Thursday, July 31, 2008
လက်ဖက်ရည်ဆိုင်က ချေဂွေဗားရား
ကျနော်နေတဲ့ လမ်းထိပ်မှာ လူငယ်တစု လက်ဖက်ရည် ဆိုင်သစ်တဆိုင် ဖွင့်ကြတယ်။ တရက်တော့ လက် ဖက်ရည် သောက်ချင်တာလည်းပါတယ် ဆိုင်သစ်ကို လေ့လာချင်တာနဲ့ အဲဒီဆိုင်သစ်ဘက်ကို ရောက်ခဲ့တယ်။ ဆိုင်ရှေ့ရောက်တော့ ဆိုင်းဘုတ်ကို စတွေ့ရတယ်။ ဆိုင်နာမည်က “အတွေးသစ် ” တဲ့ ... စာလုံးဒီဇိုင်းကို ခိုင်ခိုင်နွဲ့နွဲ့ ဆက်စပ်မှုရှိရှိ ရေးထားတယ်။
ဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ အရင်ဆုံး စတွေ့ရတာက ဆိုင်နံရံအပေါ်ပိုင်းမှာ ချေဂွေဗားရားပုံကြီး နှစ်ပုံပါ။ တပုံက သံပုရာခွံဦးထုပ်ဆောင်းပြီး မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးနဲ့ ဒီဇိုင်းလုပ်ထားတယ်။ နောက်တပုံက မျက် နှာကို နည်းနည်းမော့ပြီး ဆေးပြင်းလိပ်ခဲနေတဲ့ပုံ၊ အဲဒီနှစ်ပုံကို ခန့်ခန့်ထည်ထည် ချိတ်ဆွဲထားတယ်။ ဆိုင် အတွင်းရဲ့ အလယ်နေရာ ထောင့်နေရာတွေမှာတော့ အရွက်အစိမ်းဖားဖားနဲ့ အဖြူအစက်အပြောက်တွေပါတဲ့ ဂမုံးပင်တွေကို ပန်းအိုးတွေနဲ့စိုက်ပြီး နေရာချထားသေးတယ်။
ဆိုင်ထဲမှာ ထိုင်နေတဲ့ လူငယ်တွေကတော့ သတင်းစာဖတ်သူနဲ့ အာကစားဂျာနယ် ဖတ်သူဖတ်၊ ချက်စ်ထိုးတဲ့ သူကထိုး၊ ဘောလုံးပွဲအကြောင်း ပြောတဲ့သူကပြော စကားသံတွေ ရောထွေးနေတယ်။
ကျနော် လက်ဖက်ရည်သောက်ပြီး ခံတွင်းချဉ်လို့ ရေနွေးကြမ်း သောက်နေတုန်းမှာပဲ အသက် ၂၀ ၀န်းကျင် လောက်ရှိတဲ့ လူငယ်တယောက် ဆိုင်ထဲကို ၀င်လာတယ်။ ရောက်ရောက်ချင်းပဲ စားပွဲထိုးကို လက်ဖက် ရည်မှာပြီး မထိုင်သေးဘဲ နံရံက ပုံတွေကို လိုက်ကြည့်နေတယ်။ သူ့အကြည့်တွေက ချေဂွေဗားရားပုံတွေ ဘက်ကို ရောက်သွားတယ်။ ပထမဆုံး သူစတွေ့တာက သံပုရာခွံဦးထုပ်ကို ဆောင်းထားတဲ့ ချေဂွေဗားရားပုံ စတွေ့ပြီး သူပြောလိုက်တာက .... “ စောဘဦးကြီးပုံ မိုက်တယ် ” တဲ့ ...။
သူ့အထင်နဲ့ အမြင်ကတော့လွဲပြီ၊ ဒါပေမယ့် ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်သေးဘူး၊ နည်းနည်း ပြုံးနိုင်သေး တယ်။ စောဘဦးကြီး ကရင့်တော်လှန်ရေး ခေါင်းဆောင်အဖြစ်နဲ့ တော်လှန်ရေး လုပ်နေတုန်းက ချေဂွေဗားရား လို ဒီဇိုင်းမျိုးပဲလေ။ ဒီလိုနဲ့ ချေဂွေဗားရား ဆေးပြင်းလိပ်ခဲနေတဲ့ နောက်တပုံကိုလည်း မြင်လိုက်ရော “ ဟာ ... သီဟတင်စိုး ဆေးလိပ်သောက်နေတာ မိုက်တယ်ကွာ” ဆိုပြီး အားရပါးရ ပြောချလိုက်ပါလေရော ...။
ဒီအချိန်မှာပဲ လက်ဖက်ရည် ဖျော်ခန်းထဲက အဖျော်ဆရာလေးက လှမ်းငေါ့လိုက်ပုံရတယ် ... “အဲဒါ သီဟတင် စိုး မဟုတ်ဘူး ... ကွ ... အမီတာဘဂျမ်း … မြဲမြဲမှတ်ထား”
ခန့်အောင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment