Wednesday, July 2, 2008

နာဂစ်လွန် အရေးတော်ပုံ (သို့မဟုတ်) ရန်ဘက်ပဋိပက္ခ

ရွာဘေးက - သာအေး

စစ်အစိုးရနဲ့ မြန်မာပြည်လူထုရဲ့ နှစ်ဖက်ကြားက နိုင်ငံရေးပြဿနာဟာ ယနေ့အချိန်မှာ ရန်ဘက်ပဋိပက္ခ ဖြစ်နေပါပြီ။ ပြည်တွင်း နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေ၊ ပြည်သူတွေအားလုံးဟာ မိတ်ဘက် ပဋိပက္ခအဖြစ် ဖြေရှင်းဖို့ နည်းပေါင်းစုံနဲ့ ကြိုးစားခဲ့ကြတယ်။

- နိုင်ငံရေးပါတီတွေဟာ ၁၉၈၈ ကတည်းက တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲကိုလည်း ငြိမ်းငြိမ်းချမ်းချမ်း ၀င်ခဲ့တယ်။ ရွေးကောက်ပွဲ နိုင်ငြားလည်း စင်ပြိုင်အစိုးရဖွဲ့ဖို့ စွန့်လွှတ်ခဲ့တယ်။
- ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြပေါက်ကွဲမှုမျိုးကို ထိန်းချုပ်ခဲ့တယ်။ အကြမ်းဖက် သတ်ဖြတ်၊ ရိုက်နှက်မှုတွေကို သည်းခံခဲ့တယ်။ ငတ်ပြတ်မွဲတေမှုကို ရင်စည်းခံခဲ့တယ်။
- လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေဟာ လက်နက်ကိုင် တိုက်ခိုက်ရေးကိုပင် ဆိုင်းထားခဲ့တယ်။ အမျိုးသားညီလာခံ တက်ကြဆိုတော့လည်း ၀ိုင်းတက်ပြီး ထိပ်တိုက်တွေ့ရေးကို ရှောင်ခဲ့တယ်။
- နောက်ဆုံး သင်ပုန်းခြေရေးကို အဆိုပြုတယ်။ စစ်အုပ်စုရဲ့ (ဒီဖက်တို) အစိုးရကို တရားဝင် (ဒီဂျူရီ) အစိုးရအဖြစ် အသိအမှတ်ပြုဖို့ထိ ကမ်းလှမ်းခဲ့တယ်။
အဲဒီလို လူထုတရပ်လုံးက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားအားထုတ်ခဲ့ကြပေမယ့်၊ နအဖရဲ့ တုန့်ပြန်ချက်က ခေါင်းမာမှု အကြမ်းဖက်မှု ကတိပျက်မှု ကလိန်ကျမှုတွေသာဖြစ်ကြောင်း တွေ့ရမယ်။
နအဖစစ်အစိုးရဟာ …

- ၁၉၉၀ ရွေးကောက်ပွဲ ကတိက၀တ်ကို ဖျက်တယ်။
- ၁/၉၀ ကြောညာချက်ကိုပင် ကိုယ်တိုင် သွေဖည်တယ်။
- သမိုင်းစာမျက်နှာသစ်ဖွင့်ပြီ ဆိုသလိုလိုနဲ့ ကလိမ်ကျတယ်။
- နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားခေါင်းများ လူငယ်ခေါင်းဆောင်များ၊ နိုင်ငံရေး လုပ်သူမှန်သမျှ တုတ်တုတ်မှ မလှုပ်နိုင်အောင် သိမ်းကျုံး ဖမ်းချုပ်ထားတယ်။
- အကြမ်းဖက် ရိုက်ပွဲနှက်ပွဲတွေကို ဦးဆောင်ကျူးလွန်တယ်။
- သံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ် ရိုက်နှက်ပြီး သာသနာတော်ကို စော်ကားတယ်။
- အခြေခံဥပဒေကို အတည်ပြုပွဲ မလုပ်မီ ကတည်းက ရွေးကောက်ပွဲအသစ်လုပ်ဖို့ အကွက်ဆင်ထားတယ်။
- နာဂစ် လေမုန်တိုင်း ဒဏ်ခံရတဲ့ ပြည်သူပြည်သားတွေကို တာဝန်မဲ့ ပြစ်ထားတယ် ။

ဒီလို နအဖရဲ့ ဆောင်ရွက်သမျှဟာ အစိုးရတရပ်အနေနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးဆိုးကျိုးကို တာဝန်ယူဖို့ထက် စည်းစိမ်နဲ့ အာဏာမြဲရေးကို မထိဖို့ အမြဲတမ်း ရှေ့ရှုခဲ့တာဖြစ်တယ်။ ပြည်သူလူထုအပေါ် (ငါ့အာဏာကို ဖျက်ဆီးလုယူမယ့် ရန်သူတွေ)လို့ သဘောထားပြီး အငြိုးအတေးကြီးကြီးနဲ့ နေရာတကာ နှိပ်ကွပ်တယ်။
ဒါတွေကြောင့် လူထုဘက်ကလည်း နအဖအပေါ် နောက်ဆုံး ခံစားရတဲ့ နာသုံးနာ (သံဃာများအပေါ် စော်ကားမှု၊ အခြေခံဥပဒေ ဇွတ်ဖန်တီးမှု၊ နာဂစ်မုန်တိုင်းကိစ္စ တာဝန်မဲ့မှု)နဲ့ ပေါင်းပြီး ရွံ့ကြောက် မုန်းတီးမှုနဲ့ ဖြေမရတဲ့ နာကျည်းချက်တွေ အမြစ်ခိုင်လာကြတယ်။

ဒီလိုနဲ့ ယနေ့အချိန်မှာ စစ်အစိုးရနဲ့ ပြည်သူလူထု နှစ်ဖက်ကြားက ပြဿနာဟာ (တနိုင်ငံသားချင်းပေမယ့်) မိတ်ဘက်ပဋိပက္ခ မဟုတ်တော့ဘဲ ရန်ဘက်ပဋိပက္ခ အဖြစ် လုံးလုံးရောက်လာရတာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ပြည်သူလူထုဘက်က စစ်အုပ်စုနဲ့ ရင်ဆိုင်တဲ့ နည်းနာကို သုံးသပ်ဖို့ လိုလာပါပြီ။ ပြဿနာတရပ်ဟာ ရန်ဘက်ပဋိပက္ခ ဖြစ်လာရင် ရန်ဘက်ပဋိပက္ခလို စဉ်းစားရမယ်၊ ရန်ဘက်ပဋိပက္ခလိုပဲ ဖြေရှင်းရပါတော့မယ်။ အခုလည်း လက်တွေ့က ပြဌာန်းလာပြီမို့ ကိုယ်တိုင်က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ရန်ဘက်ပဋိပက္ခ ဖြေရှင်းနည်းနဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ဖြစ်လာပါတယ်။

ကိုယ့်ဘက်က ရန်သူမိတ်ဆွေ မပြတ်သားခဲ့မှုကြောင့် တော်လှန်ရေးသက်တမ်း ရှည်ရတယ်လို့ အမျိုးသား တော်လှန်ရေးသမားကြီးတွေ ပြောဖူးပါတယ်။ သွေးထွက်အောင်မှန်တဲ့ တရားဖြစ်တယ်။ ရန်ဘက်ပဋိပက္ခကို ဖြေရှင်းရာမှာ အတွေးအခေါ်ရော လက်တွေ့ပါ ရှင်းလင်းပြတ်သားဖို့ လိုမယ်။ ရှုပ်ထွေးတဲ့ အမြင်၊ စိတ်ကူးယဉ် အတွေးတွေဟာ အနှောင့်အယှက် အဖျက်အဆီးဖြစ်တယ်။ လက်တွေ့မှာလဲ (ဟို ရီဆော်လူရှင်း ဟုတ်နိုးနိုး၊ ဒီ စတြာတီဂျီ ကောင်းနိုးနိုး ) စမ်းတ၀ါးဝါး စခန်းသွားလို့ မရပါ။ ဒီလို ဖီလိုဆော်ဖီနဲ့ ဒီလို ဖေါ်နည်းကားတွေကို ခ၀ါချ နိုင်ရပါမယ်။

စစ်အုပ်စုကတော့ သူ့ဘက်ကိုယ့်ဘက် အမြင်ပြတ်တယ်၊ ဖြေရှင်းမှုတွေကလဲ လက်တွေ့ကျတယ်။ အတွေးအခေါ်အရ စစ်အာဏာရှင်စနစ်ကို တရားသေ ဆုပ်ကိုင်ထားတယ်။ လက်တွေ့မှာ ခေါင်းမာတယ် ရက်စက် ပြတ်သားတယ်။ သည့်အပြင် စိတ်အနေအထားအရ ပဒေသရာဇ်ရောဂါ စွဲကပ်နေသူတွေ ဖြစ်တယ်။
သည်လိုလူများထံက လက်ဖြန့်ခံ တောင်းယူနေလို့ အရာထင်မှာ မဟုတ်ပါ။ တိုက်ယူ ဆွဲယူမှသာ ကိစ္စပြီးနိုင်မယ်။ တည့်တည့်ဆိုရရင် တိုက်ပွဲနဲ့သာ အောင်ပွဲခံနိုင်မယ်။ တိုက်ပွဲဆိုလိုက်တာလည်း လူထုအုံကြွမှုတိုက်ပွဲ၊ လက်နက်ကိုင်တိုက်ပွဲ မှတပါး အခြားမရှိတော့ပါ။

တကယ်တမ်းမှာလည်း မြန်မာပြည်သားတွေဟာ တိုက်ပွဲဝင်ဖို့ လက်တွန့် ကြောက်ရွံ့ကြသူများ မဟုတ်ကြပါ။ ငါ၏ ဦးခေါင်းသည် သွေးချင်းချင်း နီသော်လည်း ဦးကားမညွတ်၊ ဖိလျှင်ကြွမည် ထိလျှင်ချမည်ဆိုတဲ့ အစဉ်အလာ ရှိသူများ ဖြစ်တယ်။ သမိုင်းမှာ ‘ဂျွန်း’ စစ်သားတွေကို အနိုင်တိုက်ဖူးတယ်။ မွန်ဂိုတာတာတွေရဲ့ အာရှစံချိန်စစ်တပ် ကိုလည်း ခုခံခဲ့တယ်။ နေမ၀င် အင်ပါယာ နယ်ချဲ့ကိုလည်း တွန်းလှန်ခဲ့တယ်။ နေမျိုးနွယ်ဆိုတဲ့ ဖက်ဆစ်တွေကိုလည်း မောင်းထုတ်ခဲ့ဖူးပါတယ်။

ဒီနေ့ ဒီအချိန် စစ်အုပ်စုနဲ့ ရင်ဆိုင်ရာမှာလည်း သမိုင်းအစဉ်အလာအတိုင်း၊ နယ်ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်တော်လှန်ရေးတို့ကို အတုယူပြီး …

- လာမယ့်ဘေး ပြေးတွေ့
- သေမြေကြီး ရှင်ရွှေထီး
- ကြောက်ရင်လွဲ ရဲ မင်းဖြစ် … ဆိုတဲ့ သတ္တိဗျတ္တိတွေနဲ့ မတွန့်မရွံ့ တိုက်ပွဲဝင်ကြရပါတော့မယ်။

ရွာဘေးရောက်နေကြသူ ကျနော်တို့က ရွာထဲမှာ သောင်းကျန်းနေတဲ့ သူကြီးနဲ့ သူကြီးသားကို ၀င်ရိုက်ဖို့ ချောင်းနေကြတယ် ဆိုတဲ့အကြောင်းလည်း သတင်းပါးလိုက်ပါရစေ။

ရွာဘေးက - သာအေး

No comments: