ဒေါက်တာလွဏ်းဆွေ
(အသံ) ကလေးငယ်များ စာအံနေသံ (၁၅)စက္ကန့်မျှ
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားငယ် သမီးငယ်လေးတွေ စာအံနေကြတာ ဖြစ်ပါတယ်။ ဂျေအေစီဘီအေလို့ခေါ်တဲ့ မြန်မာပြည်သူများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီက ကမကထပြု တည်ထောင် ဖွင့်လှစ်ထားတဲ့ ‘နေ့သစ်’ ကျောင်းကလေးမှာပါ။ မြန်မာပြည်ရဲ့ အနာဂတ်ကို ချစ်မြတ်နိုးတဲ့သူတွေ စုပေါင်းပြီး ကျားကုတ်ကျားခဲ ထူထောင် ဖွင့်လှစ်ထားတဲ့ မူလတန်းကျောင်းကလေး ဖြစ်ပါတယ်။
ကျနော် အဲဒီကျောင်းကလေးကို စရောက်ဖူးကာစက ကျောင်းကလေးက ခြေတံတို တဲကလေးသာသာရယ်ပါ။ အကန့်နှစ်ကန့် ခွဲထားတဲ့ အဲဒီတဲကလေးထဲမှာ မူကြိုအဆင့်ကနေ ၄တန်းအထိ ပညာသင်ကြားပေးနေတာကို တွေ့ရပါတယ်။ ဆရာတွေက လစာမရကြဘဲ ဂျေအေစီဘီအေ အလုပ်သမားအဖွဲ့က ထောက်ပံ့တဲ့ ရိက္ခာနဲ့ ၀မ်းရေး ဖြည့်တင်းပြီး ကလေးငယ်တွေကို အခမဲ့ ပညာသင်ကြား ပေးနေကြတာပါ။ ကျောင်းကလေးထဲကို ကြည့်ရင် ဆရာ၊ ဆရာမတွေကလည်း ခပ်နွမ်းနွမ်း၊ ကလေးငယ်ကလေးတွေကလည်း ခပ်နွမ်းနွမ်းပါပဲ။
အခုတော့ စေတရှင် အန်ဂျီအိုအဖွဲ့တဖွဲ့ရဲ့ အကူအညီနဲ့ သွပ်မိုး အုတ်နံရံကာ အဆောက်အဦး ကလေးထဲမှာ ကလေးငယ်တွေ ပညာသင်ကြားခွင့် ရနေကြပါပြီ။ ကလေးငယ်တွေကို မနက်တိုင်း ကျောင်းကဆရာတွေက တုတ်တုတ်ခေါ် တွန်းလှည်းကလေးနဲ့ သူတို့နေထိုင်ရာ အလုပ်သမား တန်းလျားတွေဆီကို သွားကြိုရတယ်လို့ ဆိုပါတယ်။ ကျောင်းသားမိဘ အများစုက ထိုင်းနိုင်ငံမှာ တရားမ၀င်နေထိုင်ရင်း စက်ရုံအလုပ်ရုံတွေမှာ မိုးလင်းမိုးချုပ် အလုပ်လုပ် နေကြရသူတွေပါ။ အဲဒီလို သူတပါးတိုင်းပြည်မှာ နိုင်ငံမဲ့ဖြစ်နေရရှာတဲ့ မြန်မာကလေးငယ်တွေဟာ မိဘတွေ အလုပ်သွားခိုက်မှာ ကလေးခိုးတဲ့ ဂိုဏ်းတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတတ်တယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေကို အဲဒီလို အန္တရာယ်တွေနဲ့ ကင်းဝေးပြီး အနိမ့်ဆုံးအဆင့် စာရေးတတ် ဖတ်တတ်အောင် တနိုင်တပိုင် ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆရာတွေက ပြောပြကြပါတယ်။ ကလေးတွေကို ဓာတ်ပုံရိုက်ပေးရင် စကားစမြည် ပြောဆိုကြည့်ရတာ ကြည်နူးစရာပါ။ ပီတိဖြစ်တာနဲ့ တပြိုင်နက်တည်းမှာ သူတို့တတ်သလောက် မှတ်သလောက် ပြောပြတာတွေကို နားထောင်ရတဲ့ ခံစားမှုတွေကလည်း ရင်နဲ့အမျှပါပဲ။
လေးနှစ်အရွယ် မူကြိုကျောင်းသားလေးတဦးကို သားသားဖေဖေနဲ့ မေမေက ဘာလုပ်လဲလို့ ကျနော်မေး ကြည့်တဲ့အခါ အခုလို မပီကလာ ပီကလာ ဖြေကြားပါတယ်။
‘သားသားဖေဖေက ပြောင်းချိုးတယ်၊ သားသားမေမေက အိမ်မှာနေတယ်၊ သားသားမမက ကော်ရုံသွားတယ်’
သားသား ကြီးလာရင်ကော ဘာလုပ်မလဲလို ဆက်မေးကြည့်တော့ စစ်သားလုပ်မယ်လို့ မဆိုင်းမတွ ဖြေကြား ပါတယ်။ သူပွဲသွားရင်း စစ်သားတယောက်ကို တွေ့လို့ပါတဲ့။
‘စစ်သားလုပ်မလို့ သားတို့ပွဲသွားတာ စစ်သားတကောင် တွေ့သွားတယ်’
ဆက်မေးတဲ့ မေးခွန်းတွေကိုတော့ ကလေးငယ်လေးက အကြာကြီး စဉ်းစားနေတဲ့အတွက် ၇နှစ်အရွယ် တတန်းကျောင်းသူလေးဘက်ကို လှည့်ပြီး ကျနော် မေးကြည့်ဖြစ်ပါတယ်။
‘နွေဦးဝေ၊ အဖေက ပန်းရံလုပ်တယ်။ အမေက ဈေးရောင်းတယ်’
သူက ကြီးလာရင် ဆရာမကြီး လုပ်ပါမယ်တဲ့။ သူနေတဲ့ တန်းလျားမှာ ဖယောင်းတိုင်မီးနဲ့ စာကျက်ရပေမယ့် စာမေးပွဲမှာတော့ ပထမရတယ်လို့ သူက ပြောပြပါတယ်။ သူမှာ မွေးချင်း မောင်နှမသုံးယောက် ရှိပုံကိုလည်း အခုလို ချစ်စဖွယ် ပြောပြပါတယ်။
‘ရွာမှာတယောက်၊ ဒီမှာတယောက် သမီးအကြီးတယောက်၊ သမီးအကြီးပဲ၊ မောင်လေးက ဟို ရွာကမောင် လေးက ကြီးလှပြီ၊ ဒီကမောင်လေးက မနေ့ ဟိုး အကြာကြီးမှ မွေးတာ’
အသက် ဆယ့်တနှစ်အရွယ် လေးတန်းကျောင်းသားလေး မောင်ရီဝေယံကတော့ သူ့ကိုယ်သူ မိတ်ဆက်ပြီး သူ့ရဲ့မိသားစုအကြောင်းကို အခုလို ပြောပါတယ်။
‘မောင်ရီဝေယံ၊ သုံးယောက်၊ မိန်းကလေး တယောက်က သေသွားပြီ။ မောင်နှမက ယောင်္ကျားလေး နှစ်ယောက်ပဲ ကျန်တော့တယ်။ သားရယ်၊ သားညီလေးရယ်။ အဖေကကျတော့ တောင်ယာလုပ်တယ်။ ဆေးဖြန်းတယ်။ ပြောင်းချိုးတယ်။ ပြောင်းစိုက်တယ်။ ပဲစိုက်တယ်။ အမေကကျတော့ အိမ်မှာ ကလေးရှိတော့ ကလေးက တနှစ်ကျော်ကျော် တနှစ်ခွဲပဲ ရှိသေးတော့ အမေက ကလေးကြည့်ရတယ်’
သူကြီးလာရင်တော့ ဆားပုလင်းနှင်းမောင်လို စစ်သားတယောက် ဖြစ်ချင်ပြီး သူ့မိဘတွေကို အလုပ်အကျွေး ပြုရင်း ကာကွယ်ချင်လို့ပါတဲ့။ တဆက်တည်းမှာပဲ သူ့မိဘတွေရဲ့ မလုံခြုံတဲ့ ဘ၀ကို အခုလို ပြောပြပါတယ်။
‘စစ်သားပဲ ဖြစ်ချင်တယ်။ ဒီ ဆားပုလင်းနှင်းမောင်လိုပေါ့။ မိဘတွေကိုလည်း ကာကွယ်ချင်တယ် အဲဒါ။ မိဘ တွေကိုလည်း လုပ်ကျွေးချင်တယ် အဲဒါ။ လက်မှတ်လည်း မရှိဘူး။ အဲဒါ လေးငါးခါလောက် ဖမ်းဖူးတယ်။ အဲဒီတုန်းကတော့ သား ဒီကို မရောက်သေးဘူး။ ဟို ရွာမှာပဲ ရှိသေးတယ်။ သားကို ထားခဲ့တယ်။ သား ဒီကို ရောက်လာတော့ နှစ်ခါသုံးခါလောက် အဖမ်းခံရတယ်။ ဟိုဒင်း အဒေါ်တွေလည်း ရှိတယ်။ တခါတလေကျရင် အဖေ့တယောက်တည်း ဖမ်းသွားလို့ရှိရင် အမေနဲ့နေတယ်’
သူဟာ ထိုင်းနိုင်ငံမှာ ကြီးပြင်းတာ ကြာပြီဖြစ်တဲ့အတွက် ထိုင်းစကားလည်း ပြောတတ်နေပြီ ဖြစ်ပါတယ်။ မြန်မာလို တစ်ကနေ တဆယ်အထိကို ထိုင်းစကားနဲ့ အခုလို ရွတ်ပြပါတယ်။
‘နှုန်င်၊ စောင်င်၊ စမ်၊ စီ၊ ဟာ့၊ ဟုတ်က်၊ ကျေတ်၊ ပဲတ်၊ ကောက်၊ စစ်ပ်’
သူ့ဘ၀မှာ မိဘတွေရဲ့ နိမ့်ကျတဲ့ဘ၀တွေကို ဆားပုလင်းနှင်းမောင်လုပ်ပြီး ကာကွယ်စောင့်ရှောက်ဖို့ သန္နိဌာန်ချထားပုံကိုလည်း ခံစားမှုအပြည့်နဲ့ အခုလို ပြောဆိုပါတယ်။
‘စာမေးပွဲအောင်အောင် ကြိုးစားရဦးမယ်။ ကိုယ့်ရည်မှန်းချက်တော့ မသိသေးဘူး။ ဖြစ်မလား မဖြစ်လား တော့’
သားသားကြီးလာရင် မိဘတွေကိုကူပြီး တောင်ယာ မလုပ်ချင်ဘူးလားလို့ မေးတဲ့အခါမှာတော့ သူမလုပ်ချင် ဘူးလို့ အခုလို ဆက်ပြောပြပါတယ်။
‘ဟင့်အင်း မလုပ်ချင်ဘူး။ သူများဆီမှာ ကျွန်ခံရလို့၊ ဒီကြားထဲ တခါတလေကျရင် သူတို့က လယ်မှာလုပ်ခိုင်းပြီး ပိုက်ဆံမရှင်းပေးသေးဘူး၊ အဲဒါ နောက်နေ့ကျမှ ရှင်းခိုင်းရင် ရှင်းပေးတယ်။ အဲလိုမျိုး၊ အဖေတို့ကကျတော့ လစာတွေပြတ်တယ် အဲဒါ။ တရက်တရက်နဲ့ သူတို့က သူဌေးတွေက မေ့မေ့ မေ့မေ့ပြီးတော့ မပေးဘူး။ အဲကျတော့ လုပ်အားခတွေက ပျောက်ပျောက် ပျောက်ပျောက်နဲ့ အဲလိုတွေဖြစ်နေတယ်။ မပြောရဲဘူး’
အလုပ်ရှင်တွေက သူ့မိဘတွေကို လုပ်ခလစာ ဘာကြောင့်မပေးမှန်း သူမသိပေမယ့် ရွာမှာနေထိုင်စဉ်က သူတို့အနေနဲ့ လုံခြုံမှုမရှိခဲ့ပုံကို သူသိသလောက် ကရားရေလွှတ် ဆက်ပြောပါတယ်။
‘မသိဘူး၊ သူတို့ဘာသာ သူတို့ကတိမေ့တာလား ဘာလား မသိဘူး၊ မပေးချင်တာလား၊ တချို့အိမ်တွေမှာ ကျတော့ အရက်မူးပြီးလို့ရှိရင် လူတွေကို နှင်ထုတ်၊ နောက်နေ့ကျရင် လိုက်ခေါ်၊ နှင်ထုတ်လိုက် လိုက်ခေါ်လိုက် အဲဒီလို လုပ်ကြတယ်။ အနိုင်ကျင့်တယ်။ တချို့ကျတော့ ပုလင်းတွေနဲ့ ရိုက်ခွဲကြတယ်။ သေတာတွေလည်း ရှိတယ်၊ ရှင်တာတွေလည်း ရှိတယ်၊ တချို့ဆိုရင် တောထဲမှာ ၈နာရီကျော်ရင် မထွက်ရဘူးတဲ့။ တောထဲတွေ ဘာတွေ၊ ဗမာဖြစ်ဖြစ် ရှမ်းပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အကုန်သတ်မယ်တဲ့၊ သားတို့ ရပ်ကွက်ကတော့ ဘာမှမဖြစ်ဘူး။ တခြားရပ်ကွက်က ည ၈နာရီကျော်လို့ရှိရင် မရဘူး အကုန်သတ်ပစ်တယ်’
တခါက သူ့အဖေရဲ့မိတ်ဆွေ တောင်ယာအလုပ်သမားတွေ ကြက်ခိုးစားလို့ သူတို့မိသားစု ဒုက္ခရောက်ရပုံ ကိုလည်း သူမှတ်မိသလောက် ပြန်ပြောင်းပြောပြပါတယ်။
‘တခါကျတော့ သားတို့အိမ်ကတော့ မဟုတ်ဘူး၊ တခြားအိမ်က လူကြီးတွေ ကြက်ခိုးစားတယ်။ တခြားအိမ်က ကြက်ခိုးပြီး သားတို့အိမ်ကို လာပြီး ခိုးစားတယ်။ သားတို့ အဖေတို့ကတော့ မပါဘူး။ ညပိုင်း သားတို့အဖေတို့ ကြက်သံကြားတယ်။ အဲဒါ ကြက်တွေပဲ အော်တာပဲဖြစ်မယ် ဆိုပြီးတော့ အဲဒါမနက်ခင်းကျတော့ ကြက်ပျောက်လို့ဆိုပြီး သူဌေးက ဒီအိမ်က၊ သားတို့အိမ်ကို ကြက်နှစ်ကောင် ခိုးလာတော့ တကောင်က ကျန်နေခဲ့တယ်။ တကောင်က စားပစ်တယ်။ အဲဒါ ကြက်တွန်သံကြားတော့ သူဌေးက လိုက်လာခဲ့တာ။ အဖေ မပါဘူး၊ အဖေက မခိုးစားဘူး၊ တခြားလူတွေ ခိုးစားတာ။ အဲကျတော့ သူတို့ကို ပိုက်ဆံမပေးရင် သတ်မယ်လို့ ပြောတာ။ မင်းတို့ကို သတ်မယ်လို့ ပြောတာ။ အဲကျတော့ ပိုက်ဆံပေးတဲ့ ဆိုပြီးတော့ တောင်းတာ၊ ပိုက်ဆံ မပေးနိုင်သေးဘူး။ လိုက်ရှာရတယ်၊ သားတို့ အမေကြီးကလည်း နားတောင်းတွေ ချွတ်ပြီး ပေါင်ပေးရတယ်။ သူတို့ကို၊ သူတို့အသက်နဲ့၊ အဖေကြီးကတော့ ဘာမှမဖြစ်ဘူး။ အဖေကြီးလည်း လိုက်ရှာပေးရတယ်။ သားတို့ သူဌေးမဟုတ်ဘူး။ တခြားသူဌေးတွေ’
မြန်မာအလုပ်သမားတွေရဲ့ ကလေးငယ်တွေက သူတို့ရဲ့ ဘ၀ပေး အသိအမြင်တွေကို တတ်သလောက် မှတ်သလောက် ပြောပြခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံမဲ့ဖြစ်နေရတဲ့ သူတို့လေးတွေရဲ့ စိုးရိမ်ချက်တွေ၊ အကြောက်တရားတွေက ထုထည်ကြီးမားလွန်းလှပြီး အဲဒီပြဿနာကြီးကို ကုစားဖို့အတွက် အချိန်များစွာ ယူရဦးမှာပဲ ဖြစ်ပါတယ်။
(အသံ) စာအံသံများနဲ့ ဆုံး
ဒေါက်တာလွဏ်းဆွေ
(အသံဖိုင်ကို နားဆင်လိုပါက www.dvb.no အပတ်စဉ်ဆောင်းပါး ကဏ္ဍတွင် ရှာဖွေနားဆင်းနိုင်ပါသည်)
Thursday, April 24, 2008
တွယ်ရာမဲ့ ဘ၀များ (၉)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment