ဂျပန်ရောက် ကျောင်းသားတစ်ဦး
ဓာတ်ပုံ - မိုးသောက်ကြယ်ဘလော့ဂ်
ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးတွင် ဧပြီ(၂၆)ရက်နေ့က မဲပေးခွင့်ရခဲ့သူ တစ်ဦးအနေနှင့် ကျနော်၏ အတွေ့အကြုံကို အများသိအောင် ဝေမျှလိုပါသည်။ သံရုံးအ၀တွင် တစ်နေကုန် မဲပေးခွင့်ရမလား စောင့်ဆိုင်းနေခဲ့သော်လည်း သံရုံးမှ လုံးဝတံခါးဖွင့်မပေးသဖြင့် မဲပေးခွင့် မရခဲ့ပါ။ စောင့်ဆိုင်းနေချိန် ရုန်းရင်းဆန်ခတ် ကိစ္စများကတော့ အများသိပြီး ဖြစ်ပါသည်။ သို့ပါ၍ ကျနော်တို့အဖွဲ့သည် တနင်္ဂနွေနေ့ကျမှ ထပ်လာကြည့်ကြရန် ဆုံးဖြတ်ပြီး ညစာ အတူသွားစားကြပါသည်။
ညစာ စားသောက်နေချိန် ည ၈နာရီခန့်တွင် မဲပေး၍ ပြန်လာသော မိတ်ဆွေမှ သံရုံးက မဲလာပေးသူများကို လက်ခံ၍ မဲပေးခွင့်ပြုနေကြောင်း၊ (မှတ်ချက် - မဲပေးလာသူ မိတ်ဆွေမှာ ပတ်စပို့ အစိမ်းကိုင် ၀န်ထမ်းဖြစ်သည်) ၀န်ထမ်းပတ်စပို့ အစိမ်းကိုင်ဖြစ်ပါက အကြောင်းကြားစာ မပါသော်လည်း မဲပေးခွင့်ပြုနေကြောင်း၊ ပတ်စပို့အနီ ကိုင်ဆောင်သူများတော့ မဲပေးခွင့် ရမရ မသိကြောင်း၊ အကြောင်းကြားစာ ပါပါက ပေးခွင့်ရနိုင်ကြောင်း၊ ညဥ့်နက် ၁၁နာရီ ၁၂ခန့်ထိ သံရုံးဖွင့်ထားမည်ဖြစ်ကြောင်း ပြောကြားလာပါသည်။
သိုဖြင့် ကျနော်တို့လည်း လူစုံအောင်စောင့်၍ မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ညကြီးမိုးချုပ်၌ မြန်မာသံရုံးသို့ မဲပေးရန် သွားကြပါသည်။ အံ့အားသင့်ဖွယ်ရာပင် သံရုံးမှ တံခါးဖွင့်ပေး၍ မဲပေးခွင့် ပြုခဲ့ပါသည်။ ကျနော့်အထင် ပတ်စပို့ အစိမ်းကိုင် ၀န်ထမ်းများဖြစ်သဖြင့် ထောက်ခံမည့်သူများဟု ယူဆကာ ကြိုဆိုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကမ္ဘာတွင် ဘယ်မှာမှ မရှိသော ညကြီးမိုးချုပ် သန်းခေါင်ရောက်ခါနီးတွင် မဲပေးရခြင်း ဖြစ်ပေသည်။ မဲပေးရသည်မှာ သံရုံးဒုတိယထပ်တွင် ဖြစ်ပါသည်။ မြေညီထပ်မှ လှေကားဖြင့် တက်သွားပြီး အပေါ်ရောက်ရောက်ချင်း Lobby ရှိ ဆက်တီတွင် သံအမတ်ကြီးနှင့် အဖွဲ့ထိုင်နေပါသည်။ ထိုနံဘေး လှေကားဖြင့် တည့်တည့်တွင် မဲပေးမည့်သူများ အထောက်အထား ဖြည့်စွက် မဲလက်မှတ် ထုတ်ရာနေရာ ရှိပါသည်။ မဲလက်မှတ် ထုတ်ပြီးလျှင် ညာဖက်ခြမ်း အခန်းထဲရှိ ဆန္ဒမဲပြုရန် နေရာတွင် မဲခြစ်ရပါသည်။ ဆိုင်ဘာကဖေးရှိ ကွန်ပျူတာတင်ရာ အကန့်များကဲ့သို့ ကာထားသော နေရာတွင် မဲဖြည့်ပေးထားသော စာအိတ်ထဲထည့်ပြီး အပြင်တွင် ချထားသော မဲပုံးထဲ ထည့်ရပါသည်။
အထောက်အထားပြ မဲလက်မှတ် ထုတ်နေချိန်နှင့် မဲလက်မှတ် မဲပုံးထဲ ထည့်ချိန်တို့တွင် ဗီဒီယို မှတ်တမ်းတင်နေသည်ကို သတိပြုမိပါသည်။ ကြည့်ရသည်မှာ သံရုံးဝန်ထမ်းများ အလုပ်လုပ်သည်ဆိုသော သက်သေအဖြစ် မှတ်တမ်းတင်သည်ဟု ထင်သည်။ မဲပေးရာ နေရာတွင်တော့ လုံခြုံမှုရှိသည်ဟု ပြောလို့ရပါသည်။ သံရုံးဝန်ထမ်းများမှာ ထိုအချိန်က သံအမတ်ကြီးရှေ့မို့လားမသိ ပျူပျူငှာငှာ ရှိပါသည်။ သို့သော် အခင်းအကျင်းနှင့် Atmosphere မှာ သီးသန့် မဲလာပေးခွင့် ရသောသူများ (အထူးသဖြင့် ၀န်ထမ်းများ) သံရုံး၏ ပြေပြစ်သော ဆက်ဆံမှု၊ သံအမတ်ကြီး၏ စောင့်ကြည့်မှုတို့ဖြင့် ရှိန်သွားပြီး ထောက်ခံမဲ အပြည့်ရရန် ရည်ရွယ်ပုံ ရပါသည်။
အခြားသူများ အဆိုအရ ထမင်းစားပါဦးလားဟုပင် ပြောကြောင်း သိရပါသည်။ အခြား ပတ်စပို့ အနီကိုင် သူငယ်ချင်း တစ်ယောက်မှာလည်း အကြောင်းကြားစာ ရရှိ၍ ပတ်စပို့ အစိမ်းကိုင် မိတ်ဆွေများနှင့်အတူ မဲပေးခွင့် ရခဲ့သည်ဟု သိရှိရသည်။ အကြောင်းကြားစာရှိ နံပါတ်နှင့် သံရုံးမှ စာရင်းတို့ တိုက်စစ်ပြီး ပတ်စပို့ပင် ပြရန်မလိုပါ။ အခြားကြားသိရသော သတင်းများအရ ဟော်တယ်များ၊ ချိန်းဆိုထားသော နေရာများတွင် ၀န်ထမ်းများ အုပ်စုလိုက် မဲပေးနိုင်အောင် ဆောင်ရွက်ပေးနေသည်မှာ အမှန်ဖြစ်သည်ဟု ယူဆရပါသည်။ တနင်္ဂနွေနေ့တွင် လူလည်းပိုများပြီး ပွဲပိုကြမ်းမည်ဟု ခန့်မှန်းရပါသဖြင့် စနေနေ့ညပိုင်းတွင် ထောက်ခံမဲ ရနိုင်သည်ဟု ယူဆရသော ၀န်ထမ်းများထံမှ ရသလောက်ယူရန် စီစဉ်သည်ဟု ထင်ပါသည်။ ကျနော်တို့ အဖွဲ့ကတော့ အများစု ကန့်ကွက်မဲ ပေးခဲ့ကြသည်။ တရားဝင် မဲပေးရက်ကို ၂၆၊ ၂၇ နှစ်ရက် သတ်မှတ်ထားပေမယ့် လကုန်အထိ မဲလာပေးလို့ ရပါတယ်၊ သူငယ်ချင်းများကို ပြောလိုက်ပါဟု သံရုံးဝန်ထမ်းမှ မှာနေပါသည်။ ကမ္ဘာတွင် ဘယ်မှာမှ မရှိသော ညကြီးမိုးချုပ် မဲပေးရသော အတွေ့အကြုံ ဖြစ်ပါသည်။
အမှန်တရားအတွက် …
ဂျပန်ရောက် ကျောင်းသားတစ်ဦး
Sunday, April 27, 2008
မဲပေးခွင့်ရခဲ့သူ တစ်ဦး၏ အတွေ့အကြုံ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment