အာဖ်ံကြီး
အာဖျံကွီးတို့ တိုင်းပြည်က မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်ဆိုတာ ‘ကြွက်ချေးထဲ ဆွမ်းဆန်ရော’ ဆိုသလို ကောင်းတဲ့ အစီအစဉ်က ခပ်နည်းနည်း၊ မကောင်းတဲ့ အစီအစဉ်က ခပ်များများရယ်။ ကိုယ်ကြည့်ချင်တဲ့ ကိုးရီး ယား မင်းသမီးချောလေးတွေကို ကြည့်ရဖို့အရေး ဒို့အရေး (အဲလေ … ယောင်လို့) တော်တော် စိတ်ရှည်သည်း ခံပြီး စောင့်ဆိုင်းရတာကလား။ တနေ့တနေ့ အိမ်မှာ ထမင်း၊ ဟင်းချက်စားပုံမရတဲ့ နအဖစစ်ဗိုလ်တစု တတိုင်း တပြည်လုံးလှည့်ပြီး လျှောက်ပတ် စားသောက်တာတွေကို သည်းညည်းခံပြီး ကြည့်ရ၊ နောက်စစ်ဗိုလ်တစု က လိုအပ်တာတွေ မှာစားနေတာကို အောင့်အီးပြီး စောင့်စားရ၊ နောက်စစ်ဗိုလ်တစုက ကြက်တွေကို လက်ညှိုး နဲ့ထိုးထိုးပြီး (ဘာလုပ်မ လို့လဲမသိ) နောက်တော်ပါတွေကို မှာကြားနေတာကို ဖင်ကျိန်းအောင်ကြည့်ရ၊ ကြံ့ဖွံ့ တွေလိပ် ခေါင်းထွက်မတတ် လိမ်လည် အော်ဟစ်နေတာကို နားကွဲမတတ် နားထောင်ရနဲ့ ကိုးရီးယား နတ်သ မီးလေးတွေနဲ့ ဖူးစာဆုံရဖို့အရေး တော်တော်လေး ၀ဋ်ဒုက္ခကြီးတယ်လို့ပဲ ဆိုရပေတော့မယ်။ သူတို့သတင်းတွေ ကို ကြည့်ရတာ အကုသိုလ်ဖြစ်တယ်ဆိုပြီး တီဗီကို ပိတ်ထားပြန်ရင်လည်း (ထမင်းမေ့ဟင်းမေ့ ကြေညာတတ် တဲ့ သတင်းအစီအစဉ်က ဘယ်အချိန်ပြီးမှန်း မသိရတော့) ကိုးရီးယားမင်းသမီးချောလေးတွေကို အစကနေ မရှုစားလိုက်ရမှာ စိုးသေး။ အဲဒါကြောင့် တခါတခါမှာ မကြည့်သော်လည်း ဖွင့်ကာထားရတော့ မမြင်ချင်တာ တွေ မြင်နေရတော့တာပေါ့။
တညသားမှာ မင်းသား မင်းသမီးတွေအကြောင်း ရေးစားနေတဲ့ ယဲလိုးဂျာနယ်လစ် မြတ်ခိုင်ရဲ့ ဖော်လံဖားပုံ ကြောင့် တီဗွီသတင်းကြည့်ရင်း အကုသိုလ်တ၀က် ဟာသတ၀က် ဖြစ်ခဲ့ရလေရဲ့။ အဲဒီညက နအဖရဲ့ အထူး သတင်းစာ ရှင်းလင်းပွဲ ရှိတယ်လို့ ကြားတာနဲ့(သူတို့ ဘာတွေ လိမ်ဦးမလဲဆိုတာ သိချင်စိတ်နဲ့) အာဖျံကွီး လည်း အဖွားနဲ့အတူ တီဗွီရှေ့ ရောက်နေမိတယ်။ တီဗီဖန်သားပြင်ပေါ်မှာ နအဖ သတင်းထုတ်ပြန်ရေးကော် မတီရဲ့ သတင်းစာရှင်းလင်းပွဲ ၂-၂၀၀၆ ဆိုတဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပတဲ့ မြင်ကွင်းတွေကို တွေ့နေရလေရဲ့။ ပြန်ကြားရေးဝန်ကလေး ဗိုလ်ကျော်ဆန်းတယောက် စာရွက်ကြည့်ပြီး လိမ်လည်ဖတ်ကြား နေတာကို အာဖျံကွီးရဲ့ အဖွားက ဆေးလိပ်ဖွာလိုက် မေးခွန်းထုတ်လိုက် လုပ်နေလေရဲ့။ အာဖျံကွီးလည်း အဖွားမေးသမျှကို ချောမိတဲ့အလား တရစပ် ဖြေနေရလေရဲ့။ အဖွားက ဗိုလ်ကျော်ဆန်း ငုံ့ငုံ့ဖတ်နေတာကို ကြည့်ပြီး …
‘ဟဲ့ မြေးလေး သူဖတ်ပြနေတာတွေ အဟုတ်ပဲလားကွဲ့’
‘ဟာ အဖွားကလည်း ဘယ့်နှယ့် ဟုတ်ရမှာလဲ၊ သူတို့က ဒီလိုပဲ အမြဲလိမ်ပြောနေကျဟာကို’
‘ဟုတ်လား၊ သိပါဘူးဟယ်၊ ငါက အဟုတ်မှတ်လို့ နားထောင်နေတာ၊ တကထဲ’
‘အဖွားပဲ ၉၀ခုနှစ်တုန်းက သူတို့လုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ မဲပေးခဲ့သေးတယ်မဟုတ်လား’
‘အေးလေ ငါ ခမောက်ကို မဲပေးခဲ့တာပဲ၊ အဲဒါဘာဖြစ်လဲဟဲ့’
‘ဘာဖြစ်ရမလဲ အဖွားရဲ့၊ အဖွားမဲပေးခဲ့တဲ့ ခမောက်အဖွဲ့ မဲနိုင်တော့ သူတို့ အာဏာလွှဲပေးလို့လား’
‘အေးနော်၊ တော်တော်စုတ်ပဲ့တဲ့ လူတွေ’
‘အဲဒါကြောင့် ပြောတာပေါ့၊ အဲဒီစုတ်ပဲ့တဲ့ လူတွေ ပြောတဲ့ဟာ ဟုတ်ပါ့မလားဆိုတာ အဖွားဘာသာ စဉ်းစား ကြည့်ပေါ့’
‘ဟုတ်ပ လူလိမ်တွေပါတော်၊ ပိတ် ပိတ် တီဗွီပိတ်လိုက်တော့၊ နေရင်းထိုင်ရင်း အကုသိုလ်များတယ်’
‘အကုသိုလ်များပေမယ့် ဒါပြီးရင် ကိုးရီးယားကားလာတော့မှာ အဖွားရဲ့၊ အဖွားရဲ့ အကုသိုလ်တွေကို ကိုးရီး ယားကားနဲ့ ဆေးကြောလိုက်ပေါ့’
မေးခွန်းထုတ်ရတာ မောသွားလို့ပဲလား၊ သတင်းစာရှင်းလင်းပွဲကို ကြည့်ရတာ အကုသိုလ်ဖြစ်လို့ပဲလား မသိ၊ အဖွားတယောက် အသံတိတ်သွားပြီး ဆေးပေါ့လိပ်ပဲ တွင်တွင် ဖွာနေတော့တယ်။ အဲဒီအချိန်မှာ ဗိုလ်ကျော် ဆန်းရဲ့ ဖတ်ကြားမှုပြီးဆုံးသွားပြီး တက်ရောက်လာတဲ့ သတင်းသမားတွေထဲက မေးမြန်းမှုတွေကို ပြန်လည် ဖြေကြားပေးတဲ့ အစီအစဉ် စတင်ပါတော့တယ်။ အဖွားလည်း မျက်မှောင်ကြုတ်ပြီး အသံတိတ်ငေးရင်း ဆေး လိပ်ဖွာနေလေရဲ့။ အဲဒီအစီအစဉ်မှာ မြတ်ခိုင်တယောက် အများတကာတွေ မျက်စိနောက်လောက် အောင် မေးခွန်းတွေ တခုပြီးတခု ထထပြီး မေးပါလေတော့တယ်။ သူထုတ်တဲ့ ဂျာနယ်တွေထဲမှာ သူ့ပုံသူ ခဏခဏ ထည့်တာ တွေ့ဖူးတဲ့ အာဖျံကွီးက မြင်တာနဲ့ သူ့ကိုသိနေတာပေါ့။ သူက တခွန်းမေးမယ်လုပ်တိုင်း ‘ခုနက ကျ နော်တို့ ဗိုလ်ချုပ်ပြောသွားတဲ့အတိုင်း’ ဆိုပြီး ဖော်လံဖားတဲ့ လေသံကြီးနဲ့ ခဏခဏပလင်ခံပြီး ပေါက်တတ်ကရ မေးခွန်းတွေ ထထမေးနေလေရဲ့။
ကြာတော့ ဆေးလိပ်ဖွာပြီး အသံတိတ်ငေးနေတဲ့ အာဖျံကွီးရဲ့ အဖွားဆီက မေးခွန်းထုတ်သံ ပြန်ထွက်လာလေ ရဲ့။
‘ဟဲ့ မြေးလေး၊ အဲဒီအကောင်က ဘယ်သူလဲ’
‘အဲဒါ အချစ်ဂျာနယ်က အယ်ဒီတာချုပ် မြတ်ခိုင်ဆိုတာပေါ့ အဖွားရဲ့’
‘ဟုတ်လား သိပါဘူး၊ ငါတော့ သူ့ကြည့်ရင်း မျက်စိတောင်နောက်လာပြီ၊ သူချည်းပဲ ထမေးနေတာပဲ၊ သူများ မေးဖို့လေးများ ချန်ထားပါဦးတော့လား၊ တကထဲ’
‘သူ့အကျင့်က အဲဒီလိုပဲ အဖွားရဲ့၊ လူထူထူဆိုရင် ပေါက်ကရတွေ ထထမေးတတ်တယ်’
‘နို့နေပါဦး၊ သူ ပြောပြော နေတဲ့ ဗိုလ်ချုပ် ဗိုလ်ချုပ်ဆိုတာ ဘယ်သူ့ကို ပြောနေတာလဲ ငါ့မြေးရဲ့’
‘အဲဒါ ခုနက စာငုံ့ငုံ့ဖတ်နေတဲ့ ဗိုလ်ကျော်ဆန်းကို ဖားပြီး အဖျားဆွတ်ခေါ်နေတာ အဖွားရဲ့၊ အဖွားက သေချာ လည်း နားမထောင်ဘူးဗျာ’
အဲဒီမှာတင် အဖွားပြောလိုက်တဲ့ စကားကြောင့် အာဖျံကွီးမှာ အကုသိုလ် ဖြစ်နေရာက တ၀ါးဝါးနဲ့ ရယ်မောမိ တော့ရဲ့။ အဖွားပြောလိုက်ပုံက …
‘သိဘူးလေဟယ်၊ ငါက ငိုက်တ၀က် ကြည့်တ၀က်ဆိုတော့ ဗိုလ်ချုပ်ဆိုတာ ငါတို့ ဗိုလ်ချုပ်အောင်ဆန်းကို ပြောနေတာ မှတ်လို့ပေါ့ဟဲ့၊ ဒီကောင်ကလည်း ဖားစရာရှားလို့ လူလိမ်ကိုမှ ငါတို့ဗိုလ်ချုပ်နာမည်ကို ခေါ်ပြီး ဖားရလားဟဲ့၊ မတန်မရာကွယ်’တဲ့။
(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)
Saturday, August 2, 2008
ဖားစရာရှားလို့ ...
Subscribe to:
Post Comments (Atom)
1 comment:
ပြန်ကြားရေးဝန်ကလေး ဗိုလ်လိပ်တမော့.... အဲ အဲ ဗိုလ်ကျော်ဆန်းနှင့် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေသည် ညီအစ်ကို ဝမ်းကွဲ တော်စပ်ပါသည်။
Post a Comment