Monday, May 26, 2008

နအဖစစ်အုပ်စု ကျူးလွန်နေတဲ့ ဧရာမ လူသတ်မှုကြီးမှာ ကုလသမဂ္ဂကိုယ်တိုင် ပါဝင်ပတ်သက်နေပြီလော

နအဖစစ်အုပ်စု ကျူးလွန်နေတဲ့ ဧရာမ လူသတ်မှုကြီးမှာ ကုလသမဂ္ဂကိုယ်တိုင် ပါဝင်ပတ်သက်နေပြီလော
မြင့်မိုရ်မီဒီယာ

မုန်တိုင်းဒဏ်သင့်ခဲ့ရတဲ့ မြန်မာပြည်သူတွေရဲ့ အသက်အန္တရာယ် သေရေးရှင်ရေး ဖြစ်နေချိန်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ စစ်အုပ်စုဟာ အလှူရှင် ညီလာခံကြီးကို ဆီဒိုနားဟိုတယ်မှာ ပျော်ပွဲရွှင်ပွဲများနဲ့ ကျင်းပခဲ့ပြီး မနေ့က ရန်ကင်း တမြို့နယ်လုံးကို မီးဖြတ်ထားခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်း မြန်မာနိုင်ငံကို လာမယ်ဆိုတာကြောင့် ရွက်ဖျင်တဲ အသစ်တွေကို လပွတ္တာမှာ အလုံး(၅၀)ကျော် မော်ကျွန်းမှာ (၁၈)လုံးနဲ့ ဘန်ကီမွန်း သွာနိုင်မယ့် နေရာတွေမှာ အနည်းငယ်စီ ချထားပြီး ဒုက္ခသည် အတုတွေကို ထည့်ထားကာ အင်တာဗျူးတွေ လုပ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဘန်ကီမွန်း လာတဲ့နေ့မှာပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူ (၁၀)ဦးကျော်ကို ဖမ်းဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ဘန်ကီမွန်း လာမှာဖြစ်တဲ့အတွက် စားစရာမရှိလို့ လမ်းပေါ် ထွက်တောင်းနေရတဲ့ မုန်တိုင်းခံရတဲ့ ပြည်သူတွေကို နေရပ်ရင်းတွေဆီ အတင်းအကြပ် ပို့ဆောင်ပြီး ရှင်းလင်းထားခဲ့ပါတယ်။ အတင်းအကြပ် ပို့ဆောင်ခံရသူတွေဟာ မအူပင် ကယ်ဆယ်ရေး စခန်းတွေကနေ လပွတ္တာနဲ့ ဘိုကလေးက နေရပ်ရင်းတွေကို သောက်ရေသန့် (၂)ဘူးစီနဲ့ အတင်းအကျပ် ပြန်လွှတ်တာ ခံရပါတယ်။ မုန်တိုင်းသင့် နေရာတွေမှာ အလောင်းတွေ ပြည့်နှက်နေပြီး သောက်သုံးရေ လုံးဝမရှိဘူးလို့ သိရပါတယ်။ မော်လမြိုင်ကျွန်းဘက်မှာ ရွာပေါင်း (၁၀၀)ကျော် ရှိတဲ့အနက် ရွာပေါင်း (၄၀)ကျော်က ပျောက်သွားပြီး မသေဘဲ ကျန်ရစ်သူ စုစုပေါင်းဟာ (၁၅)ဦးကနေ (၂၀)ကျော်သာ ရှိတယ်လို့ သိရပါတယ်။ ရွာသားတွေကို နီးစပ်ရာ ဆွေမျိုးများက မြို့ပေါ် သွားရောက်ခေါ်တင်ရာမှာ မြို့ပေါ်က လက်ခံသူတွေကိုပါ ဖမ်းဆီးထောင်ချမယ်လို့ ခြိမ်းခြောက်ပြီး လက်နက်ကိုင် စစ်တပ်တွေက သင်္ဘောတွေနဲ့ နေရပ်ရင်းကို ပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ ပြန်ပို့ရာမှာ ဆန်တပြည်၊ ရေသန့်နှစ်ဘူးနဲ့ ငွေ (၅၀၀၀)စီသာ ပေးပြီး မနေခဲ့ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် ရွာသားတွေဟာ ရေမရှိတဲ့ နေရာမှာ ကျန်ရစ်ခဲ့ရတယ်လို့ သိရပါတယ်။

ဟိုင်းကြီးကျွန်းနဲ့ ပြင်ခရိုင်ကျွန်းတွေက ကျေးရွာအုပ်စု တစုချင်းဆီမှာ နေစရာ အမိုးအကာမရှိ စားစရာမရှိ ဖြစ်နေကြပြီး ၀မ်းရောဂါနဲ့ ကူးစက်ရောဂါ ခံစားနေရသူ သောင်းနဲ့ချီ ရှိနေကာ ကူညီကယ်ဆယ်မယ့်သူ မရှိတဲ့ အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။ ဘန်ကီမွန်းဟာ စစ်အုပ်စု လိမ်လည်ပြသထားတဲ့ နေရာတွေကိုသာ ရဟတ်ယာဉ်နဲ့ သွားရောက်ကြည့်ရှုခဲ့ပြီး လူသူသွားလို့မရ ကူညီကယ်ဆယ်မယ့်သူမရှိလို့ အစာငတ်ပြီး ကလေးတွေ နေ့စဉ်သေဆုံးနေရတဲ့ နေရာတွေကိုတော့ သွားရောက်ကြည့်ရှုခြင်း မရှိဘူးလို့ သိရပါတယ်။ ပြင်ခရိုင် ဇီးကုန်းကျေးရွာအုပ်စု တခုထဲက ဒုက္ခသည်ဦးရေ (၁၀၁၃၅)ဦးဟာ နေစရာမရှိလို့ ကျောက်တောင်တွေပေါ်မှာ နေထိုင်နေကြရပြီး အဲဒီလို နေရာမျိုးတွေ အများအပြားကို ရှိနေတယ်လို့ သိရပါတယ်။ အဲဒီဒေသတွေကို ကယ်ဆယ်ရေး အကူအညီပေးသူများ သွားရောက်ဖို့ မလွယ်ကူတဲ့အပြင် သောက်ရေတွေကလည်း အလောင်းတွေကြောင့် မသန့်တဲ့အတွက် မိုးရေခံပြီး သောက်နေကြရတယ်လို့ သိရပါတယ်။

ဘန်ကီမွန်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဆွေးနွေးအပြီး ၂၅ ရက်နေ့ကစလို့ ဧရာဝတီတိုင်းအတွင်းကို ကယ်ဆယ်ရေးပစ္စည်းတွေ သွားပို့တဲ့ စေတနာဝန်ထမ်း အရပ်သားတွေရဲ့ ကားတွေကို အပြန်မှာ လှိုင်သာယာ တံတားထိပ်ကနေ ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုတွေ လှူတန်းနေကြတဲ့အတွက် အစိုးရဲ့ဂုဏ်သိက္ခာ ထိခိုက်ကြောင်း၊ နိုင်ငံတော်အား အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ ကားပိုင်ရှင်တွေကို အရေးယူမှာဖြစ်ကြောင်း အာဏာပိုင်တွေက ဖိအားပေး ပြောဆိုတယ်လို့ သိရပါတယ်။ အခုအခါ ဖမ်းဆီးခံရတဲ့ ကားပေါင်း အစီး(၂၀)နီးပါးရှိပြီး (၂၆)ရက်နေ့မှာတော့ ဧရာဝတီတိုင်းအတွင်းကို ကယ်ဆယ်ရေး ပစ္စည်းတွေ သွားပို့မယ့် စေတနာဝန်ထမ်း အရပ်သားတွေရဲ့ ကားတွေကို သွားလာခွင့် မပေးတော့ဘူးလို့ သိရပါတယ်။

နာဂစ်မုန်တိုင်းဒဏ်ခံ မြန်မာပြည်သူတွေရဲ့ အခြေအနေမှန်ကို ဘန်ကီမွန်း သိရှိစေဖို့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ အနုပညာရှင်တွေ စေတနာဝန်ထမ်းတွေက ဒုက္ခသည်တွေရဲ့ အစစ်အမှန် ဗွီဒီယိုခွေ (၈)ခွေကို ရန်ကုန်ရှိ ယူအန်ဒီပီရုံးသို့ တရားဝင် လက်မှတ်ထိုးပြီး သွားရောက်ပေးပို့ခဲ့ပေမယ့် ယူအန်ဒီပီရုံးက မုန်တိုင်းဒဏ်ခံ ပြည်သူတွေရဲ့ မှတ်တမ်းခွေတွေကို ဖျောက်ဖျက်ပစ်ခဲ့ပြီး အထားမှားနေတယ်လို့ ပြောကြားခဲ့ကြောင်း၊ ဒီ့အတွက် အဖြစ်မှန်ကို ဘန်ကီမွန်း သိမသိ ရမရ မသိရတော့ကြောင်း သွားရောက်ပေးပို့သူ အနုပညာရှင်တဦးက ပြောပြပါတယ်။

ဘန်ကီမွန်းဟာ ဆွေးနွေးပွဲအပြီးမှာ ကယ်ဆယ်ရေး သင်္ဘောတွေကို ဘန်ကောက် ဖူးခက်မှာပဲ ပစ္စည်းချဖို့ ပြောကြားခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွေဘက်ကနေ သူတာဝန်ယူကြောင်း ပြင်သစ်စစ်သင်္ဘောများထံ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံတကာအကူအညီ လက်ခံပြီလို့ သူ့ကို ကတိပေးခဲ့ကြောင်းလည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဘန်ကီမွန်းကို နိုင်ငံတကာ အကူအညီ လက်ခံမယ်လို့ ကတိပေးခဲ့တဲ့ စစ်အုပ်စုဟာ ဒီကနေ့ မေလ (၂၆)ရက်နေ့မှာလည်း နိုင်ငံတကာကလာမယ့် ကယ်ဆယ်ရေး လုပ်သားတွေ ဗီဇာတောင်းခံရာမှာ နှောင့်နှေးကြန့်ကြာအောင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးကို သူတို့ဘာသာ မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ ၀ါယာကြိုးက လောင်တယ်လို့ ပြောတဲ့ မီးဟာ ပတ်စပို့လုပ်တဲ့ နေရာကနေ သံရုံး အပေါ်ပိုင်းတခုလုံး လောင်သွားခဲ့ပါတယ်။ အခုလို အဖြစ်မျိုး ဘန်ကောက်သံရုံးမှာ ဖြစ်လေ့မရှိတဲ့အတွက် ဒီမီးလောင်မှုဟာ ဗီဇာတွေထုတ် ပေးရတော့မယ့် အခြအနေကို ကြန့်ကြာအောင် တမင်သက်သက် လုပ်ခဲ့ခြင်းသာ ဖြစ်နိုင်တယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တိုင်းဟာ မြန်မာပြည် အခြေအနေ ဆိုးဝါးနေတိုင်း စစ်အုပ်စုဘက်နေ ကြားဝင် အကူအညီပေးနေတဲ့ သဘောမျိုး ဖြစ်နေတာကို အနှစ်(၂၀)အတွင်း မြန်မာနိုင်ငံကိုလာတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေရဲ့ လုပ်ကိုင်ပုံအရ ထင်သာမြင်သာ တွေ့ရတယ်လို့လည်း လေ့လာသုံးသပ်သူများက ပြောဆိုနေပါတယ်။ နိုင်ငံရေးအရ ကြားဝင်ရတဲ့ အခြေအနေ မဟုတ်ဘဲ သဘာဝဘေး ကြုံနေရတဲ့ မြန်မာပြည်သူတွေကို အမြန်ကယ်ဆယ်ရမယ့် အခုလိုအချိန်မှာ စစ်အုပ်စုက ဘန်ကီမွန်းကိုခေါ်ပြီး အချိန်ဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ အသက်ရှင်ရပ်တည်မှုဟာ ရက်ပေါင်း (၂၀)ကျော်လာတဲ့အချိန်မှာ အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဘန်ကီမွန်းအနေနဲ့ သန်းနဲ့ချီရှိနေတဲ့ မြန်မာပြည်သူတွေရဲ့ မျက်နှာကိုမထောက်ဘဲ ကူညီကယ်ဆယ်မယ့် သင်္ဘောတွေကို စစ်အုပ်စု အလိုကျ ပြန်သွားဖို့ ပြောဆိုနေတာဟာ ရက်စက် ကြမ်းကြုတ်ပြီး ပြည်သူလူထုကို နေ့စဉ်နဲ့ အမျှသတ်ဖြတ်နေတဲ့ တရားမ၀င် စစ်အုပ်စုအကြိုက် လုပ်ပေးသလို ဖြစ်နေတဲ့အတွက် အခုလို ဧရာမလူသတ်မှုကြီးထဲမှာ ကုလသမဂ္ဂကိုယ်တိုင် ပါဝင်ပတ်သက်နေပြီလောဟု ပြည်တွင်းရှိ လူအများက မေးခွန်းထုတ်လာကြကြောင်း ကြားသိရပါတယ်။

No comments: