ဒေါက်တာသန်းထွန်း
မန္တလေး လူထုတိုက် ဦးလှရဲ့ အလုပ်ခန်းမှာ မမျှော်လင့် မချိန်းဆိုဘဲ နာမည်ကြီး စာရေးဆရာ တယောက်နဲ့ တွေ့တယ်။ သူက မြန်မာသ မိုင်းနောက်ခံ ၀တ္ထုရှည်ကြီးတွေကို အပြင်းအထန် ကဲ့ရဲ့ရှုတ်ချ ပြစ်တင် ဝေဖန်နေတယ်။ သမိုင်းကို လိုသလို ပြင်ဆင်ဖြည့်စွက်ပြီး စိတ်ကူးနဲ့ မှန်းဆရေးနေကြတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက် တည်း သမိုင်းကို ဘာကြောင့် သင်သလဲဆိုတာ အတိုဆုံး (လေမ ရှည်ဘဲ) ပြောပါလို့ ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က ‘မအ အောင်’လို့ ဖြေလိုက်တယ်။ အဲဒါကို (၄) မျိုးခွဲပြီး အကျယ်ပြောလို့ ရပါတယ်။ ဒါပေမယ့် မပြောလိုက်ပါ။
ရှင်းပြရမယ်ဆိုရင် သမိုင်းဟာ အထောက်အထားရှိမှ တိကျမှန်ကန် မယ်။ တိကျမှန်ကန်တဲ့ အထောက်အထားကို ရအောင်ရှာထားနိုင်ရင် မအ ဘူးပေါ့။ သူများ လိမ်ညာတာ မခံရဘူးပေါ့။
သမိုင်းမှတ်တမ်းတင်သူတွေဟာ ကတိမလိုက်ရဘူး။ ချစ်လို့ မြှောက်ပင့်ရေးတယ်။ မုန်းလို့ နှိမ့်ချကဲ့ရဲ့တယ်။ ကြောက်လို့ ဖုံးကွယ်ပြောတယ်။ မသိတာကို ၀န်မခံချင်လို့ ဖြစ်ကတတ်ဆန်း ရေးတယ် ဆိုတာမျိုး ဘယ်တော့မှ မလုပ်ရဘူး။ ကတိမလိုက်ဘဲ ရေးသားတဲ့ သမိုင်းစစ်စစ်ကို ရှာပြီးလေ့လာပါလို့ ပြောချင်တာ။ သမိုင်းစစ်ကို သိရင် အချုပ်ကတော့ မအ တော့ဘူးပေါ့။
သမိုင်းကို မှတ်တမ်းအားကိုးနဲ့ ရေးတယ်ဆိုတိုင်း မှတ်တမ်းကိုလည်း မစစ်ဆေးဘဲ လက်မခံရဘူး။ အချို့မှတ်တမ်းတွေ လိမ်ညာဖြီးဖြန်း ဖုံးကွယ်ရေးထားတာတွေ ရှိနေတယ်။ အထက်ကို တင်ပြရတဲ့ မှတ်တမ်းတွေမှာ အခြေအနေမှန်နဲ့ တလွဲစီ ရေးထားတာမျိုး ခဏခဏ တွေ့ရတယ်။ ကိုယ့်အပြစ်ကို သူများအပြစ်ဖြစ်အောင် လှည့်ပတ်ရေးထားတာတွေလည်း ရှိတယ်။ အပြစ်ကို အကြောင်းရင်း မပြောဘဲနဲ့ ထိန်ချန်ရေးတာလည်း ရှိတယ်။ အဲဒါကြောင့် သမိုင်းပညာရှာသူ၊ လေ့လာသူဟာ အခြေအနေမှန် ဖြစ်ရပ်မှန်ကို စူးစမ်းဖော်ထုတ် လေ့လာဆန်းစစ်ပြီး တွေ့ရှိရင် အလိမ်မခံရတော့ဘူးပေါ့။ မအ တော့ဘူးပေါ့။
မှတ်တမ်းမရှိတဲ့ အကြောင်းအရာတွေလည်း ရှိတယ်။ ဥပမာ ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလက ဖက်ဆစ်တွေရဲ့ ရက်စက်ကြမ်းကြုတ်ပုံကို တရားဝင် ရေးမှတ်ထားတာ မတွေ့ရပါ။ အင်မတန် ကြီးကျယ်တဲ့ ကိစ္စကို ပေါ့သွားအောင် ဖန်တီးထားတဲ့ မှတ်တမ်းမျိုးတော့ ရှိချင်ရှိမယ်။ ခြွင်းချက်တခုကတော့ ဂျာမန်တွေဟာ မှတ်တမ်းကို ဂရုစိုက်ပြီး ရေးမှတ်လေ့ရှိလို့ နာဇီတွေရဲ့ မှတ်တမ်းတွေတော့ ကျန်ရစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနှိပ်စက်ခံရသူတွေနဲ့ ဆက်စပ်နေသူတွေကတော့ ဘယ်မေ့မလဲ။ ဒါကြောင့် အချို့မှတ်တမ်းတွေကို ကွင်းဆင်းစစ်ဆေး ရယူရတယ်။ မှတ်တမ်းမရှိပေမယ့် ကိုယ်တွေ့ကြုံခဲ့ရသူတွေ၊ သူတို့ဆီကတဆင့် သိခဲ့ရသူတွေရဲ့ ယုံကြည်ရလောက်တဲ့၊ တိုက်ဆိုင်စစ်ဆေးလို့ မှန်ကန်တဲ့ စကားကို အတည်ပြုပြီး ရှေ့နောက်ညီညွတ်အောင် ရေးရမယ်။ အဲဒီလို အဖက်ဖက်က လေ့လာစစ်ဆေး အတည်ပြုထားတဲ့ စာတမ်းရပြီးဆိုရင် တကယ့်အခြေအနေမှန်ကို သိပြီဟေ့လို့ ပြောနိုင်တယ်။ မအ တော့ဘူးပေါ့။
(တကောင်းစာအုပ်တိုက်ထုတ်၊ ဒေါက်တာသန်းထွန်း - သမိုင်းနှင့် စကားပြောခြင်း စာအုပ်မှ ကူးယူဖော်ပြသည်)
Tuesday, July 1, 2008
မအ အောင်လို့ သမိုင်းသင်ရတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment