Wednesday, July 9, 2008

ကျမ မမြင်ချင်တော့သော …

အရင်ကတော့ ဒီနေရာလေးကိုရောက်ရင် ကျမမျက်လုံးအစုံက တစ်စုံတစ်ယောက်ကို ရှာဖွေနေမိတတ်ပါတယ်။ ကလေးတွေ ကျောင်းအပို့မှာ မရှိသေးရင် စောနေသေးတာပဲလို့ တွေးမိတတ်ပေမယ့် ၁၀နာရီလောက်ဆိုရင် တော့ သူရောက်နေတတ်ပါပြီ။ ထီးကလေးဆောင်းပြီး ပေါင်ချိန်စက်ကလေး ရှေ့ချလို့ပေါ့။ နေ့လည်နေခင်း မှာလည်း သူ ရှိနေတတ်ပါတယ်။ ညနေစောင်း၊ ဒါမှမဟုတ် မှောင်စပျိုးချိန် ကျမတို့ ရုံးက အပြန်ဆိုရင်တော့ သူရှိမနေတော့ပါဘူး။ ဒီတော့ သူ့ရဲ့ အလုပ်ချိန်က မနက် ၁၀နာရီခွဲ ပတ်ဝန်းကျင်ကနေ ညနေ လေးနာရီ လောက်ထိ ဖြစ်နေမယ် ထင်ပါတယ်။

ကျမ သူ့ကို ပြန်စတွေ့တုန်းက အံ့အားသင့်ပြီး ၀မ်းသာစိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။ ၀မ်းသာရတာကတော့ ကျမတို့ ကျောင်းတက်ခါစကတည်းက ကျမတို့အပေါ် ကောင်းခဲ့တဲ့ အဆောင်က ထမင်းချက် ဦးလေးလာ ကြီးကို ပြန်တွေ့လိုက်ရလို့ပါ။ စိတ်မကောင်းဖြစ်ရတာက ခက်ခက်ခဲခဲ အသက်မွေးဝမ်းကျောင်း ပြုနေရတာကို ကျမမျက်စေ့အောက်မှာ မြင်နေရလို့ပါပဲ။ ကျမတို့ အဆောင်နေစဉ်က ကျမတို့ရဲ့ အားကိုးအားထားပြုရာ ဦးလေးကြီးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီအထဲကမှ ဦးလေးလာ တစ်ယောက်ကိုတော့ဖြင့် ကျမ အခင်ဆုံးပါ ပဲ။ တိုင်းရင်းသားအသံဝဲ၀ဲနဲ့ သူပြောတဲ့စကားကို နှစ်ခါသုံးခါ ထပ်ပြောမှ နားလည်ခဲ့ရပေမယ့် သူ့ရဲ့ရိုးသားမှုကို ကျမခံစားလို့ရခဲ့လို့ ဖြစ်မယ်ထင်ပါတယ်။

ကျမ အမျိုးသားကိုပြောတော့ သူက သွားကြည့်ရအောင်လို့ ဆိုပါတယ်။ ဦးလေးလာ ပေါင်ချိန်စက်ရှေ့မှာ ထိုင်နေတုန်း ကျမတို့ ရောက်သွားခဲ့ပါတယ်။ ကားရပ်ရတာ အဆင်မပြေလို့ လွတ်တဲ့နေရာမှာ ရပ်ထားခဲ့ပြီး သွားရပါတယ်။ ဦးလေးလာ လားလို့ ကျမမေးတော့ ကျမကို ရီဝေတဲ့ ရင့်ရော်နေတဲ့ မျက်လုံးအစုံနဲ့ ကြည့်ပါတယ်။ ကျမအမျိုးသားက လူမှားမှာစိုးလို့ ဦးလေးနာမည် ဘယ်လိုခေါ်လဲလို့ ထပ်မေးပါတယ်။ လေးလာလေ … လို့ ပြန်ဖြေပါတယ်။ (ကျမနားထဲတော့ လေးလာ လား၊ လေးလှိုင် လား။ ခုထိ မသဲကွဲသေး ပါဘူး။) အရင်တုန်းက သဇင်ဆောင်မှာ လုပ်ခဲ့တာလားလို့မေးတော့ ဟုတ်တယ်လေလို့ ပြန်ပြောပါတယ်။ ဦးလေး ကျမကို မှတ်မိလားဆိုတော့ စေ့စေ့စပ်စပ် ကြည့်နေပေမယ့် သိပ်မှတ်မိဟန်မတူပါဘူး။ ကျမကိုယ် တိုင်ရဲ့ ပုံရိပ်တွေကလည်း ပြောင်းလဲခဲ့နေပြီလေ။ ကျမနာမည်ကို ပြောပြလိုက်တော့မှ ဦးလေးလာက အော် … ဟုတ်လားဆိုပြီး ပိန်သွားတယ်နော်တဲ့။ ဟုတ်ပါရဲ့ ကျမအရင်က အခုလိုပုံစံမျိုးမှ မဟုတ်ခဲ့တာ။ နှစ်နှစ်ဆယ် ကျော် ကြာခဲ့ပြီပဲ။ အဲဒါနဲ့ ပိုက်ဆံငါးထောင် သူ့လက်ထဲ ထည့်လိုက်တော့ ၀မ်းတွေသာပြီး ဆုတွေပေးနေလေ ရဲ့။

နောက်ပိုင်း ကျမ အဲဒီနေရာရောက်တိုင်း သတိထားကြည့်နေမိတယ်။ မလာရင် သူများ နေမကောင်းဘူးလား ပေါ့။ ဒီဇင်ဘာနားနီးတော့ သတိရပြန်ပါတယ်။ သွားတွေ့ချင်ပေမယ့် ကျမတို့မှာ အချိန်တွေက ရှားပါးပါတယ်။ အဲဒီနေရာကလည်း မဝေးပေမယ့် ကျမတို့အတွက် rush-hour ဖြစ်နေတတ်လို့ စိတ်သွားတိုင်း ကိုယ်မပါနိုင် ခဲ့ပါဘူး။ နောက်တော့ ကျမတို့ ခရီးသွားတာနဲ့၊ နာဂစ်တွေနဲ့ အလုပ်ရှုပ်နေပေမယ့် သူ့ကိုတော့ အဲဒီနေရာ ရောက်တိုင်း ရှာကြည့်မိပါတယ်။

မတွေ့တာ အတော်ကြာပြီး တစ်ရက်မှာတော့ ကားမှတ်တိုင်ဘက်နားမှာ တုန်တုန်ချိချိနဲ့ လမ်းဖြတ်ကူးနေတဲ့ သူ့ကိုတွေ့တော့ ကားမောင်းနေတဲ့ အမျိုးသားကို ဦးလေးလာ ဦးလေးလာလို့ အလောတကြီး ပြောမိပါတယ်။ အမျိုးသားက ကျမကိုကြည့်ပြီး တွေ့ချင်လို့လားလို့မေးပြီး ကားကို တပတ်ပြန်မောင်းပို့ ပြန်တော့လည်း ကားဂိတ်မှာ ရှိမနေပြန်ပါဘူး။ ခုနက သေသေချာချာ တွေ့လိုက်တာပဲလို့ မကျေမနပ် ပြောမိတော့ အခုမှ လာတာ ဖြစ်မယ်ထင်တယ်ဆိုပြီး သူ့နေရာလေးဆီကို ပြန်မောင်းပေးပြန်ပါတယ်။ တွေ့ပါပြီ။ ခုမှ ၀ယ်လာ ဟန်တူတဲ့ ထမင်းဖြူထုပ်လေးကို မိုးရွာကြီးထဲမှာ ဖွင့်ရင်း စားနေဟန်ပါပဲ။ ထမင်းဖြူချည်း သက်သက်မို့ စားမ၀င်ဘူးနဲ့ တူပါတယ်။ ပြန်ချည်ထုပ်ထားလိုက်ပြန်တယ်။ ကျမလည်း လောလောလတ်လတ် နာဂစ်ကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေလို့နဲ့ တူပါရဲ့။ တော်တန်ရုံကိစ္စတောင် စိတ်မကောင်းဖြစ် မိနေပြီ။

သူ ကျမကို မမှတ်မိပြန်ပါဘူး။ သူ့ကို ဂရုတစိုက် စကားလာပြောနေတဲ့ ကျမကို ပီပီပြင်ပြင် မြင်ရဟန်မတူတဲ့ မျက်လုံးအစုံနဲ့ ကြည့်နေပြန်ပါတယ်။ နာမည်ပြောလိုက်တော့မှ အော်.. ဆံပင်တွေ ဘယ်ရောက်ကုန်တာလဲလို့ ပြန်ပြောတော့မှ ကိုယ့်ဆံပင်တွေကြောင့် သူမမှတ်မိတာကိုးလို့ နားလည်လိုက်ရပါတယ်။ ကတုံးတုံးလိုက်လို့ ဆိုတော့ ကျမကို စိတ်ပူနေပြန်ပါတယ်။ နေမကောင်းလို့လားတဲ့။ မဟုတ်ပါဘူး ဦးလေးလာရယ် … သီလရှင် ၀တ်လိုက်လို့ပါဆိုမှ … အော်... တဲ့။ ကျမလည်း သွားစရာလေးက ရှိနေတော့ ကမန်းကတမ်းပဲ စကားလေး နည်းနည်းပါးပါးပြောပြီး စာအိတ်နဲ့ ထည့်လာတဲ့ ပိုက်ဆံကို သူ့လက်ထဲထည့်လိုက်တော့ ... မျက်ရည်ဝဲနေတဲ့ မျက်လုံးအစုံနဲ့ ကျေးဇူးတင်လိုက်တာကွယ် … တဲ့။ ကျမ ပြန်လှည့်ထွက်သွားတော့ သူ တစ်ခုခု လှမ်းပြော လိုက်လို့ ကျမ သူ့နားပြန်သွားပြီး မေးလိုက်တော့ ညစောင့်အလုပ်လေး ဘာလေးရှိရင် ...။ ဟုတ်သားပဲ။ ကျမကတော့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်တဲ့ ခါးပါကိုင်းနေပြီး ကိုယ့်ဝမ်းစာ ကိုယ်ပြန်ရှာနေရ တဲ့ အရင်က မိတ်ဆွေတစ်ယောက်ကို ဘယ်လိုများ ကူညီနိုင်မှာလဲ။ ကျမလည်း ဘာပဲဖြစ်ဖြစ် ပြုံးပြပြီး ပြန်ပြောပေးမယ် နော်လို့တော့ နှစ်သိမ့်ခဲ့ပါတယ်။ ကိုယ်ပေးလိုက်တဲ့ ပိုက်ဆံက မနည်းပေမယ့် ဘယ်လောက် အသုံးခံမှာလဲ။ သူ လိုသလောက်လည်း ကိုယ့်မှာ ဖြည့်နိုင်စွမ်း မရှိ။ အင်အားကလည်း ရှိမနေခဲ့။

အရင်ကတော့ ဦးလေးလာဆီသွားပြီး အင်္ကျီလေး၊ ပုဆိုးလေးတွေပေးဖို့၊ အချိန်ကလေးရရင် လ္ဘက်ရည်ဆိုင် လေးဝင်ပြီး လ္ဘက်ရည်လေးသောက် မုန့်ကလေးတွေ ၀ယ်ကျွေးပြီး စကားလေး ဘာလေးများ ပြောမလား စိတ်ကူးမိခဲ့ရဲ့။ ခုတော့ ကျမကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်နေမယ့် သူ့ဆီကို ကျမ မသွားဖြစ်တော့ပါ ဘူးလေ။ အမျိုးသားက အဲဒီနေရာရောက်တိုင်း ကျမကို မေးတယ်။ ရှိလား … တဲ့။ ကျမကတော့ ခေါင်းကို မတ်မတ်ထား ရှေ့တည့်တည့်ကြည့်ရင်း မသိဘူး၊ မကြည့်တော့ဘူးလို့ပဲ ပြန်အဖြေပေးနေမိတယ်။ ရင်ထဲ ကိုက်တယ်ဆိုတာ အဲဒီလိုမျိုးကိုး။ ကိုယ်သိနေတဲ့ သူတွေကိုလည်း ကျမ မကူညီနိုင်ဘူး။ ကိုယ်မသိတဲ့ ကိုယ့် ပြည်သူတွေအတွက်လည်း ကျမ ပိုပြီး မကူညီနိုင်တော့ဘူး။ အင်း ... ရေနစ်တဲ့သူကို ကူညီဖို့ ကိုယ့်မှာ ကျွမ်း ကျင်တဲ့ ရေကူးအတတ်တော့ ရှိနေရမှာပေါ့နော်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်က သူတစ်ယောက်တည်း ကို်ယ်လွတ်ရုန်းနိုင်ရဲ့သားနဲ့ လူသားတွေကို ကယ်တင်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ခဲ့ရ တာတွေ ...။

ကျမမှာ အင်အားတွေ အများကြီး ရှိနေချင်ပါရဲ့။ လုပ်ချင်တဲ့၊ လုပ်တတ်တဲ့၊ လုပ်နိုင်တဲ့ စွမ်းအားတွေ အ ပြည့်ရှိနေမယ့် လူသားဆန်တဲ့ လူသားတစ်ယောက်တော့ ဖြစ်ချင်စမ်းရဲ့နော် ...။

မြန်မာအမျိုးသမီးတစ်ဦး

No comments: