Monday, January 16, 2012

အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ်မြောက်လာကြသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ဦးညွတ်ဂုဏ်ပြုသည့်အနေဖြင့် ဒုတိယအကြိမ် တင်ဆက်ခြင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တို့၏ သိမ်မွေ့သော လူထုတိုက်ပွဲများ
ဒေါက်တာလွဏ်းဆွေ

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုဒီရေက တဖြေးဖြေး မြင့်တက်လာနေပေပြီ။ ဒီလှိုင်းများက တလှိုင်းပြီး တလှိုင်း တက်လာနေသည်။ လူထုလက်မှတ် ကောက်ခံစုဆောင်းမှု (Signature Campaign)၊ အဖြူရောင်လှုပ်ရှားမှု (White Expression Campaign) စသည်ဖြင့် … ။ ပြည်သူလူထုနှင့် ဒီမိုကရေစီရေးလှုပ်ရှားသူများ သိမ်သိမ်မွေ့မွေ့ ပေါင်းစည်းလှုပ်ရှားစပြုလာသည်။ ပြည်တွင်းမှ ရဲဘော်တယောက်ဆီက “အစ်ကိုရေ၊ Signature Campaign ရော၊ အဖြူရောင်လှုပ်ရှားမှုရော တော်တော်အောင်မြင်တယ်။ အဖြူရောင်လှုပ်ရှားမှု စတဲ့နေ့ကစပြီး ဘတ်စ်ကားတွေပေါ်မှာရော၊ ကျောင်းတွေ ဈေးတွေမှာရော ရန်ကုန်တမြို့လုံးအနှံ့ အဖြူရောင်တွေ ဖွေးနေတာပဲ၊ တော်တော့်ကို သိသာထူးခြားတယ်။ လူတွေက သိပ်မကြောက်ကြတော့ဘူး။ လက်မှတ်တွေလည်း ရဲရဲတင်းတင်း ထိုးကြတာပဲ။ အသိအဘိုးတယောက်ဆို အင်္ကျီအဖြူတထည်တည်းရှိလို့ လှုပ်ရှားမှုပြီးတဲ့အထိ မညစ်ပေအောင် ထိန်းပြီး ၀တ်နေရတယ်လို့ ပြောပြတယ်” ဆိုသည့် အသံတွေကို ကြားရတော့ စိတ်ကူးထဲမှာ ဒီမိုကရေစီပန်းတိုင်ကို ရေးရေးလှမ်းမြင်လိုက်မိသည်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအရှိန်က နအဖ၏ ဒီပဲယင်းလူသတ်ပွဲကြီး ပြီးသည့်နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်နှင့် ပြန်လည်ထိန်းသိမ်း လိုက်ချိန်ကစပြီး အရှိန်အဟုန်လျော့ကျသွားသလို ဖြစ်နေခဲ့သည်။ ပြင်ပရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များအနေနှင့် ကြေညာချက်များ၊ တောင်းဆိုချက်များ ထုတ်ပြန်ပြီး နိုင်ငံရေးအရှိန်အဟုန်မြှင့်ဖို့ ကြိုးစားခဲ့သော်လည်း တောင်းဆိုချက်များ၏နောက်တွင် ထိရောက်သည့် တိုက်ပွဲများ ကပ်ပါမလာ၍ နိုင်ငံရေးအရ အားပျက်စရာ ဖြစ်ခဲ့ရသည်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှု၏ ဒီရေအတက်အကျသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်ပတွင်ရှိနေ၊ မရှိနေ ဆိုသည့်အပေါ်တွင် မူတည်သလို ဖြစ်နေခဲ့သည်။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်ပြီးလျှင် လူထုက ယုံကြည်ကိုးစားသည့် ဒုတိယတန်းခေါင်းဆောင်များကို ရှာမတွေ့သလို ဖြစ်နေခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲမှလည်း ဒုတိယတန်းခေါင်းဆောင် ပေါ်ထွက်မလာသည့်အဆုံး ပြည်သူလူထုက ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ စည်းရုံးလှုပ်ရှားပြောဆိုမှုများအပေါ် အာရုံကျလာခဲ့သည်။ အစွန်းမထွက်ဘဲ ဥပဒေဘောင်အတွင်းမှ သေသေသပ်သပ် စည်းရုံးလှုပ်ရှား ပြောဆိုနိုင်မှုများအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအပေါ် အထူးပင် မျှော်လင့်အားထားလာကြသည်။

ယခုတော့ မျှော်လင့်ရကျိုးနပ်ပြီဟု ပြောနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သည်။ အဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးပြီး တွေ့ဆုံးဆွေးနွေးရေးကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကျန်ရစ်သည့် ကျောင်းသားခေါင်းဆောင်များက စည်ရုံးလုပ်ဆောင်သည့် Signature Campaign၊ အဖြူရောင်လှုပ်ရှားမှုများ၏နောက်သို့ ပြည်သူလူထုအနေနှင့် မကြောက်မရွံ့ ပါဝင်လာကြသည်ကို တွေ့ရခြင်းကြောင့် မျှော်လင့်ရကျိုးနပ်ပြီဟု ပြောခြင်းဖြစ်ပါသည်။ တနည်းအားဖြင့် ပြည်သူလူထုအနေနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မလာသေးချိန်တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ ဦးဆောင်မှုနောက်သို့ လိုက်ပါဖို့ အသင့်ရှိကြောင်းကို ပြသလိုက်ခြင်းဖြစ်သလို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ဒုတိယတန်း နိုင်ငံရေးခေါင်းဆောင်များအဖြစ် ပြည်သူလူထုက တရားဝင် အသိအမှတ်ပြုပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

နအဖအနေနှင့်လည်း ၁၉၉၀ ပြည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲအပြတ်အသတ်နှင့် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြီးလျှင် လူထုကြား၌ တဖြေးဖြေး သြဇာအရှိန်အ၀ါ တက်လာနေသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို အထူးပင် စိုးရိမ်ကြောက်လန့်လာပုံ ပေါ်သည်။ ကျောင်းသားခေါင်းဆောင်များ၏ စည်းရုံလှုံ့ဆော်မှုနောက်သို့ ပြည်သူလူထု လိုက်ပါလာပြီး လူထုတိုက်ပွဲအသွင် ဖြစ်ပေါ်လာမည်ကို သွေးလန့်နေပုံပေါ်သည်။ လူထုအပေါ် သြဇာညောင်းသည့် ကျောင်းသားခေါင်းဆောင်များ ပြင်ပတွင်ရှိနေခြင်းဖြင့် သူတို့ ကျင်းပတော့မည့် အမျိုးသားညီလာခံအတွက် အနှောက်အယှက် တစုံတရာ ဖြစ်လာနိုင်သည်ဟုလည်း နအဖ စိုးရိမ်ပုံပေါ်သည်။ ထို့အတွက် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့ ၃ ဦး ကို ဖမ်းဆီးလျှင် ၈၈ မျိုးဆက်ကျောင်းသားများ၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်တန့်သွားလိမ့်မည်ဟု နအဖက စိတ်ကူးပြီး အမျိုးသားညီလာခံ မကျင်းပမီ ရက်အနည်းငယ်အလို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဖမ်းဆီးမှု စတင်ခဲ့ခြင်းဖြစ်သည်။

သို့သော် နိုင်ငံရေးအဆင်က နအဖ တွေးထင်သလို ဖြစ်မလာ။ နောက်ထပ် ခေါင်းဆောင် ၃ ဦးဖြစ်သည့် ကိုမင်းဇေယျာ၊ ကိုပြုံးချိုနှင့် ကိုမြအေးတို့က ပြောရေးဆိုခွင့်ရှိသူတွေအနေနှင့် ရှေ့တန်းထွက်လာသည်။ အဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင်များနှင့် အပြုသဘောဆောင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ဆိုလျှင် တန်းတူရည်တူ ပြောဆိုခွင့်ရဖို့နှင့် အပြန်အလှန် အသိအမှတ်ပြုမှုတွေ ရှိရမည်ဟု စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ပြီး ဖမ်းဆီခံ ကျောင်းသားခေါင်းဆောင် ၃ ဦးကို ချက်ချင်း ပြန်လွှတ်ပေးဖို့ စက်တင်ဘာလ ၂၉ ရက်နေ့တွင် နအဖဥက္ကဌထံ စာရေးတောင်းဆိုခဲ့သည်။

ထိုသို့ တောင်းဆိုနေသည့်ကြားမှပင် စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းတွင် နောက်ထပ်ခေါင်းဆောင် ၃ ဦးအနက် ကိုမင်းဇေယျာနှင့် ကိုပြုံးချိုတို့ကို ထပ်မံဖမ်းဆီးလိုက်ပြန်သည်။ သို့သော် ကျောင်းသားခေါင်းဆောင်တို့၏ လှုပ်ရှားမှုများက ရပ်တန့်မသွား။ တဗိုလ်ဆင်း တဗိုလ်တက် ခေါင်းဆောင်မှုဖြင့် ဒီလှိုင်းများပမာ ရှေ့ဆက်တက်လာခဲ့သည်။ အဖမ်းမခံရဘဲ ကျန်ရစ်သည့် ကိုမြအေးနှင့်အတူ ကိုဂျင်မီနှင့် ကိုအံ့ဘွယ်ကျော်တို့က ပြောရေးဆိုခွင့်ရှိသူတွေအနေနှင့် ထပ်မံ ထွက်ပေါ်လာခဲ့သည်။ ထိန်းသိမ်းခံရသည့် ကျောင်းသားခေါင်းဆောင်များသည် နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရသည်များအပေါ် အာဃာတမထားဘဲ စေတနာမှန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ နအဖစစ်အစိုးရအနေနှင့် ယခုကဲ့သို့ ဖမ်းဆီးမှုတွေလုပ်နေမည့်အစား တိုင်းပြည်ပြဿနာတွေကို ဆွေးနွေးအဖြေရှာဖို့ အချိန်ကျပြီဆိုတာကို သိဖို့လိုကြောင်း ရဲရဲတင်းတင်းပင် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးနှင့် အထိန်းသိမ်းခံ ကျောင်းသားခေါင်းဆောင် ၅ ဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ရေးနှင့် တွေ့ဆုံဆွေးနွေးမှု ပေါ်ထွန်းရေးအတွက် လူထုလက်မှတ် ကောက်ခံစုဆောင်းမှုကို အဆိုပါ ကျောင်းသားခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် စတင်တော့သည်။ သြဇာကြီးမားသည့် စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာ၊ စာရေးဆရာကြီး နန်းညွန့်ဆွေ၊ နာမည်ကျော် အနုပညာရှင် ကိုဇာဂနာတို့ အပါအ၀င် အောက်တိုဘာလ ၂၃ ရက်နေ့အထိ လူထုလက်မှတ်ပေါင်း သုံးသိန်းခွဲကျော် ကောက်ခံရရှိပြီးဖြစ်ကြောင်း သိရသည်။ ရပ်ဝေးမှရောက် လာဦးမည့် လက်မှတ်များနှင့် မရေတွက်ရသေးသည့် လက်မှတ်များလည်း အများအပြား ကျန်ရှိသေးကြောင်း သိရသည်။ ထို့အပြင် အမျိုးသားညီလာခံ စတင်သည့် အောက်တိုဘာလ ၁၀ ရက်နေ့မှ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ မွေးနေ့ဖြစ်သည့် အောက်တိုဘာလ ၁၈ ရက်နေ့အထိ ဆင်နွှဲခဲ့သည့် အဖြူရောင်လှုပ်ရှားမှုတွင်လည်း လူထုလူတန်းစား အလွှာပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့သည့်အတွက် နအဖတို့ အကြီးအကျယ် ထိတ်လန့်တုန်လှုပ်ခဲ့လေသည်။ အစိုးရရုံးဌာနများ၊ တက္ကသိုလ်များ၊ အထက်တန်းကျောင်းများတွင် ၀န်ထမ်းများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကို ပါဝင်လက်မှတ်မရေးထိုးကြဖို့ ၀န်ခံကတိ လက်မှတ်ထိုးခိုင်းရသည်အထိ နအဖတို့ကို အရှိုက်ထိစေခဲ့သည်။ နယ်များတွင် လက်မှတ်ကောက်ခံ စုဆောင်းပေးသူများကိုလည်း အပြစ်မဲ့ ဖမ်းဆီးထောင်ချသည်အထိ နအဖလက်ပါးစေများက အရုပ်ဆိုး အကျည်းတန်စွာ ပြုလုပ်ခဲ့လေသည်။

နအဖအနေနှင့် ကျောင်းသားခေါင်းဆောင်များ၏ ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ လုပ်ဆောင်ခဲ့သည့် “၈၈ မျိုးဆက်ကျောင်းသားများနှင့် ပြည်သူလူထု၏ဆန္ဒပြုလွှာ” လက်မှတ်ကောက်ခံစုဆောင်းမှုနှင့် အဖြူရောင်လှုပ်ရှားမှုတို့အပေါ် နည်းအမျိုးမျိုးနှင့် ဟန့်တားနှောက်ယှက်ခဲ့ခြင်းသည် ထိုလှုပ်ရှားမှုများမှတဆင့် နအဖဖြုတ်ချရေး ပြည်လုံးကျွတ်အုံကြွမှုကြီးအထိ ရောက်ရှိသွားမှာကို တွေးတောကြောက်ရွံ့ကာ ကြိုတင်တားဆီးခြင်း ဖြစ်ပေသည်။ သို့သော် ကျောင်းသားခေါင်းဆောင်များက ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ အထိန်းသိမ်းခံခေါင်း ဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တဗိုလ်ဆင်း တဗိုလ်တက် ခေါင်းဆောင်မှုဖြင့် ဒီလှိုင်းများသဖွယ် ရှေ့ဆက်ချီတက်လာမည်မှာ သေချာနေပေသည်။ ပြည်သူလူထုကြီးကလည်း ကျောင်းသားခေါင်းဆောင်တို့၏ စနစ်ကျသည့် ဦးဆောင်မှုနောက်ကို လိုက်ပါဖို့ အသင့်ဖြစ်နေသည်ကို တွေ့ရပေပြီ။ ထို့သိုသောအနေအထားတွင် နိုင်ငံရေးအရ ဦးဆောင်ပါတီဟု အများက လက်ခံထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များအနေနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တို့၏ ဦးဆောင်မှုဖြင့် မြင့်တက်လာနေသည့် နိုင်ငံရေးအရှိန်အဟုန်ကို အောင်ပွဲအဆုံးအထိတိုင် သယ်ဆောင်ဖို့ မည်သို့သော နိုင်ငံရေးတိုက်ပွဲမျိုး စတင်ဆင်နွှဲမည်လဲဆိုသည်ကို စောင့်ကြည့်အကဲခတ်ဖို့ ရှိပေသည်။

ဒေါက်တာလွဏ်းဆွေ
(၂၀၀၆ ခုနှစ် နိုဝင်ဘာလထုတ် ခေတ်ပြိုင်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။)

No comments: