Sunday, June 15, 2008

သွားစို့လေ … လက်တွဲမဖြုတ်စတမ်း

နာဂစ်လာတဲ့အချိန် ကျမတို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ။ မနက်မိုးလင်း တနေကုန်ထွက် ညမိုးချုပ်မှ ဟိုတယ်ပြန်အိပ်ရုံသာ နေခဲ့။ အဲဒီနေ့ည မေလ ၂ ရက်နေ့မှာ မနက်ဖြန်ပြန်မှာမို့လို့ ကလေးတွေကို သူတို့ သိပ်ကြည့်ချင်နေတဲ့ IRON MAN ကို EMPORIUM က ဈေးဝယ်အပြီး အပေါ်ထပ်မှာပဲ တက်ကြည့်ဖြစ်ပါတယ်။ ကာတွန်းကို အသက်ပြန်သွင်းထားတဲ့ ရုပ်ရှင်မို့လို့ ယုတ္တိမတန်ပေမယ့် အက်ရှင်တွေများလို့ hero ကို သဘောကျတဲ့ ကလေးတွေကတော့ sound effect နဲ့ ပြည့်ပြည့်၀၀ကြီးကို သဘောတွေ့နေကြလေရဲ့။ ကျမတောင် IRON MAN အပြင်မှာရှိရင် ကျမတို့ တိုင်းပြည်အတွက်သွားပြီး အကူအညီ တောင်းချင်စိတ်တောင် ပေါက်သွားပါရဲ့။ ဒါမှမဟုတ် ကျမတို့ရဲ့ လေဒီကိုပဲ IRON LADY အဖြစ် ဖန်တီးပေးရင် ကောင်းမလား စဉ်းစားမိသေးရဲ့။

မနက် မိုးလင်း ပစ္စည်းတွေ သိမ်းဆည်းပြီး သူငယ်ချင်းတယောက်ဆီက ဖုန်းဝင်လာတယ်။ မနက်ပိုင်း ရန်ကုန်-ဘန်ကောက် လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလို့ ကျမတို့ကို ပြန်ဖြစ်ရဲ့လားလို့ လှမ်းမေးတာပါ။ ကျမတို့လည်း အင်တာနက်နဲ့ ဝေးနေတော့ ဘာသတင်းမှကို သတိမထားမိဖြစ်ခဲ့တော့ ရန်ကုန်ကို မုန်တိုင်းလာမှာလည်း မသိခဲ့ပါဘူး။ ဒါနဲ့ လေယာဉ်ရုံးကို ဖုန်းဆက်မေးတော့ ညနေပိုင်းလည်း cancel လို့ ပြောတာနဲ့ ကျမတို့လည်း လေဆိပ်မဆင်းဖြစ်ခဲ့ပါဘူး။ ရန်ကုန်ကို ဖုန်းခေါ်ကြည့်တော့လည်း ခေါ်လို့သာ မရတယ်။ ဖုန်းကတ်တွေ တကတ်ပြီး တကတ် စားကုန်ပါတယ်။

ဒါနဲ့ ကျမတို့လည်း ဟိုဟိုသည်သည် လျှောက်သွားပြီး အင်တာနက်ဆိုင်တစ်ဆိုင်မှာ ၀င်ကြည့်ဖြစ်တော့မှ မုန်တိုင်းဝင်သွားမှန်း သိရတယ်။ ကြာလေကြာလေ အခြေအနေတွေ ပိုဆိုးနေမှန်း သိရလေ။ အိမ်ကို စိတ်ပူလေ။ အိမ်နဲ့ အဆက်မသွယ်မရလို့ ပူရတာတမျိုး၊ ကျမတို့ အပြန်ခရီး မသေချာလို့ စိတ်ထင့်ရတာတမျိုးနဲ့ လူကြီးတွေက စိတ်တွေ ပူပင်နေသလောက် ကလေးတွေကတော့ ရောက်တဲ့အရပ်မှာ ပျော်နေကြတာပါပဲ။ တကယ်တမ်း ကျမတို့ကမှ အပြင်မှာ စောင့်နေရလို့ တော်သေး။ တချို့က check-in ၀င်ပြီးတာလောက် အထဲမှာ ငုတ်တုတ်ထိုင်စောင့် နေခဲ့ရပါတယ်။ ကျမတို့ကိုလည်း လေဆိပ်မှာ stand-by လာစောင့်နေဖို့ ပြောပေမယ့် ကလေး ၃ ယောက်နဲ့ ပစ္စည်းတွေနဲ့ သွားလိုက် လာလိုက်ဆို ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်လို့ စောင့်ရင်း စောင့်ရင်း။

မေလ ၅ ရက်နေ့မှာ လေယာဉ်ခရီးစဉ်တွေ ပြန် resume လုပ်လို့ နေ့လည်လောက်မှာ လေဆိပ်ဆင်းဖြစ်ပါတယ်။ ညနေပိုင်း ခရီးစဉ်ကို stand-by စောင့်ပြီးမှ မရရင် မေလ ၇ ရက်နေ့ မနက်ပိုင်း ခရီးစဉ်အတွက် confirm ရပါတယ်။ ဒါနဲ့ နေ့လည်စာ လေဆိပ်က food-centre မှာပဲ စားသောက်ပြီး Observation space မှာ စောင့်ပြီး ၄ နာရီလောက်မှာ stand-by မှာ check-in ၀င်ဖို့ သွားစောင့်နေပါတယ်။ ကျမတို့ တန်းစီနေတဲ့ နေရာက staff တွေက ၅ နာရီမှာ ချိန်းထားခဲ့လို့ ၅ နာရီ မထိုးမချင်း ကျမတို့ကို ငုတ်တုတ်စောင့်ခိုင်းပြီး တခြားလူတွေကိုတော့ လက်ခံနေပါတယ်။ နောက် ကျမလည်း Luggage လှည်းကြီးနဲ့ အမြင်ကတ်လောက်အောင် ဟိုတွန်းသည်တွန်း လုပ်နေတော့ သူတို့တွေထဲက senior ဖြစ်ဟန်တူတဲ့ အမျိုးသမီးတစ်ယောက်က ကျမကို လာမေးပါတယ်။ ဘယ်သွားမှာလဲဆိုတော့ မြန်မာပြည်ပြန်ဖို့ စောင့်နေတာလို့ပြောတော့ လက်မှတ်ကို တောင်းကြည့်ပြီး အဲဒီ staff တွေကို တခုခု ပြောလိုက်တော့မှ ကျမတို့ကို လက်ခံပြီး check-in ပေးလုပ်ပါတယ်။ အဲဒီတော့မှ ၅နာရီ ၄၀မှာ boarding closed လုပ်မယ့် E1A ကို ပြေးရပါတယ်။ ဒီကြားထဲ အပြေးအလွှား VAT CLAIMED လုပ်ရပါသေးတယ်။ လေယာဉ်ပေါ်ရောက်မှပဲ ဟင်း ချနိုင်ပါတော့တယ်။ အပြင်မှာ ရာသီဥတု ဆိုးဝါးနေလို့ စိတ်ထဲ ထုံထုံထိုင်းထိုင်း ဖြစ်နေပါတယ်။

ရန်ကုန်လေဆိပ်ရောက်တော့ မီးက ကွက်ကွက်လေး လင်းနေပါတယ်။ ထုံးစံအတိုင်း ပစ္စည်းတွေ ဘာတွေရွေးပြီး ရုံးကလာကြိုတဲ့ ကားလေးနဲ့ အိမ်ပြန်လာခဲ့ပါတယ်။ မှောင်မှောင်မဲမဲကြားမှာ သစ်ပင်တွေ အတုံးအရုံး ပြိုလဲ ...။ ထွက်လာတဲ့ ကာလ ၂ ပတ်အတွင်းမှာ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ ...။ billboard တွေ လဲပြိုကျလို့။ ကျမ စိတ်ထဲ မကောင်းလိုက်တာ။ လမ်းတွေမှာ သစ်ပင်ကြီးတွေက ပိတ်နေတော့ လူတွေက မှောင်မှောင်မဲမဲထဲမှာ လမ်းတွေပေါ်တက်လျှောက်ကြ။

အိမ်ရောက်တော့ ကျမတို့လမ်းထိပ်က စုပေါင်းနေထိုင်ကြတဲ့ တဲစုလေးတွေ ပြားပြားဝပ်လို့။ ကောင်းကင်ကြီးကို ကြည့်လိုက်ရင်လည်း ရှင်းလင်းလို့ နေလေရဲ့။ ဘယ်လိုမှန်းမသိတဲ့ ဟာတာတာ ခံစားမှုတွေ ...။

အိမ်ထဲရောက်လို့ ဖိနပ်ချွတ်ပြီး ခြေအချ ...။ ကော်ဇောရဲ့ မွမွအိအိ အထိအတွေ့အစား စွပ်ကနဲ စိုစိစိ ခံစားလိုက်ရတယ်။ အနံ့အသက် ခပ်ဆိုးဆိုးကလည်း နှာခေါင်းဝကို နှုတ်ဆက်နေလေရဲ့။ ဖရောင်းတိုင်မီးထွန်းပြီး အပေါ်ထပ်တက်တော့ ခရီးမသွားခင် ပလတ်စတစ်အိတ် အမဲအကြီးတွေနဲ့ ပစ္စည်းတွေ ထည့်သိမ်းထားခဲ့လို့ ဘာမှတော့ သိပ်ပျက်စီးဟန် မရှိပါဘူး။ တံခါးနှစ်ချပ်ကတော့ ဗလာအကျင်းနဲ့ လေပြေသွေးနေလေတယ်။ ဖေဖေတို့ အိမ်သွားတော့ သူတို့တွေရဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြကြတယ်။
ကျမတို့ကလည်း တခုခုဖြစ်ပြီဆို အနီးအနားမှာ ရှိမနေတတ်ပါဘူး။ ၂၀၀၄ ခုနှစ် ဆူနာမီ ဖြစ်တုန်းကလည်း ကျမတို့က မေမြို့ရောက်နေခဲ့ပြီး ဘာမှကို မသိလိုက်ရပါဘူး။

မနက်မိုးလင်းတာနဲ့ အနံ့အသက် ဆိုးဝါးနေတဲ့ အောက်ထပ်ကြမ်းခင်းထားတဲ့ ကော်ဇောတွေကို ခွာရပါတယ်။ မိုးမရှိလို့ ရေတင်လို့ မရပေမယ့် နောက်ဆုံးမီးလာတဲ့အချိန်အထိ ရေတင်ထားတတ်တဲ့ မေမေ့ကြောင့် ရေတွေကတော့ အပြည့်ရှိနေခဲ့လို့ ချွေတာသုံးစွဲနေကြရပါတယ်။ အဲဒီတရက်တော့ ရုံးသွားပြီး ဟိုသည်လျှောက်ကြည့်။ ပြီး မမှောင်ခင်ပြန်လာ အိပ်ကြနဲ့ ပြီးသွားပါတယ်။ ပူတတ် အိုက်တတ်တဲ့ သမီးလေးကတော့ အဲကွန်းမဖွင့်လို့ ဂျီကျပါတယ်။ သူ့ကို အအေးဆုံးနေရာမှာ ထားပြီး ချော့သိပ်ရပါတယ်။

နောက်ပိုင်းရက်တွေမှာ သတင်းတွေက ပိုစုံလာပြီး ဧရာဝတီတိုင်းရဲ့ ပျက်စီးဆုံးရှုံးမှုတွေ ပိုပြီးကြားလာရပါတယ်။ တချို့နေရာတွေမှာ ဖုန်းလိုင်းတွေရပြီး အင်တာနက်တွေ သုံးနိုင်နေပါပြီ။ ကျမတို့လည်း ရန်ကုန်မြို့တွင်း ပျက်စီးမှု အခြေအနေတွေကို ကြည့်ပြီး ကျမတို့နေရာတွေမှာ မီးနဲ့ ဖုန်းလိုင်းတွေ ရဖို့ မလွယ်သေးတာကို သဘောပေါက်တာနဲ့ မီးစက်ဝယ်ဖို့ စဉ်းစားရပါတော့တယ်။ ညဘက် မီးလင်းပြီး ရေပါတင်လို့ရမယ့် အိမ်သုံးမီးစက်တလုံးတော့ လိုနေပါတယ်။ ဘုရင့်နောင် မင်္ဂလာသန်းမြင့်ဆိုင်ရောက်တော့ ဈေးတွေက ၃ဆလောက် တက်နေပါတယ်။ ဒီလိုအချိန်မျိုးမှာ စီးပွားရေး အမြတ်ထုတ်တဲ့ လူမျိုးတွေ ရှိနေတာကိုပဲ ကျမအံ့သြမိပါတယ်။ မီးစက်တွေကလည်း ရောင်းမလောက်အောင် အ၀ယ်လိုက်ကြပါရဲ.။ မီးစက်ဆိုင်တွေရှေ့မှာ ကားကြီး ကားငယ်အသွယ်သွယ် ရပ်လိုက်၊ ပစ္စည်းသယ်လိုက်၊ ထွက်သွားလိုက်နဲ့ အလုပ်ရှုပ်နေကြတာကို လိုင်းပေါ်က အပြည့်အသိပ်ဖြစ်နေတဲ့ ခရီးသည်တွေက ငေးမောကြည့်နေကြလေရဲ့။ အော် ... ရန်ကုန်မြို့ကြီးပေါ်မှာတော့ ပိုက်ဆံရှိနေသေးရင် အဆင်ပြေအောင် နေလို့ရသေးပေမယ့် ...။

လမ်းပေါ်မှာ စစ်သားတချို့ တွေ့ရပါတယ်။ ဟိုမတ်တတ် သည်မတ်တတ်ပေါ့။ အများစုကတော့ အရိပ်အောက်မှာ၊ ဆိုင်တွေထဲဝင်ပြီး နားနေကြတာပါပဲ။ ကျမတို့ ရုံးရောက်တော့ မီးစက်နောက်မှာ အတုံးအရုံး ပိုက်တွေကို ခေါင်းခုအိပ်နေကြလို့ စိတ်ထဲ ရုံးကလူတွေများ လက်လွန်သွားလေရော့သလားပေါ့ ...။ အင်း ... သူတို့လည်း ပြည်သူတွေကို မုန်းတတ် တီးတတ်ရုံကလွဲလို့ ကျန်တာတွေ လက်ကြောတင်းအောင် မလုပ်တတ်ကြတော့ဘူးထင်ရဲ့။ တနေရာမှာ တလက်မ လုံးပတ်လောက်ရှိတဲ့ သစ်ကိုင်းလေး ၄ ပေလောက် အရှည်ကို စစ်သား ၂ယောက်က ၀ိုင်းကိုင်ပေးထားကြပြီး တစ်ယောက်ကတော့ ဓားကြီးကို ၀င့်ကာဝင့်ကာ အားပါးတရ ခုတ်ဖြတ်နေပါတယ်။ ဘယ်သူကမှ ပြည်သူ့စစ်သား တို့စစ်သားလို့ အားပါးတရ ကြိုဆိုတာမျိုး မရှိပါဘူး။ ကိုယ့်မျက်စိအောက် ရောက်နေတာတောင် မျက်နှာလွှဲနေကြတာတွေ မြင်ရတော့ ဗိုလ်ချုပ်သာမြင်ရင် သူတည်ထောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးအတွက် အတော့်ကို ယူကျုံးမရ ဖြစ်နေမယ် ထင်ပါတယ်။ တကယ်တမ်းကျ စစ်သားတွေကို ပြည်သူတွေဘက် ရောက်မသွားစေချင်တာ ဘယ်သူတွေများပါလိမ့်။

ကြားရတာ တို့ရဲ့သွေးချင်း ဒုက္ခသည်တွေကို ကူညီဖို့ လူသားချင်းစာနာတဲ့ သူတွေက အကူအညီတွေ အထောက်အပံ့တွေ ပို့တဲ့သူတွေကပို့လို့။ ကယ်ဆယ်ရေး ကျွမ်းကျင်သူတွေက သူတို့တတ်အားသလောက် ကာယအား ပညာအားတွေ လှူဒါန်းဖို့ ကမ်းလှမ်းသူတွေက ကမ်းလှမ်းလို့။ သနားလိုက်ကြတဲ့ ကျမတို့ မြန်မာပြည်သူ ပြည်သားတွေကို။ ရင်နာလိုက်တာကွယ် ...။ တို့ပြည်သူတို့ ဘယ်လိုဝဋ်ကြွေးကြောင့်ပါလိမ့်။ ကိုယ်ရှိတာနဲ့ တင်းတိမ်ရောင့်ရဲစွာ အသက်တချောင်းစီကို ပင်ပန်းကြီးစွာ မွေးမြူခဲ့ရ ...။ ဟော ... အခုကျတော့လည်း အသက်ပေါင်းများစွာကို ခြွေချသွားလိုက်တာများ ... လှိုင်းတပုတ်မှာ သဲအဆုပ်လိုက် ပါသွားသလိုပါပဲ။ ကံကောင်းထောက်မစွာ အသက်ရှင်သန် ကျန်ရစ်ခဲ့ကြတဲ့သူတွေမှာ အရူးတပိုင်း ... စိတ်သောက ခံစားရတာတပိုင်း၊ ကိုယ်ဒုက္ခခံစားရင်း လူ့တန်ဖိုးတွေ ပျောက်ဆုံးနေခဲ့။ ၀မ်းနည်းစရာ ...။

အခုပဲ ကြည့်ဦး...။ စာနာထောက်ထားသူတွေ ပေးကမ်းလှူဒါန်းတဲ့ ပစ္စည်းတွေကို လက်ခံလို့မရ့။ အတားအဆီး အပိတ်အပင် အဖြတ်အတောက်များစွာ ခံနေခဲ့ရတဲ့ဘ၀ ...။ ကံဆိုးလိုက်ကြတဲ့ ကျမတို့ မြန်မာပြည်သူ ပြည်သားတွေ ...။ ကိုယ်တိုင်သွားရောက် ပေးကမ်းတဲ့ သူတွေကိုလည်း တားဆီးနှောင့်ယှက် ရန်လုပ်သေးတယ်။ အမျိုးသားစိတ်ဓာတ်နဲ့ လှူဒါန်းကြပါဆိုပြီး ... လှူတဲ့ပစ္စည်းတွေကို ရွေးချယ် ဝေစုခွဲနေကြတာကို ပတ်ဝန်းကျင်က အတိုင်းသား သိနေကြားနေကြရပါတယ်။ ဒုက္ခသည်တွေဆီက အသက်ဆက်ဖို့ ထမင်းတလုပ်၊ အ၀တ်တထည်ကို လုစားရဲတာကတော့ ငရဲမကြောက်တဲ့ လူတစ်စုပါပဲ ...။ အော် ... မပြောနဲ့လေ။ အလှူရှင်တွေ နာမည်တွေကို ဖျက် ခပ်တည်တည်နဲ့ ကိုယ့်နံမယ် ကိုယ်တပ်ပြီး အလှူရှင်နာမည် ခံရဲနေသေးတဲ့ သူတွေတောင် မျက်နှာပြရဲ နေသေးတာပဲလေ။ ပေးတဲ့ လေယာဉ်တွေပေါ်ကချတာ အထုပ်တွေ အများကြီး။ လက်ထဲရောက်တော့ အထုပ်သေးသေးတခုကို ၀ိုင်းဝန်းခွဲစား နေကြရတဲ့ဘ၀။ ပစ္စည်းတွေကို ကတော့(cone) ထဲထည့် အသွင်ပြောင်းလေရော့သလားမသိ။ ၀င်တုန်းကတော့ အများကြီး၊ ပြန်ထွက်လာတော့ တစ်စက်ထဲ ...။ အင်း ...။ အငွေ့ပျံသွားလေရော့သလားမသိ ...။

ညှာတာကြပါဦး၊ စာနာကြပါဦးရှင် ...။ ကိုယ်ထမင်းတလုတ် မျိုတိုင်း စားရမဲ့သောက်ရမဲ့ အိုးအိမ်မဲ့ မိသားစုတွေ မဲ့ကုန်တဲ့ ပြည်သူတွေ အများကြီး အဲဒီ ထမင်းလုပ်ကို မမြင်ရတဲ့ မျက်လုံးတွေနဲ့ ငေးနေကြတယ်။ မိုးအေးအေးနဲ့ ကွေးပြီး ဇိမ်ကျနေတဲ့ အချိန်မှာ အမိုးအကာမရှိ၊ အနံ့အသက် မကောင်းတဲ့ နေရာတွေမှာ အိပ်မက်ဆိုးတွေ ခြောက်လှန့်ခံနေခဲ့ရ။ ကိုယ်မသုံးတော့တဲ့ အ၀တ်အထည်တွေ ချောင်ထိုးထားမယ့်အစား အ၀တ်တစ်ထည် ကိုယ်တစ်ခုသာ ဖြစ်နေကြတဲ့ ကိုယ့်ညီအကို မောင်နှမတွေကို မျှလိုက်ကြပါ။

ကျမတို့ ပြည်သူတွေက တမြေထဲနေ၊ တရေထဲ သောက်နေကြတဲ့ လူသားတွေပါပဲ။

မိုးတွေ ညိုလာပြီ ... ပြည်သူတွေရဲ့ မျက်ရည်တွေထက်တော့ မပိုနိုင်တော့ပါဘူးနော် ...။

အေးချမ်းတဲ့ တိုင်းပြည်လေးတစ်ခု ... အုပ်ချုပ်မင်းလုပ်သူတွေကို အားကိုးမရတဲ့အဆုံး ကိုယ်ထူကိုယ်ထစံနစ်နဲ့ ပြန်ထူထောင်ကြရအောင်နော် ...။

အကုန်လုံး ပါဝင်ကြပြီး တတပ်တအားနဲ.ပေါ့ ... ရေသာခို ကျန်မနေခဲ့စတမ်း ...။ အခွင့်အရေး ပိုမယူ တလုံးပိုမရှူကြစတမ်းလေ ...။

ရန်ကုန်တမြို့လုံး သစ်ပင်ကြီးတွေ အကုန်လုံးနီးပါး အလဲလဲ အပြိုပြို ...။ အထင်ကရ သစ်ပုတ်ပင်ကြီးကတော့ မားမားမတ်မတ် ရပ်တည်နေဆဲ ...။ ဟော ... အကုန်လုံးနီးပါး ဇက်ကြိုး အရွက်မဲ့ ...တို့လို့တွဲလောင်း အပင်ပျက်တွေကြား ရန်ကုန်မြို့မှာရှိတဲ့ စိန်ပန်းနီတွေကတော့ ရဲရဲစွင့်စွင့် အပွင့်တွေ ပြန်ဝေဆဲ ...။

ကဲ ... တို့လည်းလေ ... လက်ချင်းတွဲလို့ စည်းလုံးညီညွတ်စွာနဲ့ တို့တိုင်းပြည်ကြီးကို ပြန်လည်ထူထောင်ကြစို့။ တို့တိုင်းပြည် ဆုတ်ယုတ်အောင် လုပ်တဲ့သူ တို့တွေရန်သူ ...။ အနှောင့်အယှက် အတားအဆီးမှန်သမျှ ပြည်သူ့အားနဲ့ ချေမှုန်းကြစို့။ နာဂစ်တောင် ကြံ့ကြံ့ခံခဲ့သေးတာပဲ ...။ ဘာမှုဦးမလဲ ...။ သွားစို့လေ ... လက်တွဲမဖြုတ်စတမ်း ...။ ။

No comments: