Thursday, May 22, 2008

နာဂစ်လေမုန်တိုင်းနှင့် တူးဖော်ခံလိုက်ရသော ပုတ်သင်ဥများ

ရုတ်တရက် ထိတ်လန့်တုန်လှုပ်စရာ သတင်းနှင့် မြင်ကွင်းများကို ကြားလိုက်ရသည်။ များစွာ ၀မ်းနည်းကြေကွဲ စိတ်မကောင်းခြင်း ကြီးစွာလည်း ဖြစ်ခဲ့ရသည်။ တနေ့လုပ်လို့မှ တနေ့ဝလင်အောင် မစားနိုင်ကြသူ အများစုကြီး နေထိုင်ရာ ကျေးလက်တောရွာကလေးများ လေပြင်းမုန်တိုင်းနှင့် လေပြင်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ပင်လယ်လှိုင်းလုံးကြီးများအောက် ပျောက်လွင့် ကြေမွပျက်ပြုန်း အသက်ဘ၀ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရရှာပြီကော။ ပိုင်ဆိုင်ထားသမျှ ဥစ္စာပစ္စည်းများ ဆုံးရှုံးရုံမျှမက ချစ်ခင်တွယ်တာရသော သားသမီး ဇနီး ခင်ပွန်း ဆွေမျိုးသားချင်းများစွာ တခဏအတွင်း မြင်ကွင်းမှ ပျောက်လွင့်သွားကြရရှာလေပြီ။ ဖြေဆည်၍ မရနိုင်စရာ။

သီတင်းနှစ်ပတ်ခန့် ၀မ်းနည်း စိတ်မကောင်းဖြစ်စရာ သတင်းများ မြင်ကွင်းများအပြင် ခံပြင်းဒေါသဖြစ်စရာ အပြောအပြ လုပ်ရပ်တွေကို ကြားနေမြင်နေခဲ့ရသည်။ ဤမျှပြင်းထန် ဆိုးဝါးလှသည့် သဘာဝဘေးဒဏ်သင့် သေကြေဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုနှင့် ကြုံနေကြရသော ကိုယ့်တိုင်းသူပြည်သားများကို စွမ်းစွမ်းတမံ အင်တိုက်အားတိုက် ကယ်တင်ကူညီဖို့ထက် ဘာမဟုတ်သည့် အာဏာလောဘ၊ ဥစ္စာလောဘတက်ပြီး ၄င်းတို့ အာဏာတည်မြဲရေးအတွက် ပြည်သူ့ဆန္ဒခံယူပွဲဆိုသော လိမ်ဆင်လုပ်ရပ်ကြီးကို အတင်းတွန်းပြီး လုပ်ရက်သည့် ကိုယ့်ပြည်သူပြည်သားများ ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခ၊ ပူဆွေးသောကများကို မျက်နှာလွှဲထားရက်သည့် အစိုးရမျိုး ရှိနေသေးကြောင်း မျက်ဝါးထင်ထင် တွေ့လိုက်ရသည့်အတွက် သူများစွာ ထိတ်လန့်အံ့သြမိသည်။ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များနှင့် သံတမန်ကြီးများပါ လက်ဖျားသာမက တကိုယ်လုံးပါ လှုပ်ခါ အံ့သြခဲ့ကြရသည်။

စစ်အစိုးရ ခေါင်းဆောင်ဆိုသည့် ဗိုလ်ချုပ်ကြီးများနှင့် ဇနီးမယားတို့က အပြုံးမပျက် လက်ဝတ်လက်စား ဆင်သအလှပြင်ပြီး သူတို့၏ အာဏာရမက်နှင့် လူမဆန်မှုကို ကမ္ဘာသိအောင် ပြခဲ့ကြသည်။ ကိုယ့်အမျိုးသား ကိုယ့်တိုင်းပြည်တွင် ဤကဲ့သို့သော လူစိတ်လုံးဝမရှိ၊ မိုက်မဲဆိုးသွမ်းသူ၊ လူရိုင်းလူမိုက်ကြီးများ ရှိနေ၊ အုပ်ချုပ်ခွင့် ရနေသည့်အတွက် သူများစွာ စိတ်ပျက်နေမိသည်။၂၁ ရာစု၏ တိုးတက်ဖွံ့ဖြိုးသော လူ့အဖွဲ့အစည်း၊ မြင့်မားလာသည့် ယဉ်ကျေးမှုနှင့် လားလားမျှ ညီညွတ်မှုမရှိအောင် ရိုင်းပြစော်ကားနိုင်ကြသည်။ ကမ္ဘာတ၀ှမ်းလုံးမှ လူသားချင်း စာနာထောက်ထားမှု အကူအညီအဖြစ် အစားအသောက် အ၀တ်အစား အသုံးအဆောင် နေထိုင်စရာများ အင်နှင့်အားနှင့် ပေးပို့လှူဒါန်းလာကြသည်။ ရုပ်ဝထ္ထုပစ္စည်းသာမက ဤကဲ့သို့သော သဘာဝ ဘေးဒဏ်သင့်မှုမျိုးတွင် လူသားများကို မည်သို့ ကယ်တင်စောင့်ရှောက်ရမည်၊ ရုပ်အားဖြင့် စိတ်အားဖြင့် မည်သို့ ပြုစုကုသရမည် ဆိုသည်များကို လေ့ကျင့်သင်ယူထား ကျွမ်းကျင်ထားကြသည့် ကယ်ဆယ်ရေး လုပ်သားများစွာကိုလည်း အစုလိုက် အဖွဲ့လိုက် စေလွှတ်ပေးခဲ့ကြပါသည်။

မြန်မာစစ်အာဏာရှင်များက ကယ်ဆယ်ရေး ပစ္စည်းများကို လက်ခံချင်သည့် နိုင်ငံမှသာ လက်ခံသည်။ မိမိအား ဆန့်ကျင် ဝေဖန်ထားသည့် နိုင်ငံကြီးများမှ ကယ်ဆယ်ရေး ပစ္စည်းများကို အဟန့်အတား အနှောက်အယှက် ပေးသည်။ မတတ်သာသည့်အဆုံး ကယ်ဆယ်ရေး ပစ္စည်းများကိုသာ လက်ခံပြီး ကယ်ဆယ်ရေး လုပ်သားများကို လက်မခံခဲ့။ ကယ်ဆယ်ရေး လုပ်သားများခမျာ လူသားချင်း စာနာထောက်ထားစိတ်ဖြင့် မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြရသည်။ ဒေါသထွက်ခဲ့ကြရသည်။ လူစိတ်ရှိသော လူမှန်လျှင် မည်သူ မျက်ရည်မဆည်ဘဲ နေနိုင်မည်နည်း။ မြန်မာရေပိုင်နက် အစပ်တွင် ကယ်ဆယ်ရေး ပစ္စည်းအပြည့်ဖြင့် ရပ်စောင့်နေရသော ပြင်သစ်သင်္ဘောကြီးဆိုလျှင် လူ ၁၀၀,၀၀၀ ခန့်ကို ၁၅ရက် ကျွေးထားနိုင်သော လူ၆၀၀၀၀ ခန့်ကို နေရာထိုင်ခင်း ပေးထားနိုင်လောက်သော ကယ်ဆယ်ရေး ပစ္စည်းများ ပါရှိသည်ဟု သတင်းများက ဆိုပါသည်။ အမေရိကန် ကယ်ဆယ်ရေး သဘောင်္ကြီးများတွင်လည်း ထိုထက်မလျော့နိုင်သော ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ထားပြီး မြန်မာစစ်အာဏာရှင်များ၏ ခွင့်ပြုမိန့်ကို စောင့်ဆိုင်းနေကြရပါသည်။

များစွာနှမျောစရာ ကောင်းလှပါသည်။ တစ်စက္ကန့် တစ်မိနစ်မျှ သော အချိန်သည်ပင် လွန်စွာအရေးကြီးလှသော ဤအချိန် ဤအခြေအနေမျိုးတွင် ကလေးသူငယ်ပေါင်း မည်မျှ အငတ်ဘေးသင့်ခဲ့ကြပါပြီလဲ။ မည်မျှ အသက်ဆုံးရှူံး ခဲ့ကြပါပြီလဲ။ ဤလူသားမျိုးနွယ်အား ဆန့်ကျင်ကျူးလွန်သည့် ပြစ်မှုကြီး၏ တရားခံမှာ မည်သူများ ဖြစ်ပါသလဲ။ အပြစ်ရှိပါသလား။ အပြစ်ရှိလျှင် အရေးယူ အပြစ်ပေးမှု ရှိရပါမည်။ ဤသည်ကို သည်ကနေ့ ကမ္ဘာ့ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် အခြားကမ္ဘာ့နိုင်ငံကြီးများက မစွမ်းဆောင်နိုင် အောင် ဖြစ်နေသည်ကို သူများစွာ အံအားသင့်နေမိသည်။ ကမ္ဘာပေါ်တွင် အဓမ္မအား ဓမ္မက မအောင်နိုင်လောက်အောင် အဓမ္မက အင်အားကြီးလွှမ်းမိုးနေပြီဆိုလျှင် …။

ကမ္ဘာ့ကုလသမဂ္ဂ အကြီးအမှူးဖြစ်သူ အထွေထွေအတွင်းရေးမှုးချုပ်ကြီးကိုယ်တိုင် ခေါ်ယူဆက်သွယ်သော တယ်လီဖုန်းကိုပင်လျှင် မတုန့်ပြန် အဖြေမပေးဘဲ ထားရဲသော၊ အထွေထွေအတွင်းရေးမှူးချုပ်ကြီးကိုယ်တိုင် ပေးပို့ခဲ့သော မေတ္တာရပ်ခံစာများအား ပြန်ကြားအဖြေမပေးဘဲ နေရဲသော မြန်မာစစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဆိုသူ၏ မိုက်မဲရိုင်းစိုင်းမှုအား မှတ်တမ်းတင်စရာ စကားလုံးအား သူစဉ်းစား၍ မရခဲ့ပါ။ ကမ်းကုန်အောင် မိုက်မဲရိုင်းစိုင်း ဆိုးသွမ်းလှသည်ဟုသာ ပြောရပါတော့မည်။

အိမ်နီးချင်း တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ သဘာဝကပ်ဘေးဖြစ်သည့် မြေငလျင်ကြီးကလည်း အင်အားကြီးမားလှပါသည်။ ရစ်ခ်ျတာစကေး ၇.၈ ဆိုသည့် တုန်ခါမှုသည် ပြည်နယ်တွင်း နေထိုင်ကြသော တရုတ်ပြည်သူ လေးသောင်းနီးပါး (ယခုအချိန်အထိ)အား သေကြေပျက်စီးစေခဲ့ပါသည်။ ပျက်စီးပြိုကျခဲ့သော အဆောက်အဦများအောက်တွင် ယခုထိ ပိတ်မိနေဆဲဖြစ်သော လူသောင်းနှင့်ချီ၍ ကျန်ရှိနေပါသေးသည်။ များစွာ ကြေကွဲဝမ်းနည်းစရာ အဖြစ်ဆိုးကြီး ဖြစ်ပါသည်။ စီချွမ်ပြည်နယ်သားတို့၏ ၀မ်းပမ်းတနည်း ငိုရှိုက်သံများ တီဗီမှ အဆက်မပြတ် တုန်ရီထွက်ပေါ်နေဆဲ ဖြစ်ပါသည်။ မြန်မာပြည်မှ လေပြင်းမုန်တိုင်းဒဏ်သင့်မှုနှင့် တရုတ် ပြည်မှ မြေငလျင်ဒဏ်သင့်မှုတို့မှာ သဘာဝ ကပ်ဘေးသင့်မှုများဖြစ်၍ မည်သူ့ကိုမှ အပြစ်တင်စရာ မရှိပါ။ သို့ရာတွင် ထိုသို့ သဘာဝကပ်ဘေးသင့်မှုအား ကိုင်တွယ် ဖြေရှင်းကြရာတွင် နှိုင်းယှဉ်မှုအရ မြန်မာစစ်အစိုးရနှင့် တရုတ်အစိုးရတို့မှာ များစွာကွာခြားသည်ကို တွေ့ရပါသည်။

ဖြစ်လျှင်ဖြစ်ချင်းပင် ငလျင်ဗဟို အပြင်းထန်ဆုံး ထိခိုက်ခံရသော နေရာသို့ တရုတ်ဝန်ကြီးချုပ်ကိုယ်တိုင် ကြည့်ရှုစစ်ဆေး အရေးတယူ ဆောင်ရွက်ရန် ရှိသည်များကို ဆောင်ရွက်ရန် ချက်ချင်း ညွှန်ကြားခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်သားများက အဆောက်အဦများပိ၊ ပိတ်မိနေကြသူများအား ချက်ချင်း ကယ်တင်ထုတ်ယူပေးခဲ့ပုံ၊ သက်ကြီးရွယ်အိုများကို ကုန်းပိုးသယ်ဆောင်ပေးခဲ့ကြပုံ၊ ဒုက္ခသည်များအား ဘေးလွတ်ရာသို့ ဖေးမပို့ဆောင် ပေးနေကြပုံများကို တီဗီဖန်သားပြင်ပေါ်တွင် နေ့စဉ်တွေ့မြင်နေခဲ့ရပါသည်။

မြန်မာစစ်အစိုးရ တာဝန်ရှိ စစ်ဗိုလ်ချုပ်များကမူ ကယ်ဆယ်ရေးပစ္စည်း အနည်းငယ်ကို မုန်တိုင်းဒဏ်သင့် ပြည်သူအချို့အား ပေးကမ်း လက်ဆွဲနှုတ်ဆက်နေပုံ၊ ပ၀ါစုံချထားသော အမျိုးသမီးအသင်းအဖွဲ့ဝင်များက တီဗီရိုက်ရန် ပစ္စည်းများ လက်ဆင့်ကမ်း သယ်ပေးနေပုံ အစုတ်စုတ် အပြတ်ပြတ် ဖြစ်နေကြသော မုန်တိုင်းဒုက္ခသည်များက မြေပြင်ပေါ်တွင် စောင့်ကြောင့်ထိုင်သူထိုင် ပုဆစ်တုပ်သူတုပ် အားကိုးတကြီး လက်အုပ်ချီ မော့ကြည့်နေသည်ကို အာဘောင်အားရင်း သန်သန်နှင့် ၀န်ကြီးဆိုသူ ဗိုလ်ချုပ်များက ကယ်တင်ရှင်ကြီးများအဖြစ် ပြောဆိုအသားယူနေပုံများမှာ အပြသဘောသက်သက် တီဗီရိုက်ကူးပြရုံသာ ရည်ရွယ်လုပ်ဆောင် နေကြခြင်းများဖြစ်ကြောင်း မြင်သာထင်ရှားလှပါသည်။ ဤမျှအထိ မျက်နှာပြောင် အရှက်ကင်းမဲ့လှသော စေတနာ ကင်းမဲ့လှသော လုပ်ရပ်များကို သူများစွာ စိတ်ပျက်ရွံရှာမိသည်။ မြန်မာပြည် သူလူထုတရပ်လုံးအား အဆုံးမဲ့ ဆင်းရဲခြင်း ချောက်တွင်းနက်ထဲ တွန်းချရင်း တိုင်းပြည်အား အလုံးစုံ ပျက်သုန်းရေးသို့ တွန်းပို့နေကြသော မြန်မာစစ်အာဏာရှင်များ၏ စိတ္တဗေဒကို သူနားမလည်နိုင်ပါ။

အနိုင်နိုင်ငံမှ ပေးပို့လှူဒါန်းကြသော အရည်အသွေး မြင့်မားသည့် ကယ်ဆယ် ရေးပစ္စည်းများအား ဂိုဒေါင်များတွင် မောင်ပိုင်စီး သိမ်းယူပြီး မဖြစ်စလောက်သော ကယ်ဆယ်ရေးပစ္စည်းများနှင့် ပြည်တွင်းမှ ထုတ်လုပ်သော စားသောက်စရာများ အညံ့စား ဆန်များကိုသာ ပေးဝေနေမှုများ၊ နိုင်ငံရပ်ခြားမှ ကယ်ဆယ်ရေး ပစ္စည်းများအား စစ်တပ်၊ ရဲနှင့် ၄င်းတို့၏ကျောရိုး အလိုတော်ရိ အဖွဲ့အစည်းများအား ပေးအပ်တပ်ဆင်ပေးရင်း ထောက်ခံမှု ရယူနေခြင်းများအား မကြားချင် မမြင်ချင်အဆုံး ဖြစ်သည်။ ဤမျှ ကိုယ့်ပြည်သူအပေါ် စေတနာကင်းမဲ့ ယုတ်မာရက်စက်ကြသော စစ်အာဏာရှင် ဗိုလ်ချုပ်ဆိုသူများအား ပြည်သူတရပ်လုံးမှ တညီတညွတ်တည်း ငြင်းဆန် လက်မခံမှသာ၊ ဆန့်ကျင်တွန်းလှန် တိုက်ဖျက်ကြမှသာ မြန်မာနိုင်ငံသည် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ကမ္ဘာ့အလည်တွင် ပြန်လည်ပေါ်ပေါက် တင့်တယ်လာနိုင်ပါလိမ့်မည်။

ဒုတိယကမ္ဘာစစ် ကာလက ကျူးကျော် သိမ်းပိုက်ထားသော နာဇီဖက်ဆစ်များအား ပြင်သစ်ပြည်သူများ (ကလေးငယ်ကလေးများမှအစ) က ကြည့်ရှုခဲ့ကြသော နာကျည်းမုန်းတီးသည့် မျက်လုံးများကို သူအမှတ်ရပါသည်။ အာခံဆန့်ကျင် ခေါင်းခါခဲ့ကြပုံများကို သူပြန်လည်မြင်ယောင် သတိရမိသည်။ အာဏာရှင် ချောင်ဆက်စကူးတို့ လင်မယားအား ရိုမေးနီးယား ပြည်သူတို့၏ အကြည့်နှင့် မုန်းတီးရွံရှာမှုကို သူပြန်လည်မြင်ယောင် သတိရမိသည်။ အာဏာရှင် မူဆိုလိုနီတို့ လင်မယားအား အီတလီပြည်သူများ၏ အကြည့်နှင့် စက်ဆုပ်မုန်းတီးမှုကို သူပြန်လည် အမှတ်ရမိသည်။

သူ၏ စိတ်နေသဘာဝမှာ ငြိမ်းချမ်း အေးဆေးမှုကို များစွာနှစ်သက် တမ်းမက်ပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၌ ဤမျှ ဆိုးသွမ်းရက်စက် ယုတ်မာကြသော စစ်အာဏာရှင်များ မရှိမှသာ စစ်မှန်သည့် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုများ ပြန်လည် ရှင်သန်ထွန်းကားနိုင်မည်ဟု သူ စူးနစ်ယုံကြည် ထားခဲ့ပါသည်။ စစ်အာဏာရှင်စနစ်ကို ကျားကုတ်ကျားခဲ တည်တံ့ခိုင်မြဲအောင် ကြိုးစားနေကြသော အာဏာရှင် စစ်ဗိုလ်ချုပ်များအား သူမကြည့်ချင်လောက်အောင် မုန်းတီးရွံရှာပါသည်။ ငြိမ်းချမ်းရေးရရှိရန် စစ်ပွဲဆင်နွှဲရသည်များ ရှိခဲ့သလို အမုန်းတရား ကင်းစင်ပြီး တရားမျှတ လွတ်လပ်သော နိုင်ငံတစ်ခု တည်ဆောက်နိုင်ရေး အတွက်လည်ဲး ရန်သူအား မုန်းတီးစက်ဆုပ်မှု အပြည့်အ၀ မွေးပြီး အာခံဆန့်ကျင် တော်လှန်ကြရန် လိုအပ်ပါလိမ့်မည်။

ပုတ်သင်ဥများကတော့ ယခုမြင်သာထင်ရှား ပေါ်လာခဲ့ပြီ ဖြစ်ပါသည်။

စိုးနေလင်း

No comments: