လူထုတေးသံ၊ သံမဏိခံတပ်နှင့် မန်းတောင်ရိပ်ငို
မောင်လွမ်းဏီ
(၁)မောင်လွမ်းဏီ
မြနန္ဒာနဲ့
သင်္ကြန်ကိုလွမ်း
တမ်းတမ်းဆွတ်ဆွတ်
လူက
ပိတောက်ကဗျာဖြစ်ရင်း
အမေ့သတင်းက၊ ရင်ဝထိုးခွဲ
သွေးက
အမေ့ရဲ့ သွေးတွေ …။
“သေမယ့်ဘေး တွေးပြီးတော့ ရေးနေတာပါ။ မသေခင် ငါလုပ်ဦးမယ်၊ မသေခင် ငါလုပ်ဦးမယ်၊ အဲဒါပါပဲ။”
(လူထုအမေ၊ တောင်လေးလုံးမှ နတ်ကျွန်းအထိ အမှတ်တရ အမှာစကား … မှ)
ဧပြီ ၆ ရက် မနက် ၁၀ နာရီလောက် ကိုတော ဖုန်းလှမ်းဆက်ပြီး ပြောတယ်။ ၈ နာရီကျော်ကျော်မှာ အမေမာ ဆုံးတဲ့သတင်း ကြားရတယ်။ အကို အထဲကို သေချာအောင် ဆက်ကြည့်ပါဦး … တဲ့၊ ကိုဖိုးသံဆီလည်း တချို့ ဖုန်းဆက်ပြီး အကြောင်းကြားနေကြတယ် …တဲ့။
ကျနော် မှင်သက်မိနေတယ်၊ မတုန်လှုပ်ပေမယ့် စူးစူးနစ်နစ် ကြေကွဲထိရှနေမိတယ်။ ဆရာမြသန်းတင့် ဆုံးစဉ်က သံလွင်ကမ်းနံဘေးမှာ။ ဒီဗွီဘီသတင်းဌာနက အင်တာဗျူးတော့ ဆရာကွယ်လွန် ဆုံးပါသွားတဲ့အတွက် နှမျောမဆုံး ယူကျုံးမရ ထိရှကြေကွဲသူတွေ စာရင်းတို့ရင် နောက်ဆုံးနံပါတ်တွေထဲမှာ ကျနော်ကို ထည့်ပေးပါလို့ အဆုံးမှာ မေတ္တာရပ်ခံ တိုးလျှိုးခဲ့တယ်။
ခု အမေ ဆုံးပြီ။ လူထုအမေ ဆုံးပြီ။ အမေမာ ဆုံးပြီ။ ဒေါ်ဒေါ် ဆုံးပြီ။ အမေလူထုဒေါ်အမာ ဆုံးပြီ။
ဦးလေးလှဇနီး ဆုံးပြီ။ ကိုစိုးဝင်း၊ ကိုဖိုးသံ၊ ကိုညီပုလေးတို့ မသန်းရင်မာတို့ တင်တင်ဝင်းတို့ မိခင်ကြီး ကွယ်လွန်ပြီ။ အဝေးရောက် သားသမီးတွေရဲ့ မန်းတောင်ကြီး သက်ပြင်းမောတွေ ရပ်တန့်သွားခဲ့ပြီ။ မအမာ ဆုံးပါးပြီ။ အမိတိုင်းနိုင်ငံနဲ့ အမေ့ဇာတိချက်မြှုပ်ကို နောက်ဆံတင်းတင်း ရင်နဲ့ရင်းပြီး ခွဲခွာခြင်းပေလား။
တိုင်းပြည်နဲ့ လူမျိုး၊ ဘာသာ သာသနာအကျိုး၊ ယဉ်ကျေးမှု အနုသုခုမ စစ်မျက်နှာ၊ စာပေ အလင်္ကာ ခုခံစစ်၊ သတင်းစာ လွတ်လပ်ခွင့်၊ လူ့ဂုဏ်သိက္ခာ၊ နယ်ချဲ့၊ ဖက်ဆစ်၊ အာဏာရှင်စနစ်၊ တော်လှန်ရေး ၀ိသေသများနဲ့ ယုံကြည်ချက် နရသိန်ရက်စွဲများ၊ လူထုဘက်က ပြတ်ပြတ်သားသား ရပ်တည် လျှောက်လှမ်းခဲ့တဲ့ ခရီးရှည် ချီတက်ပွဲများ၊ ငြိမ်းချမ်းရေး ဂီတသံစဉ်ကို နိုင်ငံတကာရင်ပြင်မှာ တီးခတ်ကျူးရင့်ခဲ့သည့် ပြာလဲ့စိမ်းလန်းသော ကောင်းကင်များ၊ လင်သေသားဆုံး မန္တလေးမီးခိုးလုံးအောက်က မုဆိုးမတဦးရဲ့ လောကဓံ တိုက်ပွဲများ၊ ဘာလဲဟဲ့ ခေတ်ဆိုး ခေတ်ကျပ် ဘ၀နဲ့ထပ် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖြတ်သန်းခဲ့မှုများ …။
တည်ကြည်ရဲရင့်တဲ့ ရုပ်ပုံလွှာ၊ ပြတ်သားခိုင်မာတဲ့ စိတ်ဓာတ်၊ သန့်စင်မြင့်မြတ်တဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ မျိုးဆက် အဆက်ဆက်အတွက် ရှေ့ဆောင် လမ်းဦးထွင်ခဲ့တဲ့ လူထုသမိုင်းစာမျက်နှာများ …။ အရာရာကို ပေါင်းစုရုံးကြည့်လိုက်ပါတော့ …။ အဲဒါတွေ အားလုံးရဲ့ တခုတည်းသော ပြယုဂ်ကတော့ အမေလူထု ဒေါ်အမာဆိုတဲ့ ကျနော်တို့နိုင်ငံက စံပြုလေးစား ချစ်မက်မြတ်နိုးရတဲ့ သူရဲကောင်းကြီး …။ လူထုတေးသံတွေနဲ့ စည်ဝေလွင့်ပျံနေတဲ့ လူထုကိုယ်စားလှယ်ကြီး၊ လူထုအမောကို ငါ့အမောလို့ ခံယူတဲ့ လူထုမိခင်ကြီး …။ လူထုတေးဆိုတာ လူထုက ရေးတယ်၊ လူထုက ဆိုတယ်။ လူထု၊ လူမှုဝေဒနာနဲ့ အမေ။ အမေ၊ လူထုနဲ့ လူမှုဝေဒနာ၊ ထပ်တူညီတြိဂံ …။
အဲဒီ အမေမျိုး ရတဲ့အတွက် ကျနော်တို့ တိုင်းပြည်နဲ့ ကျနော်တို့ အဖိနှိပ်ခံ ပြည်သူတွေအတွက် ဂုဏ်ယူမဆုံး။ အမေဆုံးပါး ကွယ်လွန်သွားတဲ့အတွက် အမေ့လမ်းစဉ်မျိုး၊ အမေ့ဂုဏ်သိက္ခာမျိုး၊ အမေ့အားထုတ်မှုမျိုး၊ အမေ့ရဲ့ ကြံ့ကြံ့ခံ တိုက်ပွဲဝင်မှုမျိုးတွေကို သင်ကြားခံ သားသမီးတွေရဲ့ စီတန်းလိုက်ပါ ပို့ဆောင်တဲ့ အန္တိမခရီးမှာတော့ အမေ့ခြေဖ၀ါးရဲ့ အနီးဆုံးနေရာမှာ ကျနော်ရှိနေချင်ခဲ့တယ်။ အဝေးက ငေးရီ၊ တမ်းဆွတ်၊ မျှော်မော၊ ခေါင်းတလားကို မထမ်းပိုးနိုင်သော်ငြား၊ အမှန်တရားကို ကျနော် ကျောပိုးနေခဲ့တာ အမေ။ အမေ နားလည် ခွင့်လွှတ်တန်ကောင်းရဲ့။
“အတိတ်ဆိုတာ ရှိလည်းရှိရတယ်။ ရှိတယ်ဆိုတာလည်း ဂုဏ်ယူရတယ်။ အတိတ်ဆိုတဲ့ လှေကားထစ်ရှိလို့သာ ပစ္စပ္ပန်ဆိုတဲ့ လှေကားထစ်ကို တက်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်ကိုလည်း မျက်ကွယ်ပြုဖို့ မကြိုးစားစေချင်ဘူး၊ မနေ့ကရှိလို့ ကျွန်မတို့မှာ ကနေ့ရှိနေတာပါ။ ကနေ့ရှိနေနိုင်ကြတာပါ။”
(လူထုအမေ၊ မြန်မာ့မဟာဂီတ … မှ)
လူထုတေးသံဆိုတာ တရံမဆိတ်၊ အတိတ်ကို နှိုးဆွ၊ ပစ္စုပ္ပန်ကို လှုံ့ဆော်၊ အနာဂတ်ကို ယုံကြည်တာပဲ မဟုတ်လား အမေ။ လူထုကို ယုံကြည်မှ၊ တော်လှန်ရေးကို ယုံကြည်မှ၊ ယုံကြည်ချက်ကို ယုံကြည်မှ၊ အောင်ပွဲကို ယုံကြည်မှာ မဟုတ်လား အမေ။ ဒါတွေက အမေ ပြဌာန်းပေးခဲ့တဲ့ လွတ်မြောက်ရေး သီဝရီတွေလေ။ အမေ့ဘ၀တခုလုံးနဲ့ တိုက်ယူလို့ရခဲ့တဲ့ သစ္စာတရားတွေလေ။ အမှန်တရားတွေ ကျနော်တို့ ဘ၀တွေပေါ် ပိပြိုလိမ့်ဆင်းလာအောင်၊ ထွေးပွေ့ မွေးမြူတတ်အောင်၊ အင်အားတွေ ကြီးထွားရင့်သန်လာအောင် ဘယ်သူတွေ ဆောင်ကြဉ်းပေးခဲ့ပါသလဲ။ အမေ့ကျေးဇူး၊ မေတ္တာ၊ စေတနာ၊ မုဒိတာတွေက ( ဒီ့ထက် လေးနက် နက်ရှိုင်းတဲ့ အခြားစကားလုံး ကျနော့်မှာ ပါးရှားတယ်၊ အမေ့ရဲ့ နို့ရည်တစက်လို့ပဲ ကျနော်မှတ်ယူပါတယ်) အမေရေ … လူထု အမေရေ …။
အလွှာအသီးသီးက လူထုကြီး နှမျောမဆုံး ဖြစ်နေပေါ့၊ တမ်းတ ငိုကြွေးနေပေါ့၊ အစားထိုးဖို့ ရှာဖွေငံ့လင့် နေကြပေါ့၊ အမ အောင်ဆန်းစုကြည်တို့၊ မင်းကိုနိုင်တို့၊ အဝေးရောက် သားသမီးတို့၊ ကျနော်တို့တတွေပေါ့လေ၊ နီလွင်ရဲပတဲ့ အနာဂတ် အိပ်မက်သစ်တခု တပြိုင်နက်တည်း မက်နေကြပြီလို့ ကျနော် ယုံကြည်ဖူးဝေနေတယ် အမေ …။
လူထုတေးသံတွေနဲ့ သမိုင်းအဆက်ဆက်၊ ရာဇ၀င် အခန်းခန်းကို အမေ ဖြတ်သန်းစီးဆင်း သွားခဲ့ပြီ မဟုတ်လား။
(၂)
“အများနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ ဘယ်တော့မှ မငြင်းတဲ့ လူတယောက်။ အဲဒီလိုလူကို အပေါင်းအသင်း ရောင်းရင်းနဲ့ ပတ်ဝန်းကျင် လူ့အဆောက်အအုံက ဘယ့်နှယ်လုပ်ပြီး မေ့နိုင်မှာလဲ။”
(လုထုအမေ၊ တောင်လေးလုံးမှ နတ်ကျွန်းအထိ အမှာစကား … မှ)
အမေနဲ့ စတင်ဆုံစည်းခဲ့ရတဲ့ သက္ကရာဇ်များကို ပြန်ရေတွက်ကြည့်မိတယ်။ ၁၉၈၅ စာဆိုတော်ရာသီ။ ကျနော်တို့ နယ်မြို့လေးမှာ စာဆိုတော်ရာသီရောက်တိုင်း စာရေးဆရာ၊ ကဗျာဆရာတွေကို ဖိတ်ကြားပြီး စာပေဟောပြောပွဲတွေ ကျင်းပပြုလုပ်လေ့ရှိတယ်။ စာပေဟောပြောပွဲနဲ့အတူ ကျပန်းစကားပြောပွဲတွေ၊ စကားရည်လုပွဲတွေ၊ ၀တ္ထု၊ ဆောင်းပါး၊ ကဗျာ၊ ကာတွန်းပြိုင်ပွဲတွေလည်း ယှဉ်တွဲပြီး လုပ်လေ့ရှိတယ်။ ကျနော်က မိုးဝေ လူငယ်ကဗျာရေးသူ ဖြစ်နေပါပြီ။ ၈၀ လွန်နှစ်များမှာ ကျနော်တို့မြို့က စာပေဟောပြောပွဲတွေ၊ စာပေလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ကျနော်ပါဝင်ခွင့် ရနေချိန်။ နှစ်တိုင်း ရန်ကုန်က ဆရာဆရာမတွေချည်း ဖိတ်နေကြတော့ ဒီနှစ်တော့ အလှည့်အပြောင်းလည်းဖြစ်၊ ကျနော်တို့ အင်မတန် လေးစားကြည်ညိုရတဲ့ မန္တလေးက အမေမာတို့ကို ဖိတ်ရအောင်လို့ ကျနော် အကြံပြုကြည့်တဲ့အခါ အားလုံးက သဘောတူ လက်ခံ၊ ရက်သတ်မှတ်၊ ကျနော်နဲ့ စာပေရဲဘော်တဦး မန္တလေးကို အမြန်ချီ၊ အမေမာတို့နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆရာကြီး ဦးမင်းနွယ် (မင်းနွယ်-လယ်ကိုင်း) ဆီက စာယူ၊ ကျင်းပရေးကော်မတီက ဖိတ်စာတွေထည့်၊ အမေမာတို့ စီစဉ်ပေးနိုင်တဲ့ စာရေးဆရာ ကဗျာဆရာတွေ ဖိတ်ခေါ်ခဲ့ပေတော့ … တဲ့။
ဦးလေးလှ၊ အမေမာ အပါအ၀င် ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်တို့က ၁၉၇၁ -၇၂ လောက်တုန်းက တခေါက်တကျင်း ရောက်ခဲ့ဖူးကြပါတယ်။ အဲဒီကာလတွေတုန်းက နယ်မှာ စာပေဟောပြောပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မထွန်းကားသေးပါဘူး။ ကျနော်တို့ အထက်တန်းကျောင်းက ကျောင်းအုပ်ဆရာကြီး ဆရာကြီး ဦးအောင်ဉာဏ် (တောင်တွင်း)က ဦးဆောင်ပြီး ပညာရေးတက္ကသိုလ်က ဆင်းလာတဲ့ ဆရာဦးအောင်ဝင်းတို့၊ မြန်မာစာ ဆရာဆရာမတွေက စီစဉ်ကျင်းပပေးတဲ့ ကျောင်းဟောပြောပွဲမျိုးပါ။ ကျောင်းမှာ ဟောလို့ပြုလို့ပြီးမှ မြို့ပေါ်က စာပေ၀ါသနာရှင်တွေအတွက် လှသီရိ ရုပ်ရှင်ရုံကြီးမှာ ဆက်ပြီး ဟောကြ ပြောကြ၊ စာပေဆွေးနွေးပွဲတွေ လုပ်ကြတယ်၊ ရွက်ကြမ်းရေချို စာပေဟောပြောပွဲ။
ဒါနဲ့ပဲ မန္တလာကို အမြန်နှင်၊ မန္တလေး လူထုတိုက်ရောက်၊ အမေ့ကို ကန်တော့၊ လာရင်းကိစ္စ ပြောပြ၊ အမေပဲ အစစ စီစဉ်ပေးပါပေါ့။ အမေက ပြုံးပြုံးရွှင်ရွှင် နားထောင်ပြီး “ဘိုညို … သားပဲ မောင်ကိုလေးတို့ မောင်ကြည်အောင်တို့နဲ့ စီစဉ်ပေးပါကွယ်၊ အမေလည်း မင်းဘူးမရောက်တာ ကြာပေါ့၊ ကိုမင်းနွယ်ကလည်း တကူးတကကို ဖိတ်ရှာတယ်၊ ရွှေစက်တော်ဘုရားလည်း ဖူးရင်းပေါ့” လို့ ကိုညို့ကို မှာပြောလေး ပြောတယ်။ ကျနော်တို့ကတော့ အစစ အဆင်ပြေလေတော့ ၀မ်းမြောက်ဝမ်းသာ။ ကိုညို (ညီပုလေး)က “ဆရာမောင်လွမ်းဏီတို့ ဒီညနေပဲ ပြန်မယ်ဆိုတော့ ဟောပြောမယ့် ရက်ကိုလည်း သိရပြီလေ၊ ကျနော်တို့ ကားတွေနဲ့ပဲ လာခဲ့မယ်၊ တခြား လိုင်းကားတွေ ဘာတွေလည်း မစီစဉ်ပါနဲ့၊ ကိစ္စအားလုံး ကျနော်တို့ပဲ စီစဉ်ပြီး လာခဲ့ကြပါမယ်။ လာခါနီး ဆရာကြီး ဦးမင်းနွယ်အိမ်ကို ဖုန်းဆက်လိုက်ပါ့မယ်၊ အဲ တခုတော့ရှိပါတယ်၊ မကွေးကမ်းကနေတော့ လာကြိုပေးပေါ့နော်။” “စိတ်ချပါ ကိုညိုရယ်။” မန္တလေးတောင်ကို ပြေး၊ ကျုံးကို ပတ်၊ မဟာမုနိရှင်တော်မြတ်ကို ကသုတ်ကယက် ဖူး၊ ဈေးချိုကို တပတ်ပတ်၊ ထိုးမုန့်လေး လမုန့်လေး ၀ယ်၊ ညနေစောင်းတော့ မကွေးကားနဲ့ ပြန်လာခဲ့ကြ။ အော် … ဖြုတ်ချည်း မန်းတောင်ရိပ်ခို။
ရောက်လာမယ့်ရက် မနက်ပိုင်းမှာပဲ ကျနော်တို့ မကွေးဘက်ကမ်း ကူးပြီး မကွေးက စာပေရဲဘော်တွေနဲ့ စောင့်ကြိနေကြတယ်။ ဧရာဝတီမြစ်ကြီးကို ဖြတ်ကူးဖို့ ဇက်လို့ခေါ်တဲ့ ကားတင်ကူးတဲ့ ရေယာဉ်ကြီးရဲ့ တာဝန်ရှိသူတွေကိုလည်း ကြိုတင်ပြီး စာရင်းပေး၊ မေတ္တာရပ်ခံ၊ တာဝန်ရှိသူတွေကလည်း ကျနော်တို့မြို့က ရေကြောင်းဝိဇ္စာကြီးတွေဆိုတော့ အဆင်ပြေတယ်လို့ပဲ ပြောရမယ်။
မွန်းလွဲ ၁၂ နာရီ ၀န်းကျင်လောက်မှာ မကွေးကမ်းနဖူးကို အမေမာတို့ ရောက်လာပါတယ်။ နှုတ်ဆက်ကြ၊ မိတ်ဆက်ကြပေါ့။ “ဒါ မောင်ကိုလေး (ကဗျာဆရာကြီး ကိုလေး - အင်းဝဂုဏ်ရည်)၊ မောင်ကြည်အောင် (ကဗျာဆရာကြီး ကြည်အောင်၊ ဟောဒါက တက္ကသိုလ် မောင်စောလွင်၊ ဟိုဘက်က နုနုရည် (အင်းဝ)၊ ဒီဘက်က နှစ်ယောက်က အမေ့သား ဘိုညို (ညီပုလေး)နဲ့ မိတ္ထီလာကောလိပ်က စာကြည့်တိုက်မှူးလေး ကိုဝင်းတင့်”
အမေမာတို့ကို လူရှင်း ငြိမ်ဆိတ်တဲ့ ထမင်းဆိုင်လေး တခုမှာ နေရာချထား၊ ကားတွေ ဇက်ပေါ်တင်ဖို့ စီစဉ်၊ မင်းဘူးကမ်းဘက်ကို ရောက်ရှိကြောင်း ဖုန်းဆက်၊ ပါလာသူတွေ စာရင်းပို့။ မင်းဘူးကမ်းဘက်မှာလည်း လည်ပင်း တရှည်ရှည်နဲ့ စောင့်နေသူတွေက သက်ပြင်းတချချ။ စိမ်းလဲ့ကြည်ပြာနေတဲ့ ဧရာဝတီရဲ့ ရေစီးသံတွေကို နားထောင်ရင်း အနောက်ရိုးမဘက်ဆီ ငေးရီနေတဲ့ အမေ့မျက်နှာမှာ လွမ်းရိပ်တချို့က ထင်ဟပ် မျောလွင့်နေလေရဲ့။
(၃)
“လူဆိုတာ ဘာပဲလုပ်ချင် လုပ်ချင် မသေခင်ပဲ လုပ်နိုင်တာ။ သေတယ်ဆိုတာ အားလုံး အားလုံး ဘာမဆို အဆုံးကမ္ပတ် နိဂုံးသတ်တာပဲ။ အဲဒီတော့ လုပ်ချင်တာရှိရင် မသေခင်လုပ်ထား ဆိုတာကို ပိုပိုပြီး သဘောပေါက်နေတယ်။”
(လူထုအမေ၊ စာရေးဖြစ်တဲ့အကြောင်းရင်း … မှ)
မင်းဘူးကမ်းရောက်တော့ ဆရာကြီး ဦးမင်းနွယ် ဦးဆောင်တဲ့ စာပေရဲဘော်တွေဖြစ်တဲ့ မင်းမြင့်ဇင်၊ ဗဟိန်းအောင်၊ ဇော်သက်ထွေး၊ မောင်နီဦး၊ ဆက်နိုင်အောင်၊ ကိုကိုအေးတို့ စောင့်ကြိုနေကြတယ်။ အပြုံးကိုယ်စီကိုယ်ငှနဲ့ အနောက်မြေလတ်မှာ စာပေဟောပြောပွဲ မှတ်တိုင်တတိုင် စိုက်ထူကြဖို့ ရွှေဒေါင်းတောင် ကလောင်မျိုးတွေ နိုးကြားစို့။
ဒီနေ့ည ၇နာရီမှာ မင်းဘူးပွဲ၊ နောက်နေ့ ညမှာ မန်းရေနံမြေ အလုပ်သမားများရဲ့ ပွဲ၊ နောက်တနေ့မှာ ရွှေရောင်တော် ရေနံမြေ အလုပ်သမားများရဲ့ ပွဲ၊ ပြီးရင် မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေလို့ ဖွဲ့သီခဲ့တဲ့ ရှင်မဟာရဌသာရရဲ့ ရွှေစက်တော်သွား တောလားကို ခံစားကြည့်ကြမယ့် ခြေတော်ရာ ဘုရားဖူးခရီးစဉ်။
အဲဒီနှစ်ရဲ့ ထူးခြားမှုလေးတွေက ဟောပြောပွဲခန်းမကြီးရဲ့ အောက်ထပ်ခန်းမကြီးမှာ ဒီနေ့နာမည်ကြီးနေတဲ့ မင်းဘူးသား ပန်းချီဆရာ ကိုဝင်းဖေမြင့်တို့၊ ကိုတင်ဝင်းတို့၊ ကိုကျော်စိန်ဝင်းတို့ စတဲ့ မင်းဘူးသား ပန်းချီဆရာများရဲ့ ဆီဆေး ရေဆေး ပန်းချီကား အခင်းအကျင်းတွေ၊ မင်းဘူး စာပေဟောပြောပွဲကို နှစ်စဉ် အစဉ်အဆက် လာရောက်ခဲ့ကြတဲ့ စာရေးဆရာ ဆရာမများရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းများနဲ့ သူတို့ရဲ့ စာပေအနုပညာ လက်ရာများ တင်ဆက်ထားမှု၊ အပေါ်ထပ်ခန်းမကြီးမှာ ပြိုင်ပွဲဝင် စာမူတွေ၊ ဆုရစာမူများနဲ့ နံရံကပ်စာစောင်တွေ၊ ဒါတွေအားလုံးကို နေ့မအိပ် ညမအိပ် အလှဆင်သူက ကိုသိန်းနိုင် (ပန်းချီပန်းပု - ရန်ကုန် ကျောင်းဆင်း) က တာဝန်ယူခဲ့ရှာတယ်။ သူ့ဆေး၊ သူ့ချွေးနဲ့ သူ့အနုပညာ။ (လွမ်းမောဖွယ် နှစ်ကာလများ၊ နှစ်နှစ်ဆယ်ကျော်)
ဟောပြောပွဲ မစတင်မီ အမေတို့က ပြပွဲပြခန်းတွေ လိုက်ကြည့်ကြတယ်။ ကိုဝင်းဖေမြင့်ရဲ့ ကြက်ဖနှစ်ကောင် ခွပ်နေတဲ့ ဆီဆေးကားကို ရပ်သပ်ရှုမောကြည့်ပြီး ဆရာဦးခင်မောင်ရဲ့ နွားနှစ်ကောင် ခွေ့နေတဲ့ ပန်းချီကားကို မျက်စေ့ထဲက မထွက်ဘူးတဲ့။ ရိုးသားတဲ့ အနုပညာဆိုတာ ဒီလိုထူးခြား ရှင်းသန့် ပေါ်လွင်တယ်တဲ့။ ကျနော်တို့က ပန်းချီပြခန်းကြီး အ၀င်ဝမှာ ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော၊ ဒေါင်းအိုးတဝေေ၀နဲ့ တွန်စေကစေသော ဆိုပြီး ဆရာကြီး အဖိုးသခင်ကိုယ်တော်မှိုင်းရဲ့ ၆ပေ ၄ပေ ပန်းချီကားကြီးကို (ဒါလည်း ကိုသိန်းနိုင်ရဲ့ လက်ရာ) ချိတ်ဆွဲဆင်ယင် ရင်ပြင်ဆောင်းနှောင်း ဒေါင်းအလံဆိုတာ တောင်းပန်တဲ့ ပ၀ါဖြူ မဟုတ်ဘူးဟေ့ … ပေါ့။ ဒီမှာတင် ဆရာကြည်အောင်က “ကိုလွမ်း ဆရာကြီးပုံက ရေးထားတာ ကောင်းလိုက်တာကွာ” တဲ့၊ “တခုပဲ” တဲ့။ “ဘာလဲဆရာ” ပေါ့။ “ကောင်းကျိုးအထွေထွေနဲ့ ချွန်စေမြစေသော မဟုတ်ဘူးကွဲ့၊ ချွန်စေမြစေစောမှ မှန်တယ်။ ခု မြန်မြန် ပြန်ပြင်ရေးခိုင်းပါလား။ နို့မို့ လူငယ်တွေ အမှတ်လွဲ အယူလွဲနိုင်တယ်” တဲ့။ ကျနော့်မှာ ကိုသိန်းနိုင်ကို အပူတပြင်းရှာ၊ မောင်နီဦးတို့ကို အကျိုးအကြောင်း ပြောပြ။ ကိုယ့်ကိုယ်ကိုယ် ညံ့ညံ့ဖျင်းဖျင်း ကဗျာရေးသူမှန်း ၀န်ခံရတော့တယ်။
အခမ်းအနားကို စာဆိုတော်နေ့ အထိမ်းအမှတ် ပြိင်ပွဲဝင်စာမူများကို ဆုချီးမြှင့်တဲ့ အစီအစဉ်နဲ့ စပါတယ်။ အမေမာ၊ ဆရာကြည်၊ ဆရာကို တို့က ဆုများချီးမြှင့် ပေးကြပါတယ်။ အမေက မင်းပူးဆရာတော်ဘုရားကြီးရဲ့ ဇာတ်တော်ကြီး ဆယ်ဘွဲ့ကို ချီးပပူဇော် ဟောပြောပါတယ်။ မြန်မာစကားပြေ အရေးအသား၊ အဖွဲ့အနွဲ့၊ အပြေအချော သစ်လွင်လာမှုတွေ၊ စကားပြေအရာမှာ မင်းပူးဆရာတော်ဘုရားကြီးရဲ့ စကားပြေ အရေးအသား၊ စကား ပရိယာယ်၊ ကြွယ်ဝတဲ့ မြန်မာမှု ပြောစကား၊ ရေးစကား၊ ၀စန္န္နာလင်္ကာရ၊ ဥပမေရ၊ ကြောင်းကျိုးဆင်ခြင် တင်ပြပုံတွေကို စေ့စေ့ငုံငုံ ပြည့်ပြည့်စုံစုံ စစ်ပိုင်းခွဲခြားပြပါတယ်၊ ကြည်နူးပီတိဖြစ်ပြတယ်၊ ရတနာ အစစ်အမှန်ကို မှတ်ကျောက်တင်ပြတယ်။ မြန်မာစကားပြေ ကျေးဇူးကို ရိုကျိုးပြတယ်။ ဝေဿန္တရာ ဘာလဲ ဘယ်လဲ၊ ဇူဇကာ ဘာလဲ ဘယ်လဲ။ အဲဒါ မင်းပူးဆရာတော် ဦးသြဘာသရဲ့ ပေရွက်ပေါ်က စကားပြေ အနုသုခုမ မဟုတ်လားတဲ့။ ကဲ … ဘယ်သူတွေ အဲလို စဉ်းစား ခံစား ရှုမြင် ချဉ်းကပ် လေ့လာ ဆည်းပူး သုံးသပ် ဝေဖန်ခဲ့ပါသလဲ။ ကျနော့်မှာ ပါးစပ် အဟောင်းသား၊ ငါ ဘာမှ မသိပါလား၊ မသိသေးပါလား၊ ငါ အနုပညာဝမ်းစာ ချို့တဲ့လှချည့်လား၊ ငါ မင်းဘူးသားမှ ဟုတ်ပါလေစ၊ သူငယ်ချင်းကောင်း ယောက်ဖတို့ရေ …။
မှတ်မှတ်ရရ ဖြစ်တာလေး ပြောပြချင်သေးတယ်။ မင်းဘူးဟောပြောပွဲပြီးတော့ နောက်နေ့ မန်းရေနံမြေ။ နောက်တနေ့ ရွှေရောင်တော် ရေနံမြေဆိုပါတော့။ ရေနံမြေ အလုပ်သမားထုတွေထဲမှာ စာပေနဲ့ အကျွမ်းတ၀င်ရှိပြီး တော့်တော့်ကို စာပေအတွေ့အကြုံ များသူတွေ များပါတယ်။ ပညာရည် အတော်အသင့် မြင့်သူတွေ ပါပါတယ်။ အများစုက ချောက် စလေ ရေနံချောင်း မြန်အောင် ရန်ကုန်သား များကြတယ်။
ရွှေရောင်တော် ရေနံမြေမှာ အမေ ဟောပြောနေရင်းက အမေက ဦးလေးလှနဲ့ အမေတို့မိသားစု အကြောင်း စပ်မိစပ်ရာလေးတွေ ညှပ်ညှပ်ပြောပါတယ်။ ( ဘယ်ဟောပြောပွဲ နေရာဖြစ်ဖြစ် ကိုညိုနဲ့ ကိုဝင်းတင့်တို့က ကျုပ်က ဦးလှ ဒေါ်အမာ သားဗျ၊ ကျုပ်က လူထုတိုက်နဲ့ နီးစပ်ရင်းချာတဲ့ စာကြည့်တိုက်မှူးကွ” လို့ ၀ါတာ ကြွားတာ မတွေ့ရပါ။ ဟောပြောပွဲ စ ပြီဆိုတာနဲ့ သူတို့ကို နေရာချဖို့ လိုက်လိုက်ရှာရတဲ့ ကျနော့်ဒုက္ခကို သူတို့က မမြင်ရက်၊ သာမာန်ပြည်သူ၊ လူထုထဲက လူထုသားတွေ၊ နှစ်ကိုယ်ကြား စကားတိုးညှင်း၊ ပွဲခင်းနဘေးမှာ ကျုံ့ကျုံ့ပုံ့ပုံ့ ။)
အမေက ဟောရင်းပြောရင်း စကားလေးတခွန်း ပါသွားတယ်။ “ကျမသမီး သန်းရင်မာပေါ့လေ။ သန်းရင်မာက …” အမေ ခန ငြိမ်ဆိတ်သွားပြီး၊ “ကျမစကား လောသွားလို့ ပြင်ပြောပါရစေနော်။ စောစောကပြောတဲ့ ကျမသမီး ဆိုတာလေ၊ ဦးလှသမီး၊ ကျမတို့ သမီးပါ။ ဦးလှနဲ့ ကျမသမီးပါ။” ကျနော် ပရိတ်သတ်ကြီးကို တစေ့တစောင်း ငဲ့ကြည့်မိတယ်။ ကိုညိုတို့ကို ဖွေရှာ ကြည့်မိတယ်။ အဲဒီလို စကားအကြွင်းအကျန်လေးကိုတောင် အမှားမခံဘူး။ စာပေဟောပြောပွဲ လာရောက် နားထောင်သူတွေကို ယောင်ယောင်မှားမှား အဖြစ်မခံဘူး။ အဲဒါ လူထုဒေါ်အမာ ဆိုတာပဲ။
ငါ့ဘ၀မှာ စကားနောက် တရားပါတွေ များမှများလို့ တနင့်တပိုး မှတ်မှတ်သားသားဖြစ်အာင် ဆိုဆုံးမ သွန်သင်ပြခဲ့တာ အမေလူထု ဒေါ်အမာပါလား။ ဒါဟာ ပညာဉာဏ်ရင့်မာပြီး အမျှော်အမြင်ကြီးတာ၊ စကားနောက် တရားမပါတာ။ မောင်လွမ်းဏီမှာ အသိသညာနဲ့ အဘိဓမ္မာကို မရှိတာ၊ ရှင်းနေတာပဲ။ သေလိုက်တော့လို့ ပြောမယ့်သူရှိရင် ကြာပြီ။
ဆရာတက္ကသိုလ် မောင်စောလွင်က မန္တလေးနောက်ခံ မြန်မာစာသမိုင်းများအကြောင်း၊ ဆရာကြည်က ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီးတွေနဲ့ မြန်မာခေတ်စမ်းကဗျာများအကြောင်း၊ ဆရာကိုက မြန်မာ့ပညာရေးလောကနဲ့ လူမှုကဗျာများအကြောင်း၊ ဆရာမနုနုရည်က ဘ၀သရုပ်ဖော်၊ သရုပ်မှန် မြန်မာဝတ္ထုများအကြောင်းကို ဟောပြောခဲ့ကြတယ်။ ခန်းမပြည့် လာရောက် နားထောင်ကြတဲ့ စာဖတ်ပရိသတ်ကြီးဟာ စိတ်ဝင်တစားနဲ့ စိတ်ပါလက်ပါ မျောပါနေကြရဲ့။
ဒီလိုနဲ့ မင်းဘူးစာပေဟောပြောပွဲ ခရီးစဉ်ဟာ ချောမော အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။
မပြီးဆုံးတာကတော့ မင်းဘူးစာပေဟောပြောပွဲ ခရီးစဉ်နဲ့ ပတ်သက်ပြီး နောက်လထုတ် ချယ်ရီမဂ္ဂဇင်းမှာ ပါလာတဲ့ ပင်တိုင်ဆောင်းပါးရှင် စာရေးဆရာကြီးတဦးရဲ့ ဆောင်းပါးကြောင့်ပါပဲ။ ချယ်ရီမှာက ပင်တိုင်အခန်းဖွင့် ရေးနေတာတွေ ရှိပါတယ်။ ဆရာမင်းလှညွန့်ကြူးရဲ့ “ကဗျာအလှရှာပုံတော်” လို၊ ဆရာနတ်နွယ်ရဲ့ “တောအကြောင်း တောင်အကြောင်း” လို ပင်တိုင်ဆောင်းပါးမျိုးပေါ့။ ဆရာမောင်ခင်မင် (ဓနုဖြူ) တို့လည်း မြန်မာစာဆောင်းပါးတွေ ပင်တိုင်ရေးနေကြပါတယ်။ ဆောင်းပါးရှင်က ဆရာမောင်သစ် (ဦးကိုယု)ပါ။ ဆရာမောင်သစ်ကလည်း “ကျနော်ကြားဖူးသလို ပြောဆိုပါမည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သရော်စာ ပင်တိုင်ဆောင်းပါး ရေးနေတာပါ။ ဆရာမောင်သစ်က အဲဒီလ ချယ်ရီမှာ ရေးလိုက်တာက အထက်အညာက စာရေးဆရာမကြီးနဲ့ အဖွဲ့ဟာ နယ်စာပေဟောပြောပွဲတခုကို သွားရောက် ဟောပြောကြပါသတဲ့။ အဲဒီ့မြို့ကလေးက ခပ်ခြောက်ခြောက်၊ နွမ်းနွမ်းပါပါး၊ ရေနံမြေ အလုပ်သမားထု အခြေခံနေထိုင် တည်မှီကြတဲ့ မြို့ကလေးပါတဲ့။ စာပေစိတ်ကတော့ အတော့်ကို ရင့်သန်တဲ့ မြို့ပေါ့လေတဲ့။ စာရေးဆရာမကြီးနဲ့ အဖွဲ့ဟာ အဟောအပြောတွေက ကောင်း၊ အစဉ်အလာတွေလည်း ရှိ၊ သြဇာတိကမ္မကလည်း ကြီး ဆိုတော့ စာပေဟောပြောပွဲက အတော်အောင်မြင်ဆိုလားပဲပေါ့။ ဒါပေမယ့်ဗျာ ဆိုပြီး ရေးလိုက်ပါတော့တယ်။ (ဆောင်းပါးတပုဒ်လုံးရဲ့ အနှစ်ချုပ်ကို ရေးပြချင်တာပါ) အဲဒီစာရေးဆရာမကြီးနဲ့ အဖွဲ့ကို ဒေသခံ စာပေမြတ်နိုးသူတွေက အပြန်ခရီးမှာ ဒေသထွက် ပစ္စည်းလေးတွေနဲ့ လက်ဆောင်ပါးကြပါသတဲ့။ ဆရာမကြီးနဲ့ အဖွဲ့က အကြောက်အကန် ငြင်းဆန်ကြပါသတဲ့။ လက်ဆောင်တွေ ဘာတွေ လက်မခံတော့ ဒေသခံ စာပေရဲဘော်တွေလည်း စိတ်မကောင်း ဖြစ်ကြပေါ့တဲ့။ ဒီမှာတင် ရေနံမြေက စာရဲဘော်တွေက ဒီလိုဆို ဆရာမကြီးတို့ အပြန်ခရီးအတွက် ကား ၂စီးကို ဓာတ်ဆီ ၁၀ ဂါလံစီတော့ ထည့်ပေးပါရစေပေါ့တဲ့။ ဆရာမကြီးနဲ့ အဖွဲ့ဟာ ကျေကျေနပ်နပ်ကြီး အပြန်ခရီး နှင်သွားကြလေသတည်းတဲ့။ ဒေသထွက် လက်ဆောင်ပစ္စည်းလေးတွေကိုတော့ မဆောင်ကြဉ်း လက်မခံ၊ ဓာတ်ဆီတော့ လက်ခံယူ။ အပြင်ပေါက်ဈေးနဲ့ တွက်ကြည့်၊၊ ဓာတ်ဆီတဂါလံ ၃၀၀ ဆိုတော့ ဂါလံ ၂၀ ဆိုရင် ဘယ်လောက်ပေါ့လို့ ဈေးပါတွက်ပြပြီး ထေ့ထေ့ငေါ့ငေါ့၊ သရော်တော်တော် ရေးလိုက်ပါရော။
ဒီဆောင်းပါးဖတ်ပြီး ကျနော်တို့မှာ စိတ်မချမ်းမမြေ့ ဖြစ်ကြရတာပေါ့။ နောက် ၂ ရက် ၃ ရက်နေတော့ ကျနော့်အိမ်ကို ရေနံမြေက စာပေရဲဘော်တွေ ရောက်လာကြပါတယ်။ “ကဲ … ဆရာလွမ်း၊ ဒါကတော့ ရမ်းတုတ် မှန်းတုတ်တာပဲဗျ၊ စော်ကားတဲ့ အရိပ်အရောင် အငွေ့အသက်တွေ ပါနေတယ်။ အဖြစ်မှန်ကို ပြန်တုန့်ပြန် ရေးသားဖို့တော့ လိုလိမ့်မယ်လို့ ကျုပ်တို့ အကြံပြုချင်တယ်။” ကျနော်လည်း ရေးဖို့ စိတ်ကူးရှိပါတယ်ဆိုပြီး စံပယ်ဖြူမဂ္ဂဇင်းကနေ “ကျနော်ကြုံတွေ့သလို ပြောဆိုပါမည်” ခေါင်းစီးနဲ့ တုန့်ပြန်ဆောင်းပါး ရေးလိုက်ပါတယ်။
ကျနော်တို့က ဒီလို စာပေဟောပြောပွဲမျိုးကို ဘယ်လို အကန့်အသတ် အခက်အခဲတွေကြားက ကျင်းပခဲ့ရတာ၊ ဘယ်လို မကျွမ်းမကျင်တာတွေ အားနည်းခဲ့တာ၊ အထူးသဖြင့် ဆရာပြောသလို ဒေသထွက်ကုန် လက်ဆောင်ပစ္စည်းလေးတွေကိုတော့ ငြင်းပယ်ခဲ့ပေမယ့် ရေနံမြေ စာပေရဲဘော် အလုပ်သမားထုကြီးရဲ့ ဖြေရှင်းချက် သို့တည်းမဟုတ် သူတို့ရဲ့ ရိုးသားတဲ့ စိတ်နေစိတ်ထားကိုတော့ ဆရာနားလည်နိုင်မယ ထင်ပါတယ်။ တုန့်ပြန်ဖြေရှင်းရမယ့် ကိစ္စဖြစ်လို့ အလုပ်သမားတွေ အမေမာတို့ကို မေတ္တာရပ်ခံတဲ့ စကားတွေကို ဆရာကိုယ်တိုင် နားဆင်ကြည့်ပါ။ “အမေရယ်၊ ဒီဓာတ်ဆီဆိုတာ ကျနော့်တို့ သွေးတွေ၊ ချွေးတွေ၊ ဘ၀တွေထဲက တူးဖော် ညှစ်ထုတ် ရင်းလို့ရခဲ့တဲ့ ဘ၀ရဲ့ လောင်စာတွေပါ။ ဒါကိုမှ လက်မခံရင် ကျနော့်တို့ ဘ၀တွေ အပေါ်ထားတဲ့ အမေရဲ့ စေတနာ မေတ္တာတွေဟာ ကျနော်တို့အတွက် အချည်းနှီးတွေ ဖြစ်ကုန်တော့မှာပေါ့ အမေရယ်တဲ့။ ဘာကြောင့် ဓာတ်ဆီ ဂါလံ ၂၀ ထည့်ပေးလိုက်တာ၊ လက်ခံရယူသွားတာ ရှင်းမယ်ထင်ပါတယ်ပေါ့။ ကျနော်တို့က ဆရာ မောင်သစ်အပါအ၀င် စာပေဟောပြောပွဲတွေ၊ စာပေအနုပညာရှင်တွေနဲ့ စာပေချစ်မြတ်နိုးသူတွေ၊ လူထုတွေကို ခွဲခြားပိုင်းကန့်လို့၊ ခြိမ်းခြောက်ပြစ်တင်လို့ မရစကောင်းပါ၊ ဘယ်လို ဘုန်းကြီးတစ္စေတွေ ခြောက်ခြောက်၊ စာပေဟောပြောပွဲတွေ၊ စာပေလှုပ်ရှားမှုတွေက ရပ်တန့် ဆိတ်သုဉ်းသွားမှာ မဟုတ်သလို ထိပ်တိုက် ရင်ဆိုင်ဖို့အတွက်လည်း အမြဲတမ်း အသင့်ရှိနေတယ်လို့ ရေးလိုက်ပါတယ်။
ဆရာမောင်သစ်ကလည်း တဖန် မြတ်လေး (သူ့ညီမ မမြတ်လေး) မဂ္ဂဇင်းကနေ ပြန်ရေးပြန်ပါတယ်။ ရှေ့နေရှေ့ရပ် လေသံတွေနဲ့ပါ။ ကျနော်တို့ကလည်း ဒီထက်မကတဲ့ နိုင်ငံရေး ရပ်တည်ချက်တွေပါ ပြင်းပြင်းထန်ထန် ပြန်ရေးတဲ့အခါ ဆရာနတ်နွယ်တို့၊ ဆရာချစ်ဦးညိုတို့၊ ဆရာအောင်ဇင်မင်းတို့ရဲ့ ဖြန်ဖြေမှုတွေနဲ့ ပွဲက ပြီးခဲ့တယ်ဆိုပါတော့။ အမေမာ ဘာပြောခဲ့သလဲ။
“ငါ့သားတို့ ကိုယ့်အလုပ်ပဲ ကိုယ်အာရုံထားပါကွယ်” တဲ့။
၁၉၉၈ ခုနှစ် နိုဝင်ဘာလမှာ အမေ့ ၈၃ နှစ်မြောက် မွေးနေ့ ကျရောက်ပါတယ်။ ကျနော်က အဲဒီနှစ်မှာပဲ ကျနော့် စာပေရဲဘော်တွေနဲ့ ပူးပေါင်းပြီး အမှတ်တရ စာအုပ်လေး ထုတ်ပါတယ်။ “လူထုဒေါ်အမာ ၈၃ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်” စာအုပ်လေးပါ။ အဲဒီနှစ်က တောင်လေးလုံးမှာလည်း အမေက “၈၃ နှစ် ၈၃ ခွန်း” ဆိုတဲ့ စာအုပ်လေး ထုတ်ဝေပြီး မွေးနေ့လက်ဆောင် ဝေငှပါတယ်။ ကျနော်တို့ ထုတ်ခဲ့တဲ့ စာအုပ်လေးထဲမှာ ကျနော် ဒီလိုရေးခဲ့တာကို ကောက်နှုတ် ဖော်ပြလိုပါတယ်။
“လူထုဒေါ်အမာ လမ်းစဉ်ကို ကိုင်စွဲချီတက်ကြ ဆိုတဲ့ ကြွေးကြော်သံနဲ့ အခမ်းအနားတွေ လုပ်ကြတယ်။ အမှတ်တရ စာစုတွေ ထုတ်ကြတယ်။ ကဗျာတွေ ရွတ်ကြတယ်။ အမေ့ရဲ့ အသံဟာ လူထုကြီးရဲ့ အသံ။ အမေ့ရဲ့ စကားဟာ လူထုကြီးရဲ့ စကား။ အမေနဲ့ လူထုကြီးဟာ တဆက်တစပ်တည်း ဖြစ်တယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေထဲမှာ အမေလူထုဒေါ်အမာဟာ မြန်မာ့ယဉ်ကျေးမှု သင်္ကေတဆိုရင် မမှားဘူး။ လူထုဒေါ်အမာဆိုတဲ့ လူထုကြီးရဲ့သံမဏိခံတပ်ကြီး အမေဟာ ထာဝရရှင်သန်နေမယ်ဆိုတာ ကမ္ဘာ့သမိုင်း စာမျက်နှာမှာ ရေးထွင်းထားပြီး ဖြစ်တယ်။ ဒါကြောင့် လူထုဒေါ်အမာဆိုတဲ့ ပြည်သူက အပ်နှင်းထားတဲ့ အမည်ကို ရထားခြင်းဖြစ်တယ်။”
(၄)
“သားတို့ သမီးတို့ကို အမေပြောချင်တာက ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တခုကို မကျူးလွန်မိပေစေနဲ့။ မကျူးလွန်မိအောင် ချုပ်တည်းလို့ဖြစ်စေ၊ ရှောင်ရှားလို့ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ့်လိပ်ပြာက ကိုယ့်ပြန်နှောင့်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျမက အလွန်ဝန်လေးနေတတ်တယ်။”
(လူထုအမေ၊ ကိုဗဟိန်းသို့ စကားကြွေး … မှ)
၂၀၀၈ ဒီနှစ် ဧပြီ ၆ ရက်နေ့မှာ အမေဆုံးပါး ကွယ်လွန်သွားပါတယ်။ အမေရဲ့ ဆုံးပါးကွယ်လွန်ခြင်းဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုမျိုးဖြစ်သလို တိုင်းပြည်နဲ့ လူမျိုး၊ မြန်မာ့အနုပညာ နယ်ပယ်အသီးသီးအတွက် ကြေကွဲဖွယ်ရာ နစ်နာမှုကြီးပါ။ သို့ပေမယ့် ကျနော် အမေ့အတွက် ကျေနပ်ဂုဏ်ယူ နိုင်ခဲ့ပါတယ်။ မြင့်မြတ်သော ကွယ်လွန် ဆုံးပါးသွားမှုလို့ပဲ သတိသံဝေယူပါတယ်။
အမေ့မွေးနေ့ရောက်တိုင်း နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ ကျင်းပပြလုပ်ခဲ့တယ်။ ၂၀၀၀ ပြည့်နှစ်ကစပြီး အခမ်းအနားနဲ့ ကျင်းပလာခဲ့တာ ၈ နှစ်တိုင်တိုင် ရှိခဲ့ပါပြီ။ အမေဆုံးပါးပြီး နောက်နေ့မှာပဲ “မန်းတောင်ရိပ်ငို” ဆိုတဲ့ ခေါင်းစီးနဲ့ ကဗျာတပုဒ် မဇ္ဈိမ၀က်ဘ်ဆိုက်ကို ပို့လိုက်ပါတယ်။
“ပြည်ပက
သားတွေ သမီးတွေကို
အားကိုးပါတယ်လို့  ပြောသွားတဲ့
အမေ ပြောသွားတဲ့ စကားအတွက်
သမီး ရှက်လှပါတယ်အမေရယ်။”
နှင်းဆီ
မြနန္ဒာနဲ့ 
သင်္ကြန်ကိုလွမ်း
တမ်းတမ်းဆွတ်ဆွတ်
လူက
ပိတောက်ကဗျာ ဖြစ်နေရင်း
အမေ့သတင်းက၊ ရင်ဝထိုးခွဲ
သွေးက
အမေ့ရဲ့ သွေးတွေ။
အမေရယ် …
မန္တလာကို၊ မြန်မာပြည်ကို
လူထုကို၊ အောင်ဆန်းစုကြည်ကို
မင်းကိုနိုင်တို့ကို၊ အဝေးရောက်သားသမီးတွေကို
အားကိုး ယုံကြည်တယ်ဆို။
ချင်းတွင်း၊ ဧရာဝတီ
ရိုးမတကြော၊ သောလှုပ်မုန်တိုင်း
လှိုင်းတွေ ခုန်ပေါက်နေကြပြီ။
တောင်လေးလုံး
တောင်သမန်၊ မယ်ဇယ်ပင်တန်း
ငိုခန်းတွေ အခန်းဆက်
ရက်စက်တဲ့ ဇာတ်လမ်းရှည်
ကြေကွဲလို့ မဆုံး
စစ်မုန်းစိတ်က မိုင်ထောင်ရှည်။
သူရဲကောင်း လူထု
သွေးစုမယ့် နေရာ
အမေ ဖွေရှာတော့လေသလား။
သွေးမြေကျ သံဃာတော်တွေကို
လိုက်လံ ပူဇော်နေတာလား အမေ။
အနုပညာ
စာပေ အငြိမ့် သဘင်
မမြင်ရက်တော့ဘူးလား အမေ။
မြို့ရိုး ပြဿဒ်
ကျူံးတပတ်မှာ
ဆုံးဖြတ်သွားခဲ့တာလား အမေ။
အမေ မြင်ချင်တဲ့ ခေတ်
အမေ တွေ့ချင်တဲ့ စနစ်
ကျနော်တို့ ချစ်တယ်
ကျနော်တို့ခေတ်၊ သစ်ကို သစ်ရမယ်
ဖြစ်ကို ဖြစ်ရမယ်
ရောက်ကို ရောက်စေရမယ် အမေ။
အမေ
ရှက်နေဦးမည်
ဆက်မည် တိုက်ပွဲ
ယုံကြည် ခွဲရစ်ခဲ့ပါတော့။
မောင်လွမ်းဏီ (၇-၄-၀၈)
အမေ့ရက်လည်နေ့ ညမှာ အောက်မေ့ဂါရ၀ပြု အခမ်းအနားလေး ကျနော်တို့ ဒေါင်းရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ကြတယ်။ အဲဒီအခမ်းအနားမှာ ကျနော် ဒီလိုပြောခဲ့ပါတယ်။ “အမေမာ့အတွက် ဒီလိုပွဲမျိုး ကျင်းပဖို့ ဘယ်တော့မှ စိတ်ကူးမရှိသလို ကျင်းပလိုစိတ်လည်း မရှိပါဘူး။ ‘ရာကျော်သက်ရှည် တို့အမေ’ ဆိုပြီး အမေ့ မွေးနေ့ ရက်မြတ်တွေကိုပဲ အူလှိုက်သည်းလှိုက် တက်တက်ကြွကြွ နှစ်စဉ်ကျင်းပလိုတာပါ။ ဒါပေမယ့် အမေ့ရဲ့ ဂုဏ်ကျေးဇူး အထူးထူးကို ဆင်ခြင်အောက်မေ့စိတ်နဲ့ ရို့ကျိုးကော်ရော်လိုတဲ့အတွက် ဒီနေ့ ဒီညမှာ ကြေကွဲဖွယ် ဒီအခမ်းအနားကို ကျင်းပတာ ဖြစ်ပါတယ်” လို့ မှတ်မှတ်ရရ ပြောခဲ့ပါတယ်။
သို့ငြား အမေကား လူထုအမေကား ကျနော်တို့ရဲ့ တိုက်ပွဲချီတက်ရာလမ်းမှာ ဦးဆောင် ချီတက်နေမယ်ဆိုတာကို အကြွင်းမဲ့ မမှိတ်မသုန် ယုံကြည်ရင်း ကျနော်တို့နဲ့အတူ ထာဝရရှင်သန်လျက် ရှိနေမှာပါပဲ။
“အင်း … လူ့ဘ၀၊ လူ့ဘ၀ ဘယ်လို စိတ်ကောင်း စေတနာကောင်း ရှိရှိ၊ ဘယ်လို ကိုယ်ကျိုးစွန့်ပြီး ဘယ်လို အနစ်နာ ခံခံ၊ ဘယ်လို ကြိုးစားကြိုးစား၊ သူ့သမိုင်းနဲ့ သူ့အရုပ်က လှလှပပ တင့်တင့်တယ်တယ် ကျန်ရစ်တာ မှန်ပေမယ့် သေမင်းကိုတော့ မလွန်ဆန်နိုင်ကြဘူး။”
(လူထုအမေ၊ နှမြောတသ ယူကျုံးမရနဲ့ လွမ်းလောက်တဲ့ရေးဖော်တွေ … မှ)
အားလုံးရဲ့ ကိုယ်စား အမေ့ကို ကန့်တော့လိုက်ပါတယ်။ ။
မောင်လွမ်းဏီ
၆-၅-၂၀၀၈ (အမေကွယ်လွန်ခြင်း တလပြည့်)
No comments:
Post a Comment