Saturday, April 5, 2008

လေဖြတ်ချင်တဲ့ မောင်တော်ရွှေ (ဟာသ)

ကြပ်ပြေး-နတ်ကလေး

တနေ့သ၌ အာဏာရူးကြီး ဗိုလ်သန်းရွှေက နေပြည်တော်ဟု အလွန်အမင်း စိတ်မနှံ့စွာ ရူးကြောင်ကြောင် ခေါ်ဝေါ် သမုတ်တော်မူခဲ့လေသော လွင်တီးခေါင် ကုန်းပြောင်ပြောင် ဒေသသို့ မြို့စောင့်နတ်၊ နယ်စောင့်နတ် ဒေ၀ဒါအသစ် တပါးအဖြစ် အကျွန်ုပ် ကြပ်ပြေး နတ်ကလေး တကိုယ်တည်း ထရန်စဖာ မလုပ်ချင်ဘဲ လုပ်ခဲ့ရလေ၏။ အထက်ထက် နတ်မင်းအပေါင်းက အွန်ဂျူတီနှင့် လွှတ်သည်ဆိုတော့လည်း လာဘ်လာဘ အောက်ဆိုက်ငွေတွေ ပေါပေါကြွယ်ကြွယ် ရနေသည့် နယ်ဟောင်း ပယ်ဟောင်းက သံယောဇဉ်တပြုံတမကို ဖုတ်ဖက်ခါပြုကာ ထွက်လာခဲ့ရသည်ပ။ အဆောက်အအုံ ကျိုးတိုးကျဲတဲနှင့် ဖုန်တသောသော မြေနီတောကို ဆိုက်ရောက်ပြီးသည့်နောက် နယ်သစ်ပယ်သစ်၏ ဂျီအိုပိုလစ်တစ် အနေအထားကို လေ့လာရန် အလို့ငှာ နတ်ကလေး တကိုယ်တည်း ကိုယ်ယောင် ဖျောက်တော်မူပြီး သကာလ ကြပ်ပြေးတခွင် ပြဲပြဲစင်အောင် လမ်းသလားတော်မူလေ၏။

ဟိုငေး သည်ငေး လမ်းသလားတော်မူရင်း ဆေးနံ့မပြယ်သေးသည့် အဆောက်အအုံသစ် တခုထဲကို ကိုယ်ယောင် ဖျောက်ကာ နတ်ကလေး ၀င်ကြည့်တော်မူမိ၏။ အထဲတွင် ၀န်ထမ်းဝတ်စုံကိုယ်စီနှင့် ငုတ်တုတ်ထိုင် မှိုင်တွေတော် မူနေကြကုန်သော ပုရိသ ကိုကို၊ ဣတ္ထိယ မမ အပေါင်းတို့ကို တွေ့ရလေ၏။ တချို့မမများက လက်ကိုင်ပုဝါလေး များနှင့် မျက်နှာကို အုပ်ကာအုပ်ကာ တရှုံ့ရှုံ့ ငိုကြွေးတော်မူနေကြ၏။ တချို့မမတွေက ငိုကြွေးနေသူတွေ၏ နံဘေးမှနေ၍ ‘ညီမလေး တိတ်တိတ်၊ တော်နေကြာ ဟိုသေနာတွေ စစ်ဆေးရေးဝင်တာနဲ့ တိုးလို့ တွေ့သွားပြီး အလုပ်ဖြုတ် ထောင်ချနေဦးမယ်’၊ တချို့က ‘တိတ်ပါအမရယ်၊ အိမ်ကို လွမ်းတာလည်း လွမ်းတာပေါ့၊ တော်ကြာ ဟို သေချင်းဆိုးမသာတွေ တွေ့သွားလို့ ဒုက္ခလှလှ တွေ့နေပါဦးမယ်’ဟု နှစ်သိမ့်အားပေးစကား ပြောကြားတော်မူ နေကြသံတွေကို နတ်ကလေး ကြားနေရလေ၏။ ကိုကိုပုရိသ တချို့ကမူ ကုလားထိုင်တွင် ငုတ်တုတ်ထိုင်ပြီး နှပ် တသွင်သွင် ညှစ်ကာ တောက် တခေါက်ခေါက်နှင့် ဖြစ်နေကြလေ၏။ ပုရိသ တချို့ကမူ မထူးရှော့ခင်းသည့် အနေ နှင့် အလုပ်မလုပ်ဘဲ ချဲထိုင်တွက်ကာ အနုနည်းနှင့် ဆန္ဒပြတော်မူနေကြလေ၏။ ပုရိသ ကိုကိုတယောက်ကမူ ‘မိုး ကောင်းတုန်း ရွာထားနှင့်ဦးပေါ့ကွာ’ဟု မကျေမနပ်သံနှင့် ကြိမ်းဝါးကာ အတင်းအဓမ္မ မိုးရွာခိုင်းတော်မူနေ၏။

ကြပ်ပြေး နတ်ကလေးလည်း ကိုကို ပုရိသ၊ မမ ဣတ္ထိယတို့၏ မှိုင်တွေ ငိုကြွေးသံတွေကို မကြားရက်သည်က တကြောင်း၊ ပုရိသ ကိုကိုတယောက် ရွာခိုင်းတော်မူနေသော မိုးမိမည်ကို စိုးရွံ့သည်က တကြောင်းကြောင့် အဆိုပါ အဆောက်အအုံ အတွင်းမှ တိတ်တဆိတ် လှည့်ထွက်ခဲ့လေ၏။ စိတ်လေလေနှင့် လမ်းဆက်သလားနေရင်း တနေရာ အရောက်တွင် နန်းတော်တမျှ ကြီးကျယ် ခမ်းနားလှသော အဆောက်အအုံ တခုကို တွေ့ရ၍ စူးစမ်းလိုစိတ်ကယ် နှင့် ဒိုင်လျှိုကလေး ၀င်ကြည့်တော်မူမိ၏။ လုံခြုံရေး စစ်သားများ အထပ်ထပ် ချသည်မှာ နတ်ဖြစ်၍ပင် တော်သေး တော့၏။ လူဆိုလျှင်ကား ဘယ်အပေါက်ကနေ ခိုးဝင်ရမည်မှန်း နတ်ကလေး သိမည်မဟုတ်။ လုံခြုံရေးတွေ အထပ်ထပ်ကြားမှပင် နတ်ကလေး တခန်းဝင် တခန်းထွက် လှည့်လည် ကြည့်ရှုနေမိ၏။ မြေအောက် ခပ်နက်နက်ထဲရှိ သားသားနားနား ရုံးခန်းကြီး တခုထဲသို့ အရောက်တွင်ကား ကိုယ်မျက်စိကိုယ် မယုံနိုင်လောက်အောင်ပင် နတ်ကလေး တော်တော် အံ့သြသွားလေ၏။ အလို … နတ်ကလေးတို့ မြန်မာပြည်ကို အလုံးစုံ ဖျက်ဆီးတော်မူနေသော အာဏာရူးကြီး ဗိုလ်သန်းရွှေပါကလား။ ဟုတ်မှဟုတ်ရဲ့လားဟု နတ်ကလေး မျက်စိအခါခါ ပွတ်ကြည့်မိလေ၏။ အို … ဟုတ်သမှ … ဟုတ် ဟုတ် ဟုတ်ဟုတ်နှင့်တောင် နေပေဦးတော့မည်။ အဘယ့်ကလိုကြောင့် ဤလိုမြေအောက် ခန်းထဲတွင် ဗိုလ်သန်းရွှေတယောက် လာရောက် ပုန်းအောင်းတော်မူနေပါလိမ့်ဟု နတ်ကလေး စဉ်းစားခန်းဝင်မိရင်း သူ၏နံဘေး မနီးအဝေး တနေရာတွင် ကိုယ်ယောင်ဖျောက်ကာ ရပ်ကြည့်နေမိ၏။

ဗိုလ်သန်းရွှေသည် ကုလားထိုင်တွင် ခြေပစ်လက်ပစ်ထိုင်ပြီး စစ်ဖိနပ်ဝတ်ထားသည့် ခြေထောက်အစုံကို စားပွဲပေါ် တင်ထားလေ၏။ ထိုသို့နေရင်း မေးစေ့ကို လက်နှင့်ပွတ်ကာ မျက်မှောင်ကြုတ်ပြီး အသံတိတ် အကြံထုတ်နေ၏။ ထိုစဉ် ပီအေဖြစ်ပုံရသည့် စစ်ဗိုလ်ကလေးတဦး ကုတ်ကုတ် ကုတ်ကုတ်နှင့် ၀င်လာပြီး စကားတခွန်းကို တိုးညှင်းစွာ ဆိုလေ၏။ ပီအေကလေးက ‘ဘာအလိုရှိပါသေးလဲ အရှင်ဘုရား’ဟု လက်အုပ်ချီကာ လျှောက်တင်လေ၏။ ဗိုလ်သန်းရွှေက ‘အိမ်း … ငါကိုယ်တော်မြတ် လေဖြတ်တော်မူချင်တယ်’ဟု မိန့်တော်မူလေရာ ပီအေကလေးခမျာ အဖြေစကားပင် မပြောကြားတော့ဘဲ သုတ်ခနဲ အပြင်သို့ ထွက်ပြေးတော်မူလေ၏။ ဗိုလ်သန်းရွှေကတော့ မလှုပ်မယှက်ပင် အကြံထုတ်မြဲထုတ်နေ၏။

မုတ်ဆိတ်မွေး တပင်နှုတ်စာခန့် အကြာတွင် အခန်းအတွင်းသို့ ဒေါ်ကြိုင်ကြိုင် အမှူးပြုသော နောက်တော်ပါ ဆရာဝန်ကြီး၊ ဆရာဝန်ကလေးများ အလောသုံးဆယ် ၀င်ရောက်လာကြပြီး ဗိုလ်သန်းရွှေ၏ ရှေ့တော်မှောက်တွင် ဒူးထောက် လက်အုပ်ချီကာ အမိန့်တော်မြတ်ကို စောင့်ဆိုင်းတော်မူနေကြလေ၏။ ခဏအကြာမှ ဗိုလ်သန်းရွှေက လှုပ်တော်မူလာပြီး ‘အဘယ်ကလိုဖြစ်လို့ ၀ရုန်းသုန်းကား ဆူညံဆူညံနဲ့ ရောက်တော်မူလာကြတာတုန်း နှမတော် ကြိုင်လေးရဲ့။ လျှောက်တင်တော်မူစမ်း’ဟု မိန့်ကြားတော်မူလေ၏။ ဗိုလ်သန်းရွှေ၏ စကားဆုံးသည်နှင့် ဒေါ်ကြိုင် ကြိုင်က ‘မှန်လှပါမောင်တော်ဘုရား၊ အခုလေးတင် မောင်တော်ဘုရား ယုံကြည်စိတ်ချတော်မူတဲ့ ပီအေကလေးက မောင်တော်ဘုရား လေဖြတ်ချင်တဲ့အကြောင်း သတင်းပို့တော်မူလို့ နှမတော်ကြိုင်လေးလည်း ပါရဂူတွေပင့်ပြီး စိုးရိမ်တကြီး အမောတကော ပြေးလာရခြင်းပါဘုရား’ဟု နန်းစတော့ပ် လျှောက်တင်လေ၏။ ထိုအခါ ဗိုလ်သန်းရွှေ ပြန်လည်မိန့်ကြားသည့် စကားတော်ကို နာကြားပြီး ဒေါ်ကြိုင်ကြိုင်နှင့် ပါရဂူဆရာဝန်ကြီးတွေအပေါင်း ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြလေ၏။ ဗိုလ်သန်းရွှေ မိန့်ကြားတဲ့ စကားတော်ကတော့ ‘တယ် … ရာရာစစ ငါကိုယ်တော်မြတ် ဒီလောက်တောင် ဒေါင်ဒေါင်မြည် ကျန်းမာသန်းစွမ်းနေတာ လေဖြတ်စရာလားကွဲ့၊ နမော်နမဲ့ မတော်မတည့်တွေ လုပ်ကြတော့မယ်၊ ငါကိုယ်တော်မြတ် လေဖြတ်ချင်တယ်လို့ မိန့်ကြားတော်မူတာက တိုင်းသူပြည်သား တွေ ငါ့အား တော်လှန်ပုန်ကန်သမှုပြုအောင် ဘီဘီစီ၊ ဗွီအိုအေ၊ အာရ်အက်ဖ်အေ၊ ဒီဗွီဘီက လွှင့်ထုတ်တဲ့ မိုးလုံးပြည့် မုသာဝါဒအသံတွေကို ငါကိုယ်တော်မြတ်အုပ်ချုပ်တဲ့ တိုင်းပြည်ထဲအထိ သယ်ဆောင်တော်မူလာတဲ့ လေလှိုင်းတွေကို ဖြတ်တောက်ပစ်ချင်တယ်လို့ မိန့်တော်မူတာကွဲ့၊ တယ် … ငါ ကိုယ်တော်မြတ် ရွှေစိတ်တော်မဆိုးခင် မြန်မြန် ထွက်သွားတော်မူကြစမ်း’ ဟူသတည်း။

ကြပ်ပြေး-နတ်ကလေး

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)

No comments: