Tuesday, June 17, 2008

နိုင်ငံတကာအဖွဲ့များ စစ်အစိုးရညွှန်ကြားချက်ကြောင့် ဗီဇာပိုခက်ခဲ

NEJ/ ၁၇ ဇွန် ၂၀၀၈

မုန်တိုင်းသင့် ဒေသများတွင် အကူအညီပေးနေသည့် ကုလအဖွဲ့အစည်းများ၊ နိုင်ငံတကာ NGO များ လိုက်နာရမည့် စည်းကမ်းချက်များ စစ်အစိုးရ ထုတ်ပြန်ပြီးနောက်ပိုင်း ဗီဇာလျှောက် ထားသည့် ကိစ္စ၊ ခရီးသွားခွင့်အမိန့်ရရန် ကိစ္စများတွင် အခက်အခဲ ပိုများလာသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြသည်။

ဇွန်လ (၁၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ကုလသမဂ္ဂလူသားချင်း စာနာမှု ကူညီရေးဆိုင်ရာအဖွဲ့ (UNOCHA) အစီရင်ခံစာတွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။ စစ်အစိုးရဘက်မှ ဗီဇာထုတ်ပေးလျှင်လည်း (၁) ကြိမ်ဝင်ရောက်ခွင့် ဗီဇာအမျိုးအစားသာ ထုတ်ပေးပြီး (၂) ပတ်သာ နေခွင့်ပေးကြောင်း၊ ဗီဇာသက်တမ်းတိုးရန် လျှောက်ပြန်လျှင်လည်း (၁) ပတ်မှ (၁၀) ရက်ထိသာ ပေးကြောင်း UNOCHA အစီရင်ခံစာတွင် ဖော်ပြသည်။ ဇွန်လ (၁၅) ရက်ထိ မြစ်ဝကျွန်းပေါ်တွင် ကယ်ဆယ်ရေးလုပ်နေသည့် နိုင်ငံတကာ ကုလ၀န်ထမ်း (၁၅၀) ရှိသည်။ နိုင်ငံတကာအဖွဲ့များ လိုက်နာရမည့် စည်းကမ်းချက် (၁၀) ချက်ကို ဇွန်လ (၁၀) ရက်နေ့က စပြီး စစ်အစိုးရဘက်မှ ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင်များအား ဖမ်းဆီး၍ ရုံးတင်စစ်ဆေးရန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆို
သတင်း - ရိုးမ ၃
ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံး အင်အားသုံးဝင်ရောက်ပြီး လေဘေးဒုက္ခ သည်များအပေါ် တာဝန်မဲ့ လျစ်လျူရှူနေသည့် မြန်မာစစ်ခေါင်းဆောင်များအား ဖမ်းဆီး၍ နိုင်ငံတကာတရား ရုံးတွင် ရုံးတင်စစ်ဆေးရန် ပြည့်သူကိုယ်စားလှယ်များက ယနေ့ တောင်းဆိုလိုက်သည်။

(၁၉၉၀) ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူလွှတ်တော် ကိုယ်စားလှယ်များက နအဖ စစ်အစိုးရ၏ လေ ဘေးသင့် ဒုက္ခသည်များအပေါ် လူသားချင်းဆိုင်ရာ ညှာတာထောက်ထားခြင်းမရှိဘဲ ရက်ရက်စက်စက် ပြစ် မှုများ ကျူးလွန်လုပ်ဆောင်နေသည့် ကိစ္စရပ်များကို အမှတ်စဉ်အလိုက် ရေးသား၍ တိုက်တွန်းတောင်းဆို လိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် မုန်တိုင်းသတင်းကို ကြိုတင်သိရှိထားသော်လည်း ပြည်သူလူထုအား မှားယွင်းစွာ ထုတ် ပြန်အသိပေးခြင်း၊ မုန်တိုင်းကျရောက်သည့် ဒေသများမှ ပြည်သူများအား ကြိုတင်အသိပေး ပြောင်းရွှေ့ခိုင်း ခြင်း လုံးဝမရှိခဲ့ကြောင်း လွှတ်တော်အမတ်များက ပြောသည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းမလုပ်ဆောင်သည့်အပြင် ဆန္ဒခံယူပွဲကို ရက်မရွှေ့ဆိုင်းဘဲ အ တင်းအကြပ် ပြုလုပ်ကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကာ အကူညီပေးသည့် ပစ္စည်းများကို အလွဲသုံးစားပြုကြောင်းနှင့် ဒုက္ခသည်များထံ ပြည်တွင်းလုပ် ပစ္စည်းအညံ့စား များဖြင့် အစားထိုးလဲလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း ယင်းတိုက်တွန်းချက်တွင် ဖော်ပြထားသည်။

လေဘေးဒုက္ခသည်များအား ၎င်းတို့ယာယီနေထိုင်သည့် ဒုက္ခသည်စခန်းများမှ မောင်းထုတ်ခြင်း၊ မုန်တိုင်း ကြောင့် မိဘမဲ့ဖြစ်သွားသည့် ကလေးများကို ကလေးစစ်သားအဖြစ် စုဆောင်းခြင်း၊ အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများကို ကျူးလွန်နေသည့်အပြင် ထိရောက်သည့် ဆေးဝါးရိက္ခာများ မရသည့်အတွက် ပြည်သူလူထုမှာ အာဟာရချို့တဲ့ကာ ကူးစက်ရောဂါများ ဖြစ်ပွားနေသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ဝင်ရောက်ခွင့်ကို ဆက်လက်ဟန့်တား နှောင့်ယှက်နေခြင်း၊ သေဆုံးသွားသူများ၏ အလောင်းကို ကောင်းမွန်စွာ မြုပ်နှံသဂြိုလ်ခြင်း မရှိသည့်အပြင် လူသတ်မှုနှင့် လုယက်မှုများ ဆက်လက်ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်းသည် ပြည်သူများအား အစုလိုက် အပြုံလိုက် သေစေလိုသည့် သဘောဖြင့် ရက်ရက်စက်စက် နှိပ်ကွက်နေကြောင်း တိုက်တွန်းချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုကဲ့သို့ စစ်အစိုးရသည် မုန်တိုင်းဒုက္ခသည်များအပေါ် တာဝန်မဲ့မှု၊ လျစ်လျူရှူထားမှု၊ ဖိနှိပ်ရက်စက်မှု၊ အဖြစ်မှန်များကို ဖုံးကွယ်ထားပြီး အာဏာဆက်လက်တည်မြဲရေးကိုသာ လုပ်ဆောင်နေသည့်အတွက် ကုလသမဂ္ဂ လုပ်ပိုင်ခွင့် (Responsibility to Protect) ကို အသုံးပြု၍ ကယ်ဆယ်ရေးအဖွဲ့များ အင်အားသုံး ဝင်ရောက်ပြီး ပြစ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်များကို နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန် အတွက် ဖမ်းဆီးခေါ်ဆောင်ရန် လွှတ်တော်အမတ်များက တိုက်တွန်း တောင်းဆိုလိုက်ခြင်းဖြစ်သည်။

No comments: