သတင်း - NMG (ဇွန်လ ၁၇ ရက်၊ ၂၀၀၈ ခုနှစ်)
မြန်မာစစ်အစိုးရ၏ လက်ရှိလုပ်ရပ်များသည် လူအစုလိုက် အပြုံလိုက် သတ်နေသည့် အခြေအနေနှင့် လူ သားချင်း ညှာတာထောက်ထားမှုမရှိဘဲ ပြစ်မှုကျူးလွန်နေသည့် အခြေအနေများ ဖြစ်နေသဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံးဝင်ရောက်ရန်နှင့် ကုလသမဂ္ဂအနေဖြင့် နအဖစစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန် ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက တိုက် တွန်းလိုက်သည်။
တိုက်တွန်းပန်ကြားလွှာကို ၁၉၉၀-ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက ၄င်းတို့ကိုယ်စား လုပ်ပိုင်ခွင့် အာဏာ အပ်နှင်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ထုတ်ပြန်ခြင်း ဖြစ်သည်။
နာဂစ်မုန်တိုင်းဒဏ်ခံ ပြည်သူများသည် အကူအညီများ ထိထိရောက်ရောက် မရရှိဘဲ အစားအသောက်၊ ခိုလှုံရာ နေရာမဲ့သည့် အခြေအနေဆိုးများအပြင် ကူးစက်ရောဂါများ ဖြစ်ပွားပြီး တပ်မံသေကြေကြရမည့် အန္တရာယ် ဆိုးများနှင့် တွေ့ကြုံရင်ဆိုင်နေကြရသည်ဟု ၄င်းတို့ထုတ်ပြန်သည့်စာတွင် ပါဝင်သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးချုပ် မစ္စတာဘန်ကီမွန်းကိုယ်တိုင် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သား များအား ၀င်ရောက်ခွင့်ပြုရန် ကြားဝင်တိုက်တွန်းခဲ့သော်လည်း တလကျော်ကြာလာသည့်တိုင် လေဘေးဒုက္ခ သည်များအတွက် ထိရောက်သည့် ကူညီမှုများ မရရှိသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သထုံမဲဆန္ဒ နယ်မြေ အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်းက ပြောသည်။
"ဒီကိစ္စရပ်တွေနဲ့ပတ်သက်ရင် နအဖက အချုပ်အခြာအာဏာကို လွဲလွဲမှားမှား ကျင့်သုံးပြီးတော့မှ နိုင်ငံတ ကာကို သူက ရင်ဆိုင်နေတာ။ အချုပ်အခြာ အာဏာပိုင်တာ သူပဲ၊ အဲဒါကြောင့်မို့လို့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူက မ၀င်နဲ့ မ၀င်နဲ့ဆို ပြောနေတာ။ ဒီနေ့တိုင်းပြည်ရဲ့အခြေအနေမှန်တွေကို ကျနော်တို့ ပြောပြပြီးတော့မှ အချုပ်အခြာ အာဏာပိုင်တာ လူထုဖြစ်တယ်။ အဲဒါကြောင့် လူထုကနေ တာဝန်ပေးထားတဲ့ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်အနေနဲ့ အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီးတော့ တောင်းဆိုပိုင်ခွင့် ရှိတယ်။ ဒါကြောင့်မို့ ကျနော်တို့ လူထုက ပေးထားတဲ့ လုပ်ပိုင်ခွင့်အရ ကျနော်တို့ ဒီနိုင်ငံတကာတပ်ဖွဲ့ကနေပြီးတော့မှ နအဖ ခွင့်ပြုသည်ဖြစ်စေ၊ ခွင့်မပြုသည်ဖြစ်စေ အင်အားသုံးပြီးတော့မှ အလျင်အမြန် ၀င်ရောက်ကယ်တင် ပေးပါလို့ ကျနော်တို့ ပြောတဲ့အပိုင်း ဖြစ်ပါတယ်။"
နာဂစ်မုန်တိုင်း တိုက်ခတ်လာမည့် သတင်းပေးပို့ချက်ကို အိမ်နီးချင်းနိုင်ငံမှ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြား မှု ဦးစီးဌာနများက အချိန်မီ သတင်းပေးပို့သော်လည်း မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲ ပျက်ပြားမည်စိုးသည့် အတွက် မုန်တိုင်းသတင်းကို မှားယွင်းစွာ ထုတ်ပြန်ခဲ့သည့်အပေါ် လူအစုလိုက်၊ အပြုံလိုက် သေကြေခဲ့ရသဖြင့် မြန်မာစစ်အစိုးရတွင် တာဝန်ရှိကြောင်း၊ မုန်းတိုင်းဒဏ်ခံခဲ့ရပြီး အန္တရာယ်နှင့် ကြုံတွေ့ရချိန်တွင် ပြည်သူလူထု သည် အစားအစာ ရိက္ခာမရှိသည့်အပြင် မြန်မာစစ်အစိုးရက နည်းအမျိုးမျိုးဖြင့် ဖြတ်တောက်ထားသဖြင့် အငတ်ဘေး၊ ကူးစက်မှုဘေးများ ကြုံရကာ သေဘေးနှင့် ကြုံတွေ့ရသဖြင့် မြန်မာစစ်အစိုးရက တာဝန်ရှိ ကြောင်း ဦးခွန်မြင့်ထွန်းက ထောက်ပြသည်။
မေလ (၂) ရက်နေ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဟိုင်းကြီးကျွန်းမှတဆင့် ၀င်ရောက်တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူတစ်သိန်းခွဲခန့် သေဆုံးပြီး၊ ၂.၅ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။
Tuesday, June 17, 2008
ကယ်ဆယ်ရေးတပ်များ ၀င်ရန်နှင့် နအဖကို နိုင်ငံတကာတရားရုံးတင်ရန် လွှတ် တော်ကိုယ်စားလှယ်များ တိုက်တွန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment