Wednesday, June 11, 2008

အမေသို့ ဂါရ၀ …

သမီးစု

အော် … ဘာလိုလိုနဲ့ ကျွန်မတိုရဲ့ အမေ၊ ကျွန်မတို့ရဲ့ သူရဲကောင်း၊ ကျွန်မတို့ရဲ့ ဒီမိုကရေစီရုပ်တုဟာ ခုဆိုရင် ၆၃နှစ် ပြည့်မြောက်ခဲ့ပြီပေါ့နော်။ နေအိမ်အကျယ်ချုပ် ၁၂ နှစ်၊ လုပ်ကြံခံရတာက အကြိမ်ကြိမ်၊ သူမပါတီနဲ့ သူမကို အသေရည်ဖျက်တာက နေ့တဓူဝ။ ဒါပေမယ့် မိခင်ကောင်းက နို့ရည်သန့်တယ်လေ။

ကျွန်မ ဒီစာကို ရေးရခြင်းအကြောင်းက မကြာမီ ကျရောက်တော့မယ့် လူထုခေါင်းဆောင် အမေဒေါ်အောင် ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဘာနဲ့များ ဂါရ၀ပြုရင် ကောင်းလေမလဲဆိုတဲ့ စဉ်းစားချက်ပါ။

ကျွန်မ တော်တော် အံ့အားသင့်သွားစေတဲ့ ကိစ္စလေးတခုကို ပြောပြချင်သေးတယ်။ အမေ့ကို ကြည်ညိုလှတဲ့၊ အမေ့ကို လေးစားလှချည့်လို့ တဖွဖွ အော်ပြီး အမေ့မွေးနေ့ကို ဂုဏ်ပြုချင်လွန်းလို့ မြန်မာအမျိုးသမီးများနေ့ အဖြစ်သတ်မှတ်ပြီး အခမ်းအနားတွေ နှစ်စဉ်နှစ်တိုင်း ဦးဆောင်ဦးရွက်ပြုပြီး နှစ်စဉ်မပြတ် ကျင်းပခဲ့တဲ့ လူမှုအဖွဲ့အစည်းတခုက ခေါင်းဆောင်အမျိုးသမီးတဦးက ဒီနှစ်တော့ ကျွန်မအဲဒါမျိုးတွေ မလုပ်ချင်တော့ဘူး။ အောင်ဆန်းစုကြည်တယောက် လွတ်မြောက်ရေး တောင်းဆိုလှုပ်ရှားတာထက် အမျိုးသားထုတရပ်လုံး လွတ်မြောက်ရေးကိုပဲ လုပ်ချင်တော့တယ်လို့ ပြောပြပါတယ်။ အမေ့မွေးနေ့ကို မြန်မာအမျိုးသမီးများနေ့လို့ သတ်မှတ်ပြီး အခမ်းအနားတွေ ကျင်းပကြရအောင်လို့ သူမက ဦးဆောင်ဆွေးနွေးတဲ့အခါ လိုက်ပါရဲသူ နည်းခဲ့တဲ့ကာလ လွန်ခဲ့တဲ့ (၈)နှစ်ကပေါ့။ တိုင်းရင်းသူအဖွဲ့အစည်း အချို့ကဆို ခါးခါးသီးသီး ငြင်းဆန်ကြပါ တယ်။ ကျွန်မတို့ကတော့ ဗမာစိတ်ပဲ ပြောရမှာပေါ့။ တို့ခေါင်းဆောင်၊ တို့ဗမာအမျိုးသမီး ဂုဏ်ယူရမယ့်ကိစ္စ။ တို့လုပ်မယ်။ ဘယ်သူသဘောတူတူ မတူတူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဟာ တို့မြန်မာအမျိုးသမီးများနေ့။ ဟုတ်တယ်။ လက်ခံတယ်။ ယုံကြည်တယ်။ နှစ်စဉ် ကျင်းပပြုလုပ်တိုင်း တက်တက်ကြွကြွ ပါဝင်ခဲ့တာချည်းပါပဲ။

ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုအပြီး ရဟန်းသံဃာတွေလည်း လွတ်မြောက်နယ်မြေကို ထွက်ခွာ ရှောင်တိမ်းလာကြပါတယ်။ အဲဒီရဟန်းငယ်တွေထဲက တပါးက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲန်အယ်လ်ယ်ဒီ အမှုဆောင်တွေကို ပယ်ပယ်နယ်နယ် တွယ်တဲ့စာ ထုတ်ပါတယ်။ ခုလိုကာလမှာ ဒါမျိုးတော့ မရေးသင့်ဘူးလို့ အတိုက်အခံအင်အားစုတွေ ဆွေးနွေးငြင်းခုန်နေကြဆဲမှာပဲ အဲဒီခေါင်းဆောင်အမျိုးသမီးက ဒီသဘောထားက သူနဲ့ထပ်တူကျတယ်ဆိုပြီး ပဉ္စင်းငယ်ဘက်က ခိုင်ခိုင်မာမာ ရပ်ပြောပါတော့တယ်။ ကျွန်မ တော်တော် အံ့အား သင့်ပါတယ်။ ကျွန်မတို့က နှစ်ကာလရှည်ကြာစွာ သူနောက်က ရပ်ခံခဲ့ပြီး ခုလိုသဘောထား ပြောင်းသွားတာကို မစဉ်းစားတတ်ပါနော်။

ဒေါ်စု ဘာမှားလဲပေါ့။ ဒေါ်စုကို ရဟန်းသံဃာတွေက အဲလို အမြင်သဘောထားရှိလားပေါ့နော်။ ဇွန် ၁၉ ဆို အမေ့ ၆၃ နှစ်ပြည့် မွေးနေ့ပါ။ ကျင်းပခွင့်မရတဲ့ အမေ့မွေးနေ့ကို မှန်းဆမိတယ်။ ကျွန်မလေ အမေ့ကို မြင်ဖူးချင်လိုက်တာ။

အမေ့ကို ခုတုံးလုပ်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေကိုတော့ သူတို့အစား ရှက်နေမိတာပါပဲ။

သမီးစု

No comments: