းသိအောင် ရွှေဝါရောင်၊ နာဂစ်နဲ့ ဆန္ဒခံယူပွဲမှာ သွားဖြဲပြခဲ့ပါတယ်။ တွေဝေသူ၊ အတွေးမှား သူ၊ မယောင်ရာ ဆီလူးသူ၊ ပေါ့ပျက်သူတွေကို ‘အားလုံးရဲ့ ရန်သူ’ အဖြစ် မိမွေးတိုင်း ဖမွေးတိုင်း ရိုင်းစိုင်းပြခဲ့ တာပါ။ တစက်လေးမှ မလျှော့၊ တချက်လေးမှ မပျော့ပါဘူး။ သံဃာတော်တွေ သတ်ဖြတ်၊ လေဘေးဒုက္ခ သည်တွေ ငတ်ပြတ်၊ စစ်မင်းဆက်ဝါဒ အပြတ်အသတ် ထူပါတယ်။ မျက်နှာစာပေါင်းစုံကနေ အတွင်းသရုပ် အယုတ်အပုပ်ကို ဖြည်ထုတ်ပြခဲ့ပါတယ်။ လူထုဟာ လိမ်ပိန်နေအောင် ခံခဲ့ရတာပါ။
ဒါပေမယ့် လူထုတိုက်ပွဲက ညှိုးငယ်သိမ်ဖျင်းမှာ၊ ရပ်တန့်သေဆုံးမှာ မဟုတ်ပါဘူး။ ပါတီကို ကြားခံထား တိုက် တဲ့ပွဲကလည်း မတတ်သာလို့ ပတ်စာခွာရမယ့် ကိန်းပါပဲ။ လူထုကိုယ်တိုင် မူလနေရာကို ပြန်ယူဖို့ လမ်းစပါ။ ၉၀ ရွေးကောက်ပွဲရလဒ်နဲ့အညီ ရှေ့ဆောင်ပါတီ အန်အယ်ဒီ ပြိုလဲသွားရင် စစ်အုပ်စုနဲ့ ကြားခံအနေအထား ပျောက်မှာပါ။ ကိုယ်တိုင်ထကြွ ဦးဆောင်ရမှာပါ။ များသည်ဖြစ်စေ၊ နည်းသည်ဖြစ်စေ၊ ပြင်းသည်ဖြစ်စေ၊ ပျော့သည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ ‘ဖိ’ ရင်တော့ ကြွပါလိမ့်မယ်၊ ‘ထိ’ ရင်တော့ ချပါလိမ့်မယ်။ မြန်မာပြည်မှာ ထိခတ်မီးပွင့်မယ့် ကူးစက်ပေါက်ကွဲမယ့် ‘ဖိ၊ ထိ’ အကြောင်းပေါင်းစုံ ပျိုးနှင့်ပြီးသားပါ။
အဝေးကနေ သောက်ပိုတွေ ပြောနေတာမျိုးဖြစ်ရင် ခွင့်လွှတ်ပါ။ လူထုတိုက်ပွဲတိုင်းကို အလေးပြုခွင့်တော့ပေး ပါ။
သမိုင်းနဲ့ချီတဲ့ မျိုးဆက်သစ်
တချို့က လူထုလှုပ်ရှားမှုတိုင်း ကိုယ်ပဲ ခံရတာမို့ ဒီလမ်းကြောင်း မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။ တချို့ကတော့ နိုင်ငံခြားတပ်တွေကို အားပြုရေးကို လိုလားပါတယ်။ တချို့ကလည်း ဥပဒေဘောင်အတွင်းက ပူးကပ်သတ် ရေးကို မျှော်လင့်ပါတယ်။ တချို့ကျ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ တချို့က လက်နက်ကိုင်တိုက်ပွဲနဲ့ လူထု တိုက်ပွဲ ပေါင်းစည်းရေး။
ဆန္ဒခံယူပွဲနောက်ပိုင်း မြန်မာတွေကြားမှာ ကွဲလွဲတဲ့ အယူအဆတချို့ တက်လာကြလို့ အယူအဆ တခုချင်းစီကို ဆီလို အပေါက်ရှာပြောရင်တော့ အပြန်အလှန် ချို့ယွင်းချက်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် အားလုံးရဲ့ ဆုံချက် အဖြစ် လူထုလှုပ်ရှားမှုဆီ ဦးတည်ရင် အတော်ကောင်းပါလိမ့်မယ်။ လူထုတိုက်ပွဲတွေ မဖြစ်ထွန်းဘဲ တခြားကိစ္စ တွေဟာ ဖြစ်တန်ချေ၊ လိုက်ပါနိုင်မှု အားနည်းနေတုန်းပါပဲ။ (ပူးကပ်သတ်ရေးကတော့ ကိုယ့်ဘက်က ဇာတ် ခေါင်းကွဲနေရင် မလွယ်ပါဘူး။)
ရှစ်လေးလုံးနောက်ပိုင်း ပြည်တွင်းလှုပ်ရှားမှုမှာ ဒီလူတွေပဲ ဦးဆောင်၊ ဒီလူတွေပဲ အဖမ်းခံရ၊ ပြန်လွတ်လာ လိုက်၊ ပြန်အဖမ်းခံရလိုက်နဲ့မို့ ဒီခေါင်းဆောင်တွေအပြင် ဦးဆောင်မယ့်သူတွေ မရှိသလောက်ပဲလို့ ပြောဆိုသံ တွေလည်း ရှိပါတယ်။ မှန်သင့်သလောက် မှန်ပါတယ်။
ထင်ရှားတဲ့ ခေါင်းဆောင်တွေအဖြစ် ရှစ်လေးလုံးနောက်ပိုင်း မှိုလိုပေါက်လာစရာ မရှိတာက မြန်မာပြည် တိုက် ပွဲအနေအထားကြောင့်ပါ။ ထင်ရှားပြီး ခေါင်းဆောင်တွေနောက်ကို အများက စုပြုံလိုက်ရတဲ့၊ လူသိများသူ တွေကို ရှေ့ကထားပြီး တိုက်ပွဲဖော်ရတဲ့ သဘောရှိပါတယ်။ တော်ရုံနဲ့ ခေါင်းဆောင်အဖြစ် ယုံကြည်လက်ခံဖို့ အခြေအနေ မပေးပါဘူး။ ပါဝင်လှုပ်ရှားသူ အများစုကြီးဟာ တန်ပြန်တွေ၊ သတင်းပေးတွေကြားမှာ လုပ်ရ ကိုင်ရတာပါ၊ မြေအောက်လှုပ်ရှားမှုကတဆင့် ပုံဖော်ရတာ များပါတယ်။
ပြည်တွင်းမှာက Do or Die အခြေအနေထက် ပိုပါတယ်။ အဆုံးအဖြတ်တိုက်ပွဲ မပြီးမချင်း ခေါင်းဆောင်တွေ၊ နောက်လိုက်တွေဟာ ထလှုပ်ရှားလိုက်၊ ဖမ်းဆီးနှိပ်ကွပ်ခံလိုက် ဖြစ်ဦးမှာပါ။ ထမလုပ်ပြန်ရင်လည်း သူတို့ကိုယ် သူတို့ သေဆုံးနေသူတွေအဖြစ် ခံယူထားသူတွေ ဖြစ်ပါတယ်။ ပြည်ပမှာကတော့ လုပ်ချင်လုပ်၊ မလုပ်ရင်လည်း ဘာမှမဖြစ်ပါဘူး။ လုပ်ရင်လည်း ပြဿနာမရှိပါဘူး။
မစုစုနွေး၊ မဖြူဖြူသင်း၊ ကိုထွန်းထွန်း (ညောင်တုန်း)၊ ဦးအုန်းသန်း၊ ဦးမြင့်အေး၊ ဒေါ်နော်အုန်းလှ၊ မမီးမီး၊ မနီလာသိန်းနဲ့ ကိုထင်ကျော်ဆိုရင် စစ်အုပ်စု ဆတ်ဆတ်ထိ မခံနိုင်တဲ့ လှုပ်ရှားမှုတွေကို ဗြောင်ဖွင့်ချတိုက်ရင်း တပိုင်တနိုင် ဦးဆောင်ခဲ့တာပါ။ ကိုထင်ကျော်က လောင်စာဆီဈေး ခုန်ပျံတက်ခိုက် အချိန်ကိုက် တိုက်ပွဲခေါ် နိုင်ခဲ့သလို၊ ပခုက္ကူ သံဃာတော်တွေ ရိုက်နှက်ခံရတာ အကြောင်းပြုပြီး သံဃာတော်တွေက ရွှေဝါရောင်ရှေ့ ပြေး ရာဇသံပေးနိုင်ခဲ့ပါတယ်။
အများအားဖြင့် ရှစ်လေးလုံးကတည်းက ပေါ်ထွက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဗကသ မျိုးဆက်တွေ၊ အရှင်ဂမ္ဘီရနဲ့ သံဃာတော်တွေ၊ ၉၀ ခုနှစ် ရွေးကောက်ပွဲကတည်းက ရွေးချယ်ခံရတဲ့ လွှတ်တော်အမတ်တချို့ ကပဲ ရှေ့ကနေ ပေါ်ပေါ်ထင်ထင် ပြေးလွှားလာခဲ့ရတာပါ။ များများစားစား မဟုတ်ဘူးလို့ ပြောမယ်ဆိုရင်လည်း ပြောပါ။ အငြင်းမပွားလိုပါ။ ဒါပေမယ့် လာမယ့် ကာလတွေမှာ ဦးဆောင်နိုင်မယ့် မျိုးဆက်တွေကိုတော့ သူတို့ တွေက မွေးဖွားပေးခဲ့တာကို သတိပြုသင့်ပါတယ်။ သူတို့မရှိလို့ တိုက်ပွဲက အကြောပြတ်စရာ မရှိပါဘူး။ မရှိရင် ရှိတဲ့သူက လက်ဆင့်ကမ်းပြီး ဆက်တိုက်မှာပါပဲ။ သမိုင်းကလည်း ဒီအတိုင်းပဲ ရေးထိုးခဲ့တာပါ။
ရန်သူကိုပါ မကြောက်တရား ဟောပြခဲ့တဲ့ ရှေ့ဆောင်ဦးရွက် တိုက်ပွဲဝင်ခဲ့သူတွေ၊ တိုက်ပွဲဝင်ဦးမယ့်သူတွေကို အလေးပြုပါတယ်။
ပြည်တွင်းပြည်ပ မျိုးချစ်စိတ်များ
ရွှေဝါရောင်နဲ့ နာဂစ်ဟာ ရှစ်လေးလုံးနောက် နှစ် ၂၀ အတွင်း ပြည်ပရောက် မြန်မာပြည်သား အများစုကြီးကို အကြီးကျယ်ဆုံး လှုပ်နှိုးလိုက်တဲ့ ဖြစ်ရပ်ကြီးတွေပါ။ စစ်အုပ်စုကို ရွံရှာမုန်းတီးဖွယ်ရာ ရန်သူအဖြစ် တသဘော တည်း သတ်မှတ်နိုင်ကြသလို၊ ကိုယ့်ပြည်သူတွေကို ပိုပြီး ချစ်မြတ်နိုးတဲ့၊ သနားဂရုဏာသက်တဲ့ စိတ်ဓာတ် တွေကို တမဟုတ်ချင်း နိုးထစေခဲ့တာပါ။ မျိုးချစ်စိတ်ဓာတ်တွေ အပြင်းအထန် အနိုးထဆုံးကာလလို့ ဆိုရင် တောင် မမှားပါဘူး။ (ဦးဆောင်လှုပ်ရှားသူတွေနဲ့ အနိမ့်ပါးဆုံး၊ အနွံတာအခံဆုံး ပြည်သူတွေက ဒီ့အတွက် စတေးခဲ့ရပါတယ်)။ ပြည်တွင်းမှာ ဘက်ကူးပြောင်းဖို့၊ ထလုပ်ဖို့ အဟန့်အတားတွေ အများကြီး ရှိပါတယ်။ ပိုင်မှ ထလုပ်ရမယ့်၊ ထလိုက်ရမယ့် အခြေအနေပါပဲ။
အခုလို ပြည်တွင်းအခက်အခဲ ကြီးမားချိန်၊ ပြည်ပရောက် မြန်မာတွေဟာ တနှစ်အတွင်း ပိုအားကောင်းလာသ လို ပြည်တွင်းလူထုအတွက် အများကြီး အားကိုးရာအဖြစ် မှတ်ယူလာနိုင်ပါတယ်။ စုစည်းတက်ကြွမှု၊ စိတ်ဓာတ် ခွန်အား၊ ရုပ်ဝတ္ထု ပံ့ပိုးမှု အတိုင်းထက်အလွန် အသင့်ဖြစ်နေချိန်ပါ။
ပြည်တွင်းလူထုပေါင်းစုံရဲ့ မျိုးချစ်စိတ်ကိုဖြင့် အထူးပြောစရာတောင် လိုမယ်မထင်ပါဘူး။ အမျိုးကို လက်တွေ့ ပါတဲ့ စိတ်ဓာတ်မျိုးနဲ့ တကယ်ချစ်ပြတဲ့သူ အားလုံးကိုလည်း အလေးပြုပါတယ်။
ကြီးသုံးကြီး သို့မဟုတ် …
ဒီအခြေအနေမှာ ပြည်ပရောက်၊ နယ်စပ်ရောက် နိုင်ငံရေးခေါင်းဆောင်တွေလည်း ထိထိရောက်ရောက် ဦး ဆောင်သင့်ပါတယ်။ လူထုကို ဗဟိုပြုတဲ့၊ အခြေခံတဲ့ လှုပ်ရှားမှုတွေအတွက် လုပ်ကွက်တွေ ဖော်သင့်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်မှာ မဟာဗျူဟာရေးဆွဲရေး ကော်မတီနဲ့ အင်အားကြီးတဲ့ အင်အားစုတွေ၊ တပ်ပေါင်းစုတွေ ရှိပါတယ်။ ဒါပေမယ့် အင်အားကြီးရုံ၊ နာမည်ကြီးရုံနဲ့တော့ ပြည်ပရောက်တွေကို ထင်ရာစီမံလို့ မရပါဘူး။
လူထုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲမှာ လိုအပ်တဲ့ ရန်ပုံငွေကို ပြည်ပရောက် မြန်မာတွေဆီက ရှာနိုင်ပါတယ်။ တော်လှန်ရေးသမားဆိုပြီး ဟိတ်ဟန်ထုတ်နေလို့ မရပါဘူး။ ကိုယ့်နိုင်ငံသားချင်း ငွေကောက်လို့ သစ္စာခံခိုင်းမှာ မဟုတ်ပါဘူး။ တခြားနယ်ပယ်က မြန်မာတွေလည်း ငွေကြေး၊ နည်းပညာ၊ စွန့်လွှတ်မှု၊ အထူးသဖြင့် စိတ်ဓာတ် တွေဟာ လူထုအတွက် အလျှံပယ် ယိုဖိတ်နေတာပါ။ ပြီးခဲ့တဲ့ တနှစ်အတွင်း ဖြစ်ရပ်တွေက အထင်အရှား ပြပြီး ပါပြီ။ အမျိုးသားရေးအားမာန်တွေ အတက်ကြွဆုံးနဲ့ အမြင့်မားဆုံးကို ရောက်နေတာပါ။
ရာထူးကြီးတွေ၊ ဟိတ်ဟန်တွေ မလိုပါဘူး။ ရိုးသားဖြောင့်မတ်၊ စည်းရုံးနိုင်စွမ်း၊ ငွေကြေး အရှုပ်အရှင်း မရှိသူ တွေ လိုပါတယ်။ ရွှေဝါရောင်နောက်ပိုင်း ပေါ်လာတဲ့ သံဃအဖွဲ့ကြီးနဲ့ တခြားဘာသာရေး အဖွဲ့တွေအပြင် နိုင် ငံတကာ မျက်နှာစာမှာ ရှေ့တန်းရောက်နေတဲ့ အမျိုးသမီးတွေလည်း ရှိပါတယ်။ နှောင်ကြိုးကင်း သန့်ရှင်းပြီး လမ်းညွှန်ချက်တွေ မပါတဲ့ အကူအညီကို မှီခိုသင့်ပါတယ်။ (ဒီတိုက်ပွဲ နှစ်ခုအတွက်ပဲ ပြောတာပါ။) လူထု တိုက်ပွဲအတွက် လက်စလက်နရှိတဲ့ သူတွေ၊ သမ္ဘာရှိသူတွေကို ဦးဆောင်စေသင့်ပါတယ်။ သူတို့လိုလူမျိုးတွေ ထမင်းတလုပ်အတွက် တခြားအလုပ်တွေ လုပ်စားနေရတာ မသင့်တော်ပါဘူး။
ပြည်ပရောက်တွေ ကဏ္ဍပေါင်းစုံမှာ ချိတ်ဆက်ပြီး လုပ်နိုင်ရင် ကောင်းပါတယ်။ ဟန်ပြလေး ညီညွတ်ရင်ကို ပြည်သူလူထုအတွက် ခွန်အားပါ။ ဒီ့ထက်ပိုစွမ်းရင်တော့ နိုင်ငံရေးဦးဆောင်မှု၊ အတိုက်အခံ ညီညွတ်ရေးတပ်ဦး ပေါ်လာနိုင်ပါတယ်။ တပ်ပေါင်းစုကြီး၊ အစိုးရကြီး၊ မဟာဗျူဟာကြီးရယ်လို့ အမည်တပ်ပြီး ဦးဆောင်နိုင်စွမ်း ရှိရမယ့်အချိန် ဖြစ်ပါတယ်။ အချိန်က သိပ်တော့လည်း မကျန်တော့ပါ။
၂၀၁၀ ရွေးကောက်ပွဲက ဖင်လှည့်ခေါင်းလှည့်နဲ့ ရောက်လာတော့မှာပါ။ (ဒီကြားထဲမှာ အန်အယ်ဒီ၊ စီအာပီပီ လည်း ဘာတွေ ထလုပ်မလဲ မသိပါ။ စစ်အုပ်စုကလည်း ဘာတွေ ထဖောက်ဦးမလဲ မပြောနိုင်ပါ။) ပြည်တွင်းမှာ မထင်မှတ်တဲ့ လှုံ့ဆော်မှုတွေ ဖြစ်လာရင် နောက်ကနေ အသံကောင်း လိုက်ဟစ်ပြီး မမှီမကမ်း လိုက်ရမှာ စိုးပါတယ်။ စောစောကတည်းက ကြိုတင်ပြင်ဆင်မှုလေး လုပ်ကြပါဦး။ မြောက်ကြွမြောက်ကြွလူတွေကို သိပ် အားမကျပါနဲ့ခင်ဗျား။ အကုန်ခံနေရလို့ပါ။ ခေါင်းဆောင်ဆိုသူတွေ ပိုရှက်ရမှာပါ။
တခါလာလည်း ဒီမျက်နှာတွေလောက်နဲ့တင် စည်းဝေးထိုင်တာထက်၊ အသစ်အဆန်းလေးတွေ ချဲ့ထွင်စဉ်းစား ဖို့ ကိုယ့်ထက် ထက်မြက်တဲ့ သူတွေရှိရင် ခေါ်မေးပါဦး။ သိပ်တော်နေရင်လည်း လူအများ လက်ခုပ်တီးသာ အောင် ထင်သာမြင်သာ လုပ်ကြပါ။ အတွေ့အကြုံရှိတဲ့ ပါတီအဖွဲ‹အစည်းတွေ၊ လူပုဂ္ဂိုလ်တွေဆီကနေ တိုင်း ပြည်အတွက် အကြံဉာဏ်ယူသင့်ပါတယ်။ ရှက်စရာ မဟုတ်ပါ။ အဲဒီလို လူစားမျိုးကို အလေးပြုချင်ပါတယ်။
ပြည်တွင်းထိုးဖောက်ရေးတွေ လှိမ့်အော်ပစ်နေပေမယ့် အထဲမှာ ဘာအသံမှ ထွက်မလာပါဘူးခင်ဗျား။ (ပိရိ လွန်း၍လားတော့ မသိပါ။) ဒါပေမယ့် တချို့တော့ ပြောင်ပြောင်ရောင်ရောင်နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်နေပါ တယ်။
ဘာပဲဖြစ်ဖြစ် အစုအစည်းလေးမပျက် ဒီကနေ့အထိ သယ်ဆောင်လာကြတာက ဘာတွေကြောင့်လဲတော့ မသိ ပါ။ ထူးဆန်းလှပါတယ်။ ဒါပေမယ့် အားမရမိတာတော့ အမှန်ပါပဲခင်ဗျား။
ရဲရင့်အောင် (နယူးဒေလီ)
Monday, August 11, 2008
အလေးပြုပါရစေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment