Wednesday, May 21, 2008

အမေ၊ နာဂစ်နှင့် မုန်တိုင်းဒဏ်ခံ ဇာတိမြို့ကလေး

အမေ .....
အခုဆို ကျနော့် ဇာတိမြို့ကလေးကို ကျနော် ပြန်မရောက်နိုင်ခဲ့တာ ဆယ်စုနှစ်မက ကြာခဲ့ပါပြီကော။ ကျနော်ငယ်ငယ်က အမေရိုက်ပြီး အတင်းပို့ခဲ့ရတဲ့ မူလတန်းကျောင်းကလေးရော ရှိသေးသလား အမေ။ ကျောင်းရှေ့က ကုက္ကိုလ်ပင်တန်းကတော့ ကျနော်ရှိကတည်းက သူတို့ ခုတ် ပစ်လိုက်တယ်ဆိုတာ ကျနော် မှတ်မိနေပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီး အပြီးမှာနော်။ အမေ မှတ်မိတယ်မလား။ အဲဒီတုန်းက အမေက ကြောက် လိုက်တာ တုန်နေတာပဲ။ သေနတ်သံတွေကလည်း ခြားခြားပြီး ပစ်နေတာမလား။ အပ်တိုတချောင်းတောင် ကိုင်ဆောင်မထားတဲ့ သပိတ်မှောက် ကျောင်းသားကလေးတွေရဲ့ သပိတ်စခန်းတွေကို ဗိုလ်နေ၀င်းတပ်တွေက ပစ်ခတ်စီးနင်းနေတာလေ။ အဖေကတော့ ခြင်ထောင်ထဲကနေ ဘီဘီစီကို မပျက်မကွက် နားထောင်လို့ပေါ့။ အမေကတော့ ကြောက်လွန်းလို့ အဖေ့ကို တဆူဆူလုပ်လို့။ အဖေက ကျနော်တို့ကို တနိုင်ငံလုံးရဲ့ လူထုအုံကြွမှု သတင်းတွေ လာလာပြောလိုက်၊ ပြန်နားထောင်လိုက်။ အဲဒီအချိန်မှာ အမေက အဖေ့ကိုပြောခဲ့တဲ့ ဆူဆူပြောပြော စကားလေး ကျနော် ခုထိ မှတ်မိနေသေးတယ်။

"တော်...နော်….ကလေးတွေကိုမြှောက်ပေးနေ"

အဖေကတော့ ပြုံးပြီး အမေ့ကို ကြည့်လို့။ ကျနော်တို့ မိသားစုလေးရဲ့ ရှစ်လေးလုံး အရေးတော်ပုံ ဘ၀ရင်ခုန်သံလို့ ပြောရင်ရမလားပဲနော်။ နောက်တော့ အာဏာသိမ်း စစ်အုပ်စုက သစ်ပင်တွေကို ခုတ်ပစ်လိုက်တာ တမြို့လုံး ကန္တာရလို ဖြစ်သွားတော့တယ်။ မြို့ကလေးကို တည်စကတည်းက မြို့ကလေးနဲ့အတူ စိုက်ခဲ့၊ပျိုးခဲ့ရတဲ့ နေပျောက်မထိုး အရိပ်ရ ကုက္ကိုလ်ပင်ကြီးတွေခမျာ မျက်စိရှေ့မှာတင် ပျောက်ဆုံးသွားခဲ့တာ။ ဘာဖြစ်လို့ ခုတ်ပစ်တယ်ဆိုတာ ပထမတော့ နားမလည်ဘူး။ အာဏာပိုင်တွေအတွက် အိမ်မှာထင်းစိုက်ဖို့လားပေါ့။ တကယ်လဲ ထင်းအဖြစ် ရောင်းခဲ့တာပဲလေ။ ဒါလောက်တောင် အောက်တန်းကျရသလား။ ဥတုရာသီ တောကိုမှီ ဆိုတာ ကလေးကအစ သိနေတဲ့ကိစ္စ။ လားလား ... နောက်တော့မှ သိတယ်။ စစ်ရေးအရ ပြင်တာတဲ့။ သပိတ်စခန်းတွေကို သိမ်းစဉ်မှာ ကျောင်းသားနဲ့ လူထုက သစ်ပင်တွေကွယ်ပြီး ရရာလက်နက်နဲ့ ခုခံခဲ့လို့တဲ့။ ဘယ်လိုလက်နက်တွေလဲဆိုတာ အမေလည်း သိပြီးသားပဲ။ လေးခွနဲ့ဂျင်ဂလိလေ။

"ဒါလေးတွေများ ကြောက် ကြောက်တတ်ရန်ကော။ ဒါလောက်လေးနဲ့ သစ်ပင်တွေခုတ်ရတယ်လို့" အမက ပြောတော့ အမေက ...
"ညည်းဘာသိလို့လဲ လူထုက နောက်တခါကျရင် ဒီထက်ကောင်းတဲ့ လက်နက်တွေနဲ့ ဒင်းတို့ကို တိုက်ခိုက်လာမှာ ကြောက်လို့အေ့"တဲ့။
ဟုတ်တယ် အမေ။ အမေ ဒီစကားကို စိတ်ကူးယဉ် ပြောခဲ့တာ မဟုတ်ဘူးဆိုတာ ကျနော်သိတယ်။ အမေက ဖက်ဆစ်တော်လှန်ရေးကို မီခဲ့တဲ့ မိန်းမကြီးပဲ။ အမေက ကိုယ့်နိုင်ငံ လူထုအကြောင်းကို စာမတတ်ပေမဲ့ ဘ၀ဖြတ်သန်းမှုအရ သိခဲ့တာ။
"ဘယ်တော့ တိုက်မှာလဲ အမေ" လို့ အမက အထွန့်တက်တော့ .....
"ကျုပ် အတတ်မပြောနိုင်ဘူး။ ညည်းမယုံရင် မသေအောင်လုပ်ပြီး စောင့်ကြည့်။ ဒီအတိုင်းဆို ဖြစ်မှာသေချာတယ်"
အမေ့ကို ကြောက်လို့လား ဒါမှမဟုတ် တကယ်ယုံသွားလို့လားတော့ မသိဘူး အမဆီကအသံ တိတ်သွားတယ်။ အမေက ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို ငေါ့ပြီး အဖေ့ကို မျက်စောင်းလှည့် ထိုးလိုက်သေးတယ်။ အဖေကတော့ ပြုံးလို့ပေါ့။ ကျနော်ကတော့ ယုံတယ်အမေ။ သေသေချာချာ သိနေလို့တော့ မဟုတ်ပါဘူး။ ခံစားမှုကြောင့် လို့ဆိုရင် ရနိုင်မယ်ထင်တယ်။ အဲဒီခံစားမှုကြောင့်ပဲ ကျနော် ဇာတိမြို့ကို စွန့်ခွာခဲ့တာမလား။ အခုအထိပဲလေ။

( ၂ )
"အခုလို သစ်ပင်တွေကို စည်းမရှိကမ်းမရှိ ခုတ်လှဲနေတာ မကောင်းဘူး။ နေပြောက်မထိုးတဲ့ ငါတို့ဒေသမှာ သစ်ပင်တွေ ကုန်သလောက်နီးနီး ဖြစ်ကုန်ပြီ။ လံတွေ ပေးခုတ်၊ မီးသွေးဖုတ်နဲ့ သူပုန်မခိုနိုင်အောင် လုပ်တယ်တဲ့ကွာ။ အံ့ပါရဲ့။ တဖြည်းဖြည်းနဲ့ ငါတို့ မြစ်ဝကျွန်းပေါ် ဒေသဟာ အညာ လွင်တီးခေါင်လို ဖြစ်နေတယ်။ ရေငံလည်း တဖြည်းဖြည်း နောက်ဆုတ်သွားတယ်။ အဲဒါ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ အန္တရာယ်ရှိတယ်"
"ဘယ်လို အန္တရာယ်လဲ အဖေ"
"သဘာဝ ဘေးအန္တရာယ်တွေပေါ့ ကွာ။ ရာသီဥတုတွေ ဖောက်ပြန်ပြီး မုန်တိုင်းတွေတိုက်၊ ရေတွေကြီးနိုင်တာပေါ့။"
"ဒါဆို အစားအသောက်တွေ ရှားပါးကုန်မှာပေါ့နော်"
"ဘယ်ကမလဲသားရယ်။ လူတွေ၊ တိရိစ္ဆာန်တွေပါ အတိဒုက္ခရောက်ပြီး သေကုန်နိုင်တာပေါ့"
"ဗျာ တကယ်"
"တော်ကလဲ ကလေးကို ဘာတွေ ပြောနေတာလဲ။ မဟုတ်က၊ ဟုတ်ကဟာတွေကို။ ဟဲ့ကောင်လေး သွား။ သူငယ်ချင်းတွေနဲ့ သွားဆော့"
အမေ့ တားမြစ်သံကြောင့် အဖေ ဆက်မပြောတော့။ အမေက အကင်းပါးလွန်းတယ်။ ညီလေးအရွယ်က ငယ်လွန်းနေတာကိုး။ တည...
"အဖေ.....ဟိုနေ့က ရာသီဥတုအကြောင်း ဆက်ပြောလေ"
"အေးကွာ။ ဒီအတိုင်းဆို မလွယ်ဘူးကွ။ လူဆိုတာ သဘာဝကို ရင်ဆိုင်တိုက်ပွဲဝင်နေရတာဖြစ်တယ်။ တဆက်တည်းမှာ လူမှုစနစ်....အေး... မင်းတို့ငါတို့ကို အုပ်ချုပ်ချယ်လှယ်နေတဲ့ စနစ်တွေကိုလည်း ရင်ဆိုင်နေရတာမလား။ မင်းလည်း ခေတ်ပညာ အတန်အသင့် တတ်ထားတဲ့ ကောင်ပဲ"
"ဟုတ်ကဲ့"
"အေး ဒီတော့ ကိုယ့်ကို အုပ်စိုးချယ်လှယ်နေတဲ့ လူမှုစနစ်ဟာ ကောင်းမွန် မှန်ကန်တယ်ဆိုရင် မင်းတို့ ငါတို့ သဘာဝကို ရင်ဆိုင်ရတာ အားရှိတာပေါ့။ အေး ခေတ်စနစ်က မကောင်းရင် သွားပြီပေါ့ကွာ။ သဘာဝကလည်း နှိပ်စက်၊ လူမှုစနစ်ကလည်း နှိပ်စက်နဲ့ပေါ့။ ကပ်ဘေးဒုက္ခ တွေဆိုတာ ဘယ်တန်ခိုးရှင်ကမှ ဖန်တီးနေတာမဟုတ်ပါဘူးကွာ။ အုပ်ချုပ်မင်းလုပ်နေတဲ့ ကောင်တွေနဲ့ သူတို့ရဲ့ ခေတ်စနစ်တွေ မကောင်းရင်တော့ လူထုတွေ ခမျာမယ် မတွေးဝံ့စရာပေါ့"
"ဒါကြောင့် လူမှုတော်လှန်ရေးတွေ ပေါ်ပေါက်နေတာပေါ့နော် အဖေ"
"ဟေ.... အေး.....ဟုတ်မှာပေါ့ သားရယ်။ ကဲ ကဲ အိပ်စို့ကွာ။ မနက်အစောကြီး ထရမှာ။ တော်ကြာ အဖွားကြီး၊ မင်းအမေ လာကောနေဦး မယ်။ သွား...သားလဲအိပ်တော့။ ဟုတ်လား"
အဖေက ကျနော့်ကို အဓိပ္ပါယ်ပါပါ ကြည့်ရင်း အိပ်ယာထဲ ၀င်သွားတယ်။ အဖေက သူအသံထွက်ပြီး မပြောလိုတဲ့ စကားမျိုးကို မျက်နှာရိပ် မျက်နှာကဲနဲ့ ပြောနေကြ။ အမေကတော့ အဖေ့လို မဟုတ်ဘူးနော်။ အမေက စကားလမ်းကြောင်းလွှဲပြီး ပြောတတ်တယ်။ ဆူငေါက်ပြီးတော့ပေါ့။ လုပ်လို့မပြောဘဲ လုပ်ချင်လုပ် ဆိုတဲ့ သဘောမျိုး။ မလုပ်စေချင်မှ ဘယ်သူမှ မကြားအောင် ကြိတ်ပြောတတ်တာ မလား။ ကျနော် ထောင်ကျ သွားတော့လဲ ....
"ဟဲ့ ဒါမျိုးလုပ်လို့ ထောင်ကျတာတော့ ငါဂုဏ်ယူတယ်" တဲ့။ ထောင်ကထွက်တော့ အမပြန်ပြောပြလို့ သိရတာ။ ည... ညတော့... ကြိတ်...ငိုတယ်တဲ့။ ကျနော်က ဟုတ်လား အမေလို့ မေးတော့ ....အမေက
"အမလေး ...အမလေး ....ငိုမိပေါင်တော်" တဲ့။
"ဒါဖြင့် ငါးပိ၊ ငါးခြောက်ကလေးတွေ ကြော်လှော်ပြီး ပို့ပေးတာကရော"
"အမလေးတော် ဒါကတော့ ရှင်ငတ်ပြီး သေမစိုးလို့ပါ။ ရှင့်ကို မွေးထားတဲ့ တာဝန်က ရှိနေတယ်မလား"
"ဒါနဲ့ နေပါဦး။ နင် အခုတလော လမ်းသိပ်များနေတယ်။ ကြည့်လုပ်နော်။ နင်သွားတော့မလို့ လား ....ဟင်း"
ကျနော်က ဘာမျှ ပြန်မပြော။ အင်းလဲ မလုပ်။ ဟင့်အင်းဆိုပြီးလည်း မငြင်း။ အမေက သားအမိ ကြားလောက်ရုံအသံဖြင့် ......
"အေးလေ။ ပိုင်းပိုင်းဖြတ်ဖြတ်ရှိမှ လုပ်။ မလုပ်နိုင်လို့ ပြန်လာရင်လည်း နင် တသက်လုံး လူတောတိုးတော့မှာ မဟုတ်ဘူး။ နင့်ကိုလည်း ဘယ်သူကမှ ယုံမှာ မဟုတ်တော့ဘူး။ ပြီးတော့ တို့သေရင်လည်း နင်လာနိုင်မှာ မဟုတ်ဘူး။ နင်နေထိုင်မကောင်း ဖြစ်ရင်လည်း ငါတို့လာပြီး ပြုစုနိုင်မှာ မဟုတ်ဘူး။ ငါထင်ပါတယ်။ နင့်ပုံကြည့်ရတာ သွားဖို့ ဆုံးဖြတ်ထားပုံပါ "

ဟုတ်တယ်အမေ။ ဆုံးဖြတ်ပြီးပြီ။ ဆုံးဖြတ်တာမှ အခိုင်အမာကို ဆုံးဖြတ်ပြီးပါပြီ။ ကျနော့် ဆုံးဖြတ်ချက်ကို အသံထွက်ပြီး အသိမပေးနိုင်ခဲ့။ ဒါကို အဖေရော အမေပါ နားလည်နိုင်မှာပါ။ ကျနော် ဦးချနှုတ်ဆက်တော့ အမေ့ခမျာ ကြိတ်လို့သာ ငိုနိုင်ရှာခဲ့တယ်။ ခွင့်လွှတ်ပါ အမေ။

(၃)
ကျနော် ဆယ်စုနှစ်မက စွန့်ခွာခဲ့ရတဲ့ ဇာတိမြို့ကလေးကို နာဂစ် ဆိုတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးရဲ့ ဖျက်ဆီးမှုနဲ့ အတူ ပြန်ပြီးတွေ့လိုက် ရတယ်အမေ။ စစ်အုပ်စုရဲ့ မီဒီယာ ရုပ်မြင်သံကြား အစီစဉ်က ထုတ်လွှင့်နေတုန်း တွေ့လိုက်ရတာပါ။ ကျနော့် အထင် ဆယ့်လေးငါးစက္ကန့်ထက် မပိုဘူးထင်ပါတယ်။ ကျနော့် ဇာတိမြို့ကလေးဆိုတာ ဟုတ်မှ ဟုတ်ပါလေစ အမေရယ်။ ဟယ်လီကော်ပတာပေါ်ကနေ ရိုက်ပြသွားတာ။ မြစ်ဝကျွန်းပေါ်က ရွာပျက်နဲ့ မြို့ပျက်ကြီးတွေဟာ စစ်ကြောင့် ပျက်စီးနေတဲ့ မြို့ပျက်၊ ရွာပျက်တွေထက် ကြောက်စရာ ကောင်းလှချည်ရဲ့။ အိမ်တိုင်နဲ့ သစ်ပင်ငုတ်တိုတွေသာ ကျိုးတိုးကျဲတဲ ကျန်နေခဲ့တဲ့ အဲဒီ ဆိုးရွားလှတဲ့ အရပ်ဟာ မြစ်ဝကျွန်းပေါ်အရပ်တဲ့လား။ တချိန်ကလူတွေ နေထိုင်ကြီးပြင်းခဲ့တဲ့ အရပ်ဆိုတာ သေချာရဲ့လား။ ဗမာပြည်ရဲ့ စပါးကျီအရပ်ဆိုတာ၊ ရွှေရောင်စပါးခင်းတွေနဲ့ သနပ်ခါးဘဲကျား လယ်သူမကလေးများရဲ့ အလှတွေ၊ ဘ၀တွေ တည်ရှိရာ အရပ်ဆိုတာ ဖြစ်နိုင်ခဲ့ပါ ရဲ့လား။ အဲဒီအရပ်မှာ ရာသီအလိုက် ပွဲတော်တွေ၊ အလှုအတန်းတွေ၊ စာအံသံတွေ၊ အားကစားပွဲတွေ၊ ဂီတ တူရိယာ အစုံအလင်နဲ့ တီးမှုတ်ကခုန်ခဲ့တာတွေ၊ ဘုရားသွား ကျောင်းတက် ဇာတိပုည၊ လူမျိုးတမျိုးမှာ ရှိသင့်ရှိအပ်တဲ့ ရိုးသားလှပ ဂုဏ်မာနတွေ ကျနော်တို့ ဇာတိမြေမှာ တချိန်က ရှိခဲ့ဖူးတာပေါ့လို့ နှောင်းလူတွေကို ယုံတမ်းစကားအဖြစ် ပြောရတော့မလား အမေ။

ကျနော့် မျက်ဝန်းထဲမှာ မြို့ကလေးရဲ့ လက်ရှိအနေအထားကို မြင်နေရတယ် အမေ။ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြို့ပျက်ကြီးမှာ ကျန်ရစ်ခဲ့ရတဲ့ ကြီးကြီးမားမား ရှားပါးအဆောက်အဦကြီးတွေ။ သူတို့ ခမျာလည်း စုတ်ပြတ် အသက်ငင်နေပြီပေါ့။ ကျနော်ကြားနေရတဲ့ သတင်းတွေကို အခြေခံပြီး ကျနော်တို့ မြို့ကလေးမှာ အမိုးလန်ပြိုကျနေတဲ့ စာသင်ကျောင်း အချို့နဲ့ ဘုန်းတော်ကြီးကျောင်းတွေသာ ရှိတော့တယ် အမေ။ စာသင်ကျောင်းတွေမှာ မသေဘဲ ကျန်ရစ်ခဲ့တဲ့ သွေးပျက်ပြည်သူတွေရဲ့ ငတ်မွတ်ဆာလောင် ငိုကြွေးသံတွေနဲ့ ...။ ဘုန်းတော်ကြီးကျောင်းတွေ ခမျာလည်း ဒုက္ခသည်တွေ၊ နောက်ဆက်တွဲ ကပ်ရောဂါတွေနဲ့အတူ သီလပေးသံတွေ တိတ်ဆိတ်လို့။ အမိုးအကာ မရှိတဲ့ အားကစားကွင်းထဲမှာတော့ ရွက်ဖျင်တဲကလေးတောင် ထိုးမနေနိုင်ရှာတဲ့ မိုးရေထဲက မြို့သူမြို့သားတွေနဲ့ ပြည့်နှက်ကြပ်သိပ်...။ ရုပ်ရှင်ရုံတွေလား။ ရုပ်ရှင်ရုံတွေကလည်း သွေးပျက်နေတဲ့ မိမဲ့၊ ဖမဲ့ ကလေးတွေရဲ့ ကြောက်မက်ဖွယ် ဆွံ့အငိုသံတွေကို တင်ဆက်ပြသလို့ပေါ့ အမေရယ်။ ကမ်နားလမ်းမှာတော့ ရူးသွပ်သွေးပျက်သွားတဲ့ မိခင်တွေလေ..... စီးဆင်းနေတဲ့ မြစ်ရေတွေကို ကြည့်ပြီး .....ကျမတို့ ...ကျမတို့ကလေးတွေမှာ ဘာအပြစ်ရှိလို့လဲ ......ကျမတို့ကလေးတွေ .....ပြန်ပေး ...ကျမတို့ကလေးတွေ ပြန်ပေး .......

ကူညီကယ်ဆယ်ရေး .... ဟုတ်လားအမေ။ အာဏာသိမ်း စစ်အုပ်စုဟာ အနိုင်ကျင့် ပြည်တွင်းစစ်ပဲ တိုက်တတ်ခဲ့တာ။ ဘာလုပ်တတ်မလဲ အမေ။ စေတနာလား။ စေတနာကတော့ ပြည်သူသေသ ငါတို့စစ်အုပ်စုမာဖို့ အရေးကြီးတဲ့ ကောင်တွေဆိုတာ အမေလည်း သိခဲ့တာပဲ။ နိုင်ငံတကာက ကူညီမယ် ဆိုတော့လည်း လက်မခံဘူးအမေ။ သူတို့ဆီက တဆင့်သွားရမယ်။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ သူတို့ကို တရားဝင်အစိုးရ အဖြစ် အသိအမှတ်ပြုရမယ်တဲ့လေ။ ကုလသမဂ္ဂနဲ့ အမေရိကန် အနောက်အုပ်စုကလည်း ခုပဲ အင်အားသုံး ၀င်တော့မလို၊ အခုပဲ ဒုက္ခသည်တွေကို ဟယ်လီကော်ပတာ ထောင်ချီနဲ့ ကယ်တင်တော့မလိုလို နေ့ရွေ့ညရွေ့နဲ့ ဒုက္ခရောက် ပြည်သူတွေခမျာ အချိန်နဲ့အမျှ ရူးသွပ်၊ ငတ်မွတ်၊ သွေးပျက်၊ သေဆုံးနေရတယ် အမေ။ ဒီကြားထဲ စစ်အုပ်စု သကောင့်သားတွေက သူတို့ မတရား ရေးဆွဲထားတဲ့ (ဘယ်လူထုကမှ မထောက်ခံတဲ့) အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကလိန်ကကျစ်နည်းနဲ့ ဗိုလ်ကျကျင်းပ အနိုင်ယူသွားတယ်။ ပွဲလန့်တုန်း ဖျာခင်းရုံတင်မက ပွဲလန့်တုန်း တရားဝင် အာဏာကို ဓားပြတိုက်လိုက်တာပေါ့ အမေရယ်။

ဟုတ်ပါတယ် အမေ။ အဖေ တခါက ပြောခဲ့သလိုပါပဲ။ လူသားဟာ သဘာဝတရားကို ရင်ဆိုင်၊ တွန်းလှန်၊ အနိုင်ယူရင်းက ကမ္ဘာမှာ လူသား အဖြစ် ရပ်တည်နိုင်ခဲ့တာပါ။ တဆက်တည်းမှာလည်း လူသားဟာ မတရားဖိနှိပ် အုပ်ချုပ်နေတဲ့ ခေတ်ဆိုး၊ စနစ်ဆိုးကိုလည်း တွန်းလှန်အနိုင်ယူလို့ လူသားတယောက်ရဲ့ လွတ်လပ်ရှင်သန်မှုနဲ့အတူ လူ့တန်ဖိုးကို ဖေါ်ပြ တည်ဆောက်နေရတယ် မလား။ လူသားအဖို့ အဖျက်နဲ့ ရင်ဆိုင်ရရင် အပြုနဲ့ ပြန်လည်တည်ဆောက်ရမှာပါ။ မတရားတဲ့ လူ့ပတ်ဝန်းကျင်ကို တရားမျှတတဲ့ လူ့အဖွဲ့အစည်းအဖြစ် ပုံဖေါ်ထုဆစ်ဖို့ဟာ လူသားရဲ့ သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ ကျနော်တို့မှာ မကုန်မခမ်းနိုင်တဲ့ စွမ်းအားတွေ တည်ရှိခဲ့၊ တည်ရှိဆဲ၊ တည်ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီစွမ်းအားကတော့ ကျနော်တို့ရဲ့ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ် အမေ။ ကုလသမဂ္ဂပဲဖြစ်စေ၊ အနောက်အုပ်စုပဲဖြစ်စေ ကျနော်တို့ရဲ့ အပြစ်မဲ့ ဒုက္ခသည်တွေကို ထိထိရောက်ရောက် အချိန်မီ ကူညီနိုင်မယ် ထင်ခဲ့တယ် အမေ။ ဒါပေမယ့် လက်တွေ့မှာ အဲဒီလို ဖြစ်မလာခဲ့ဘူး။ မသေသင့်၊ မဆုံးရှုံးသင့်တဲ့ အပြစ်မဲ့ ပြည်သူတွေ သေဆုံးပြီးမှ ရောက်လာမယ်ဆိုလဲ ဒါကို အမျိုးသားကြေကွဲမှုနဲ့ ရင်းပြီးရလိုက်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသိ သင်္ခန်းစာလို့ မှတ်ယူလိုက်ပါမယ် အမေ။ တိုင်းတပါး အကူအညီနဲ့ ခေတ်၊ စနစ်တွေ ပြောင်းဖို့လား။ ပိုဆိုးတာပေါ့ အမေရယ်။ ကျနော် ငယ်ငယ်က အမေ တောင်းကျွေးဖူးတဲ့ ဖိုးလမင်းဆီက ထမင်းဆီဆမ်း၊ ရွှေလင်းပန်းကမှ ရရင်ရဦးမယ်။ ဒါ့ကြောင့် ဦးလေးလူထုစိန်ဝင်းက ပြောခဲ့တာ။ ဘယ်တိုင်းတပါးကိုမှ မမျှော်နဲ့။ ကိုယ့်လူထု အင်အားနဲ့သာ စည်းစည်လုံးလုံးတိုက်မှ ရမယ်လို့ ပြောခဲ့တာပေါ့ အမေရယ်။ အော် အမေ မကြားလိုက်ဖူးနော် ... အမေ။

အမေ့အနေနဲ့ ဘယ်ကြားခွင့်ရှိတော့မလဲ အမေရယ်။ အမေနဲ့ အဖေ နှစ်ယောက်လုံး ဘယ်မှာကြားခွင့် ရှိနိုင်ပါတော့ မလဲ။ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဇာတိမြို့ကလေးမှာ ကျန်ရစ်ခဲ့တဲ့ အမေ့ သား၊ သမီး၊ မြေး၊ မြစ်တွေ ဘာဖြစ်ကုန်ပြီလဲဆိုတာ အမေ ဘယ်သိနိုင်တော့မလဲ။ ဒီသဘာဝ ဘေးအန္တရာယ်ကြီးက ဆိုးရွားလွန်းလှတဲ့ အနိဌာရုံကြီးတွေတောင် သူ့ကြောင့် ထိတ်လန့် ဆွံ့အသွားတယ် အမေ။ အကြေကွဲဆုံးဆိုတဲ့ ကြေကွဲမှုတွေကလည်း သူ့ကိုအရှုံးပေးပြီး သွေးပျက်တိတ်ဆိတ်လို့ နင်းစရာ မြေတောင် မရှိတော့တဲ့ ဒေါသရေလွှာပြင်ပေါ်မှာ ...။

ကျနော်ဟာ အမေနဲ့ အဖေ့ ဈာပနကို အဝေးကနေ နောက်ကျကြားသိခဲ့ရသူပါ။ ခုချိန်ထိ ကျနော့မှာ သူတို့အတွက် သက်ပျောက် ဆွမ်းလေးတောင် ကပ်ခွင့်မကြုံသေးဘူ။ အဲဒီလို ပြုမူဆောင်ရွက်ပြီးရင် ကျနော့် အနေနဲ့ သူတို့အပေါ် တာဝန်ကျေပြီလို့ ကျနော့်ကိုယ် ကျနော် မသိစိတ်က ယူဆသွားမှာ စိုးလို့လား မသိတော့ပါဘူး။ အခု ကျနော် မြင်နေရတယ်။ ကျနော့် မိဘနှစ်ပါး အေးချမ်းငြိမ်သက်စွာ လဲလျောင်းနေတဲ့ ကျနော့် ဇာတိမြိုကလေးရဲ့ တခုတည်းသော သုသာန်ကလေးခမျာ မုန်တိုင်းသင့် ရေလွှမ်း ပျောက်ကွယ်သွားပါပကော။ အဖေနဲ့အမေရဲ့ မြေပုံမှတ်တိုင်ကလေးနှစ်ခုဟာ ကျိုးပျက်ပြီး အပြစ်မဲ့ မြို့သူ၊မြို့သား၊ ကလေးသူငယ်များရဲ့ ပုပ်ပွရုပ်အလောင်းများနဲ့အတူ ကူသူမဲ့၊ ဆယ်သူမရှိ မျောပါနေပေါ့။ ဘယ်ကိုလဲ ... ဟုတ်လား။ အော် ... မြစ်ဝကျွန်းပေါ်အရပ်ဆိုတာ ပင်လယ်ကို မေးတင်ထားတဲ့ ဒေသမလား။ ဒီတော့ ပင်လယ်ဆီကို ရောက်ရင်လည်း ရောက်မယ်။ လမ်းမှာတင် ပျက်သုဉ်းသွားရင်လည်း ပျက်သုဉ်းသွားမယ်ပေါ့။ နော် ... အမေရယ် ... နော်။ ဒါပေမယ့် အမေရယ် ...
လူသားဆိုတာ ......။ ။

ညွှန်းဆက်
၂၀၀၈၊ မေ ၂၀။

No comments: